ပခုက္ကူခရိုင် “အညာတမာ” စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် ၅၀ ဦး သေဆုံး
ဩဂုတ် ၁၅
The Kaladan Post
ပခုက္ကူခရိုင်အတွင်း စစ်ကောင်စီတပ်က မေလမှစတင်ပြီး အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး လှုပ်ရှားနေသဖြင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများက “အညာတမာ” စစ်ဆင်ရေးအဖြစ် စုဖွဲ့ကာ ခုခံတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဇွန်လဆန်းပိုင်းကစပြီး မြိုင်နဲ့ ပေါက်မြို့နယ်အတွင်း ကျေးရွာလမ်းကြောင်းတွေမှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၃၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၅၀ ဦး သေဆုံးကာ အများအပြား ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေဘက်က လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သလို လက်နက်မဲ့ အလင်းဝင်ရောက်လာသူ ၄ ဦးကိုလည်း သက်ဆိုင်ရာမိသားစုတွေနဲ့ ချိတ်ဆက်ပြီး နေရပ် အသီးသီးကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တစ်ဖက်မှာ စစ်ကြောင်းထိုးမှုတွေအတွင်း ပေါက်နဲ့ မြိုင်မြို့နယ်ရှိ ကျေးရွာ ၁၁ ရွာက နေအိမ် ၃၀၀ ခန့် မီးရှို့ဖျက်ဆီး ခံရပြီး အရပ်သား ၂၄ ဦး သေဆုံးခဲ့တယ်လို့ “အညာတမာ” အင်အားစုက စွပ်စွဲထားပါတယ်။
အဆိုပါ တိုက်ပွဲတွေမှာ ဒေသတွင်း PDF အဖွဲ့တွေ၊ ပခုက္ကူခရိုင်တပ်ရင်းတွေ၊ BPLA၊ PLA၊ ABSDF နဲ့ အခြားတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေမှာ စစ်ကြောင်းများ ဖြတ်သန်းသွားလာနိုင်တဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိရှိ နေထိုင်ကြဖို့နဲ့ စစ်မှုထမ်းဥပဒေအောက်မှာ အတင်းအကျပ် ပါဝင်နေရတဲ့ လူငယ်တွေ အခက်အခဲကြုံတွေ့ရပါက နီးစပ်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နိုင်ကြဖို့ “အညာတမာ” ဘက်က တိုက်တွန်းထားပါတယ်။
#ပခုက္ကူခရိုင် #အညာတမာစစ်ဆင်ရေး #မြိုင်မြို့နယ် #ပေါက်မြို့နယ် #မကွေးတိုင်း

မြစ်ခြေတွင်ဖမ်းဆီးထားသည့် ပျူစောထီး ၂ဦး ထွက်ပြေးကာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခံရ
ဩဂုတ် ၁၅
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပျူစောထီးအဖွဲ့ဝင် ၂ ဦးက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးပမ်းပြီး ပြန်လည်ခုခံခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။ ဩဂုတ် ၁၄ ရက် မနက် ၄ နာရီခန့်မှာ တာဝန်ကျရဲဘော်တွေ အလစ်အငိုက်ဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး အဆိုပါ ၂ ဦး ထိန်းသိမ်းထားရာနေရာကနေ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်း လိုက်လံရှာဖွေရာမှာ ပြန်လည်တွေ့ရှိခဲ့ပြီး ဖမ်းဆီးဖို့ ကြိုးပမ်းစဉ် ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ အဖွဲ့က ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုရှိန်းက ပြည်သူလူထု သိရှိနိုင်စေရန် တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
#မြစ်ခြေမြို့နယ် #ပခုက္ကူခရိုင် #ဧရာဒေါင်းPDF #ပျူစောထီး #မကွေးတိုင်း

SCEF နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ဒုတိယအကြိမ်တွေ့ဆုံ၊ SCEF အဖွဲ့ဝင်အဖြစ် ပါဝင်ရေး ဆွေးနွေး
ဩဂုတ် ၁၅
The Kaladan Post
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ကြားကာလ စစ်ကိုင်း ဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ လွှတ်တော်တို့ ဩဂုတ် ၁၃ ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး SCEF ရဲ့ စုဖွဲ့မှုမှာ ပါဝင်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ SCEF က ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုအတွင်း SCEF ရဲ့ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်မှုမူဘောင်နဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်အဆိုပြုချက်တွေကို ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးမှုတွေကို အပြုသဘောဆောင်စွာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်ရှိနေသေးတဲ့ အသေးစိတ်အချက်အလက်တွေကို တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပြီး SCEF နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ရဲ့ ပထမဆုံးသီးခြားတွေ့ဆုံမှုကို မေလ ၁၃ ရက်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
SCEF ဟာ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးဖက်ဒရယ်ယူနစ်တွေက အစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူတွေ အပြင် SRA၊ မွန်နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေနဲ့ AA အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ SCEF ကို KIO၊ KNU၊ CNF၊ KNPP၊ NUG နဲ့ CRPH စတဲ့ အဖွဲ့ ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင်အသစ်တွေ ထပ်မံ ပူးပေါင်းပါဝင်လာရေးကိုလည်း ဆက်လက်ကြိုးပမ်းသွားမယ်လို့ SCEF က အသိပေးထားပါတယ်။
#SCEF #စစ်ကိုင်းဖက်ဒရယ်ယူနစ် #ဖက်ဒရယ်ဒီမိုကရေစီ #နွေဦးတော်လှန်ရေး #မြန်မာ့နိုင်ငံရေး

PDF တပ်ရင်းများအတွက် ဒေါ်လာ ၃၆ သန်းကျော် ထောက်ပံ့ထားကြောင်း NUG ပြောဆို
ဩဂုတ် ၁၅
The Kaladan Post
၂၀၂၁ ခုနှစ် မေလကစပြီး လက်ရှိအချိန်အထိ PDF တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် ထောက်ပံ့မှု ၃၈ ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄၈ သန်း သုံးစွဲခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီထောက်ပံ့ငွေထဲက ဒေါ်လာသန်း ၃၀ ကျော်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာအထိ PRF အစီအစဉ်ကနေ ရရှိတဲ့ ဘဏ္ဍာငွေတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်း ဖွဲ့စည်းထားတဲ့ PDF တပ်ရင်း၊ တပ်ဖွဲ့နဲ့ စစ်ကြောင်း ၃၆၀ ကျော်ကို ထောက်ပံ့ပေးထားပြီး ၂၀၂၆ ခုနှစ်ကစပြီး တစ်ကြိမ်ထောက်ပံ့ငွေကို ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်အထိ တိုးမြှင့်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၃၆ ကြိမ်မြောက် ထောက်ပံ့မှုကစပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထဲက တိုက်ခိုက်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေကိုလည်း ထောက်ပံ့မှုတွေ တိုးချဲ့ပေးနေတယ်လို့ NUG က ပြောပါတယ်။
လက်ရှိတော်လှန်ရေးဟာ အဆုံးအဖြတ်ကာလကို ရောက်ရှိနေပြီလို့ဆိုပြီး PRF အပါအဝင် NUG ရဲ့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းတွေမှာ ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ပါဝင်ကူညီပေးကြ ဖို့လည်း တိုက်တွန်းထားပါတယ်။
#NUG #ကာကွယ်ရေးဝန်ကြီးဌာန #PDF #PRF #မြန်မာ့အရေး

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး အမေရိကန်တောင်းဆိုချက်ကို တရားဥပဒေအရသာ ဆောင်ရွက်မည်ဟု စစ်တပ် တုံ့ပြန်
ဩဂုတ် ၁၅
The Kaladan Post
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ အမေရိကန်အစိုးရနဲ့ အထက် လွှတ်တော်ဘက်က တောင်းဆိုထားမှုအပေါ် စစ်ကောင်စီဘက်က တရားစီရင်ရေးလုပ်ငန်းစဉ်နဲ့ ဥပဒေစိုးမိုးရေးအခြေခံမူတွေအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ ရက်နေ့က တွေ့ဆုံခွင့်ရခဲ့တာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဘက်က ကြိုဆိုကြောင်း ပြောဆိုထားပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့တာကို စစ်ကောင်စီဘက်ကတော့ တရားဥပဒေအရသာ ဆောင်ရွက်နိုင်မယ်လို့ ပြန်လည်ပြောဆိုထားပါတယ်။
စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမဲမသမာမှု၊ အဂတိလိုက်စားမှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြစ်မှုတွေကြောင့် အရေးယူထားတာဖြစ်တယ်လို့ ဆိုပေမယ့် အဆိုပါအမှုတွေဟာ စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးအရေးယူမှုတွေဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ဆက်လက်ရှိနေပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုရှုထောင့်အရ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုတွေ ပြုလုပ်ထားတယ် လို့ စစ်ကောင်စီဘက်က ပြောဆိုပြီး ခြွင်းချက်မရှိ လွှတ်ပေးရေးကိစ္စကတော့ တရားဥပဒေနဲ့အညီသာ ဆုံးဖြတ်နိုင်မယ်လို့ ထပ်မံအခိုင်အမာ ပြောထားပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေမှာ အပြုသဘောဆောင် ပူးပေါင်းသွားဖို့ မျှော်လင့်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စဟာ နှစ်နိုင်ငံအကြား ဆက်လက်ဆွေးနွေးရမယ့် အရေးကြီးတဲ့ နိုင်ငံရေးကိစ္စတစ်ရပ် ဖြစ်နေပါတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။
#ဒေါ်အောင်ဆန်းစုကြည် #အမေရိကန် #ICRC #မြန်မာ့နိုင်ငံရေး #နိုင်ငံရေးသတင်း

မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း သင်တန်းအပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ
ဩဂုတ် ၁၅
The Kaladan Post
Myingyan Black Tiger (MBT)၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ကျင်းပခဲ့ပြီး သင်တန်းသား ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ တပ်ရင်းဘက်က ဩဂုတ် ၁၅ ရက်မှာ အသိပေးထားပါတယ်။ အဆိုပါ သင်တန်းကို ရက်ပေါင်း ၉၀၊ သုံးလကြာ ပြုလုပ်ခဲ့ပြီး စစ်နည်းဗျူဟာ၊ ထောက်လှမ်းရေး၊ နိုင်ငံရေးအတွေးအခေါ်နဲ့ လက်နက်အဖြုတ်အတပ်ဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ် ပြန်ကြားရေးတာဝန်ခံ ကိုဂျက်ဖီလ်က The Kaladan Post သို့ ပြောဆိုထားပါတယ်။ သင်တန်းကာလအတွင်း စစ်နည်းဗျူဟာ ပညာရပ်တွေ ၊ ထောက်လှမ်းရေး ပညာရပ်တွေ ၊ နိုင်ငံရေးအတွေးအခေါ်ပညာရပ်တွေနဲ့ သေနတ်အဖြုတ်အတပ် ပညာရပ်တွေကို ပူးတွဲ သင်ကြားပေးခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် သင်တန်းကာလအတွင်း ထူးချွန်ခဲ့တဲ့ တပ်စု၊ တပ်စိတ်နဲ့ ရဲဘော်တွေကို ဆုချီးမြှင့်ခဲ့သလို ရဲဘော်တွေအတွက် လိုအပ်တဲ့ စစ်ဝတ်တန်ဆာနဲ့ ပစ္စည်းတွေကိုလည်း ဖြည့်ဆည်းပေးခဲ့တယ်လို့ သိရပါတယ်။ သင်တန်းဆင်းပြီးနောက်မှာ MBT အနေနဲ့ မန္တလေးတိုင်း မြင်းခြံခရိုင်နဲ့ မကွေးတိုင်း မြိုင်မြို့နယ်တို့မှာ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတယ်လို့ ဆက်လက် ပြောဆိုထားပါတယ်။
Myingyan Black Tiger (MBT)တပ် ပြန်ကြားရေးတာဝန်ခံ ကိုဂျက်ဖီလ်က စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို အကောင်အထည်ဖော်နိုင်ဖို့ လက်ရှိအချိန်မှာ စစ်ရေးအရ အဆုံးအဖြတ်ရရှိရေးက အရေးကြီးတယ်လို့ The Kaladan Post ကို ပြောဆိုထားပါတယ်။
တပ်ရင်းအနေနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးကို ရည်မှန်းပြီး မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်ခိုင်မာအောင် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
#မြင်းခြံခရိုင် #MyingyanBlackTiger #MBT #တော်လှန်ရေးအင်အားစုများ #ဖက်ဒရယ်ဒီမိုကရေစီ
