ဩဂုတ် ၄၊ ၂၀၂၆

The Kaladan Post

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကုန်ကျစရိတ်တွေ မြင့်တက်နေပေမဲ့ ဂျပန်နိုင်ငံမှာ စားသုံးသူဈေးနှုန်း တက်ရောက်မှုဟာ မဆိုစလောက်ပဲ ရှိသေးတာကြောင့် ငွေဖောင်းပွမှု အန္တရာယ်အတွက် အလွန်အမင်း စိုးရိမ်စရာ မလိုသေးဘူးလို့ ဂျပန် စီးပွားရေးဝန်ကြီး Minoru Kiuchi က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ အခုလို ဝန်ကြီးရဲ့ သုံးသပ်ချက်ဟာ ပြီးခဲ့တဲ့အပတ်ကမှ ငွေဖောင်းပွမှုနှုန်း ၂ ရာခိုင်နှုန်းထက် ကျော်လွန်သွားနိုင်တယ်ဆိုပြီး အပြင်းအထန် သတိပေးခဲ့တဲ့ ဂျပန်ဗဟိုဘဏ် (BOJ) ရဲ့ ရပ်တည်ချက်နဲ့ ကွဲလွဲနေတာလည်း ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Kiuchi က “ဇွန်လမှာ စားသုံးသူဈေးဆန်းအညွှန်းကိန်းဟာ အရင်နှစ်ကထက် ၁ ဒသမ ၇ ရာခိုင်နှုန်းပဲ တက်ခဲ့တာဖြစ်လို့ မဆိုစလောက်ပဲ တိုးလာတာပါ။ ဒါပေမဲ့ နွေရာသီကနေ ဆောင်းဦးအထိ စားသောက်ကုန်နဲ့ တခြား ပစ္စည်းတွေဆီ ကုန်ကျစရိတ်တွေ တဖြည်းဖြည်း ကူးစက်လာနိုင်တာကိုတော့ သတိထားဖို့ လိုပါတယ်” လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၇ မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်အတွင်း ပြည်သူတွေရဲ့ အမှန်တကယ် ရရှိမယ့် လစာငွေဟာ ၁ ရာခိုင်နှုန်းနီးပါး တိုးတက်လာမှာဖြစ်လို့ လောင်စာဆီ ထောက်ပံ့ကြေးတွေနဲ့အတူ သာမန်အိမ်ထောင်စုတွေအတွက် အဆင်ပြေစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ငွေကြေးဖြေလျှော့မှု မူဝါဒကို လိုလားသူ ဝန်ကြီး Kiuchi က “ဗဟိုဘဏ်အနေနဲ့ သူတို့ရဲ့ ၂ ရာခိုင်နှုန်း ငွေဖောင်းပွမှု ရည်မှန်းချက် တည်ငြိမ်စွာ ပြည့်မီအောင် သင့်တော်တဲ့ မူဝါဒတွေကို ဆက်လက်ကျင့်သုံးသွားမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ ဇွန်လက ဗဟိုဘဏ်က အတိုးနှုန်းကို ၃၁ နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၁ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တဲ့ အစည်းအဝေးကိုလည်း တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ ဝန်ကြီး Kiuchi က ဗဟိုဘဏ်အနေနဲ့ စီးပွားရေး မတည်မငြိမ် ဖြစ်လာရင် သက်ဆိုင်ရာ တာဝန်ယူရမှာဖြစ်ပြီး လျင်မြန်စွာ တုံ့ပြန်ဖို့ လိုအပ်တယ်လို့ သတိပေးခဲ့တာကြောင့် အစိုးရအနေနဲ့ ဗဟိုဘဏ်ရဲ့ အတိုးနှုန်းမြှင့်တင်မယ့် အစီအစဉ်တွေအပေါ် မကျေနပ်မှုတွေ ရှိနေတယ်လို့ ဈေးကွက်ကသုံးသပ်နေကြပါတယ်။ [ဂျပန်ဗဟိုဘဏ်] ဘက်ကတော့ အနာဂတ် ငွေဖောင်းပွမှု အန္တရာယ်တွေကို စိုးရိမ်နေဆဲ ဖြစ်ပါတယ်။

သတင်း Source – Reuters