ဇူလိုင် ၆၊ ၂၀၂၆

The Kaladan Post

 

တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) ဟာ နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာကဏ္ဍမှာ ကမ္ဘာ့အဆင့် ဦးဆောင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့တဲ့ ဒေါ်လာဘီလီယံ ရာနဲ့ချီတန်တဲ့ ချစ်ပ်ပြား (Chip) နဲ့ AI စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တနင်္လာနေ့မှာ အစိုးရအရာရှိတွေကို ညွှန်ကြားလိုက်ပါတယ်။ သမ္မတက လုပ်ငန်းခွင့်ပြုမိန့်တွေ ထုတ်ပေးတာ၊ မြေယာသိမ်းဆည်းတာနဲ့ လျှပ်စစ်နဲ့ ရေပေးဝေရေးကိစ္စတွေမှာ ကြန့်ကြာနေမယ်ဆိုရင် နိုင်ငံရဲ့ အဆင့်မြင့်စက်မှုလုပ်ငန်းတွေမှာ ရှေ့တန်းက ရပ်တည်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အစိုးရအဖွဲ့ အစည်းအဝေးမှာ သမ္မတ လီဂျေမြောင်က “အခုလို အခြေအနေမျိုးမှာ ဘယ်သူက ပိုမြန်မြန်လှုပ်ရှားပြီး ဦးဆောင်နိုင်မလဲဆိုတာပေါ်မှာပဲ ရလဒ်က မူတည်နေပါတယ်။ မြန်ဆန်ဖို့ကပဲ အရေးကြီးဆုံးပါ” လို့ ပြောကြားခဲ့ပါတယ်။ အရင်တုန်းက ယောင်ဂင်း (Yongin) စက်မှုဇုန်စီမံကိန်းကို မြေနေရာသတ်မှတ်ပြီး အကောင်အထည်ဖော်ဖို့ ၆ နှစ်လောက် ကြာခဲ့တာဟာ အတော်လေး မြန်တယ်လို့ ဆိုနိုင်ပေမဲ့ အခုတော့ အဲဒီထက်ပိုမြန်အောင် လုပ်ဖို့လိုအပ်နေပြီလို့ သူက ဆိုပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုတွေနဲ့ ခွင့်ပြုချက်အဆင့်ဆင့်ကို တတ်နိုင်သမျှ တိုတောင်းအောင်လုပ်ဖို့နဲ့ လုပ်ငန်းစဉ်တွေကို တစ်ခုပြီးမှတစ်ခု လုပ်တာမျိုးမဟုတ်ဘဲ တစ်ပြိုင်တည်း လုပ်ဆောင်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရဟာ ပြီးခဲ့တဲ့အပတ်ကပဲ ချစ်ပ်ပြားနဲ့ AI ကဏ္ဍမှာ ဒေါ်လာ ၅၇၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကြီးကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအရ Samsung Electronics နဲ့ SK Hynix ကုမ္ပဏီကြီးတွေဟာ နိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာ ချစ်ပ်ပြားထုတ်လုပ်ရေးစက်ရုံသစ်တွေ တည်ဆောက်ဖို့အတွက် တစ်ကုမ္ပဏီကို ဝမ် ၄၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၆၀ ဘီလီယံခန့်) စီ အသီးသီး ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချောင်ချွန်း (Chungcheong) ဒေသမှာလည်း ချစ်ပ်ပြားထုပ်ပိုးမှုလုပ်ငန်းတွေအတွက် ဝမ် ၈၁ ထရီလီယံလောက် ထပ်မံရင်းနှီးမြှုပ်နှံဖို့ ရှိနေတယ်လို့ သိရပါတယ်။

သမ္မတက ချစ်ပ်ပြားစက်ရုံတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်မီးနဲ့ ရေပေးဝေရေး အခြေခံအဆောက်အအုံတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ အလေးပေးပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ကုမ္ပဏီတွေဘက်က ပြန်ပြည့်မြဲစွမ်းအင်တွေ တိုးချဲ့နေပေမဲ့ အခြေခံလိုအပ်တဲ့ လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိဖို့ စိုးရိမ်နေကြတဲ့အတွက် အစိုးရအရာရှိတွေအနေနဲ့ ဒီပြဿနာတွေကို ကြိုတင်ဖြေရှင်းပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ အခုစီမံကိန်းကြီးတွေဟာ ဆိုးလ်မြို့ပြဧရိယာပြင်ပမှာ စီးပွားရေးဖွံ့ဖြိုးလာအောင် ရည်ရွယ်တာဖြစ်တဲ့အတွက် သက်ဆိုင်ရာဌာနတွေနဲ့ ကုမ္ပဏီအရာရှိတွေအနေနဲ့ စက်ရုံတည်ဆောက်မယ့် မြေနေရာကိစ္စတွေကို အမြန်ဆုံး ဆွေးနွေးညှိနှိုင်းကြဖို့လည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။

သတင်းရင်းမြစ် – Reuters