ဇူလိုင် ၉၊ ၂၀၂၆
The Kaladan Post
အီတလီနိုင်ငံတောင်ပိုင်း ကာလာဘရီယာ (Calabria) ဒေသဟာ ကျူးဘားအစိုးရရဲ့ ဆရာဝန်စေလွှတ်တဲ့ အစီအစဉ်ကို ရပ်ဆိုင်းဖို့ အမေရိကန်ရဲ့ ပြင်းပြင်းထန်ထန် ဖိအားပေးမှုကို မျက်ကွယ်ပြုပြီး ကျူးဘားဆရာဝန်တွေကို ဆက်လက်ငှားရမ်းနေတယ်လို့ သိရပါတယ်။ အီတလီနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသဖြစ်တဲ့ ကာလာဘရီယာမှာ ဆရာဝန်ရှားပါးမှုကြောင့် ဆေးရုံတချို့ ပိတ်ရမယ့်အခြေအနေနဲ့ ကြုံနေရချိန်မှာ ကျူးဘားဆရာဝန် ၂၀၀ ကျော်ဟာ ၂၀၂၃ ခုနှစ်ကတည်းက လာရောက်ကူညီပေးနေတာ ဖြစ်ပါတယ်။ ပိုလီစတီးနား (Polistena) ဆေးရုံရဲ့ အကြီးအကဲ ဒေါက်တာ ဖရန်စက်စကို မော်စချဲလာ (Francesco Moschella) က ကျူးဘားဆရာဝန်တွေ မရောက်လာခင် အခြေအနေကို “အဲဒီတုန်းက တကယ့်ကို ကပ်ဘေးဆိုက်နေတာပါ။ အရေးပေါ်ဌာနတစ်ခုလုံးကို ကျွန်တော်တစ်ယောက်တည်း ဖွင့်ထားခဲ့ရတာပါ” လို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရကတော့ ဒီအစီအစဉ်ကို ကျူးဘားဆိုရှယ်လစ်အစိုးရအတွက် ငွေရှာပေးနေတဲ့ နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ပြီး “လူကုန်ကူးမှုပုံစံတစ်မျိုး” လို့တောင် စွပ်စွဲထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က ကျူးဘားအစိုးရဟာ ဆရာဝန်တွေရဲ့ လစာအများစုကို ဖြတ်တောက်ထားပြီး နိုင်ငံခြားငွေရှာဖို့ အသုံးချနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ အခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ အမေရိကန်သံတမန်တွေဟာ ကာလာဘရီယာဒေသ အုပ်ချုပ်ရေးမှူး ရောဘတ်တို အိုချီယူတို (Roberto Occhiuto) ကို လာရောက်တွေ့ဆုံပြီး ကျူးဘားအစား တခြားနိုင်ငံက ဆရာဝန်တွေကို ရှာဖွေဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူး အိုချီယူတိုကတော့ အမေရိကန်သံအမတ်ကို “ကျွန်တော့်အနေနဲ့ ဆေးရုံတွေကို ဖွင့်ထားဖို့ လိုအပ်သလို လက်ရှိရောက်နေတဲ့ ကျူးဘားဆရာဝန်တွေကိုလည်း သူတို့ရဲ့ တာဝန်တွေမှာ ဆက်ထားဖို့ပဲ ဆုံးဖြတ်ထားပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီအစီအစဉ်အရ ကာလာဘရီယာဒေသဟာ ကျူးဘားအစိုးရနဲ့ တိုက်ရိုက်စာချုပ်မချုပ်ဘဲ ဆရာဝန်တစ်ဦးချင်းစီနဲ့သာ စာချုပ်ချုပ်ဆိုပြီး သူတို့ရဲ့ အီတလီဘဏ်အကောင့်ထဲကို လစာတိုက်ရိုက် ထည့်ပေးနေတာဖြစ်ပါတယ်။ အရေးပေါ်အထူးကု ဆရာဝန်မကြီး ဇွိုင်လာ အာရီဗာလို ခရုဇ် (Zoila Yakelin Arevalo Cruz) က သူမတို့ ရောက်လာပြီးနောက်မှာ ဆေးရုံမှာ လူနာစောင့်ဆိုင်းရချိန်ဟာ ၁၂ နာရီကနေ ၁ နာရီအောက်အထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ သူမက “ကျွန်မတို့ဟာ ခေါ်သလိုမျိုး ခေတ်သစ်ကျွန်တွေ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံကို ချစ်လို့ လစာရဲ့ တစ်ဝက်ကို ကျူးဘားအစိုးရဆီ လှူဒါန်းပေးနေတာဟာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဆန္ဒပါ” လို့ ပြောကြားခဲ့ပါတယ်။ ဒေသခံပြည်သူတစ်ဦးဖြစ်သူ မာရီယာ မိုရာနို (Maria Morano) ကလည်း “ဒီဆရာဝန်တွေဟာ တကယ်တော်ပြီး လူနာအပေါ်မှာလည်း နွေးထွေးကြပါတယ်။ သူတို့သာ မလာရင် ကျွန်မတို့ဆေးရုံ ပိတ်သွားလောက်ပါပြီ” လို့ ဆိုကာ နိုင်ငံရေးအရ တင်းမာမှုတွေထက် ဆရာဝန်တွေရဲ့ အကျိုးပြုမှုကိုသာ အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။
သတင်း Source: AP News (Associated Press)