ဩဂုတ် ၄၊ ၂၀၂၆

The Kaladan Post

ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် လက်ရှိကျင့်သုံးနေတဲ့ စေတနာ့ဝန်ထမ်း စမ်းသပ်စစ်ဆေးမှုစနစ် ကောင်းစွာ မလုပ်ဆောင်နိုင်တော့ဘူးဆိုရင် အဆင့်မြင့် AI မော်ဒယ်တွေကို ဥပဒေနဲ့ ထိန်းချုပ်သွားဖို့ စဉ်းစားသွားမယ်လို့ ဗြိတိန်နိုင်ငံရဲ့ AI ဆိုင်ရာဝန်ကြီး ကာနစ်ရှ်ကာ နာရာယန် (Kanishka Narayan) က Reuters သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံဟာ AI နည်းပညာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဥရောပရဲ့ ထိပ်သီးနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဥရောပသမဂ္ဂ (EU) ရဲ့ တင်းကျပ်တဲ့ AI မူဝါဒတွေထက် အမေရိကန်လိုမျိုး ပေါ့ပါးတဲ့ ထိန်းချုပ်မှုစနစ်ကိုပဲ သဘောကျခဲ့တာပါ။ ဒါပေမဲ့ မကြာသေးမီက Anthropic ရဲ့ Claude AI မော်ဒယ်အချို့ စမ်းသပ်စဉ်အတွင်း အကောင့်တွေကို ဟက်ခ်လုပ်ခဲ့တာနဲ့ OpenAI ရဲ့ AI အေးဂျင့်တစ်ခု လမ်းလွဲသွားတာတွေကြောင့် အဆင့်မြင့် AI တွေကို ထိန်းချုပ်ဖို့ လိုအပ်မလားဆိုတဲ့ ငြင်းခုံမှုတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

ဝန်ကြီး နာရာယန် က “အချိန်နဲ့အမျှ သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းတွေ လိုအပ်လာပြီး ဥပဒေနဲ့ ထိန်းချုပ်တာက ပိုအဆောက်အအုံကျမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒါကို စဉ်းစားသွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ၎င်းက ဆက်လက်ပြီး ဗြိတိန်နိုင်ငံရဲ့ [AI လုံခြုံရေးအဖွဲ့အစည်း (AI Security Institute)] ဟာ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ အဆင့်မြင့် AI မော်ဒယ်တိုင်းကို ဈေးကွက်ထဲ မဖြန့်မီ ကြိုတင်စမ်းသပ်ခွင့် ရရှိထားတဲ့ အဖွဲ့ဖြစ်ပြီး အမေရိကန်ပြီးရင် အခုလို အခွင့်အရေး ရရှိထားတဲ့ တစ်ဦးတည်းသော နိုင်ငံဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ဗြိတိန်ဟာ သီးသန့် AI ထိန်းချုပ်ရေးအဖွဲ့ ထူထောင်မထားဘဲ စီးပွားရေးပြိုင်ဆိုင်မှု၊ လူ့အခွင့်အရေးနဲ့ ကျန်းမာရေးဆိုင်ရာ လက်ရှိအဖွဲ့အစည်းတွေကိုပဲ သုံးပြီး AI တွေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း AI နည်းပညာ ထိန်းချုပ်မှုတွေ လုပ်ဆောင်ဖို့ စဉ်းစားနေပေမဲ့ အမေရိကန်ရဲ့ AI ဦးဆောင်နိုင်မှုကိုတော့ ထိခိုက်မခံနိုင်ဘူးလို့ လွန်ခဲ့တဲ့ အပတ်က ပြောကြားထားပါတယ်။

သတင်း Source – Reuters