ဩဂုတ် ၄၊ ၂၀၂၆

The Kaladan Post

အီတလီနိုင်ငံ၊ ဘိုလော့ဂ်နာမြို့မှာ အသက် ၄၂ နှစ်အရွယ် မော်ရိုကိုနွယ်ဖွား စီးပွားရေးလုပ်ငန်းရှင် အက်ဘ်ဒါရာဟင် ဖာကီယာ (Abderrahim Fakir) ဟာ စိတ်ကျန်းမာရေး ဖောက်ပြန်မှု ဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်ကိုင်မှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ဟာ ဥရောပတစ်ဝှမ်း ဖြစ်ပွားနေတဲ့ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေး အငြင်းပွားမှုတွေကြားမှာ လူသားဆန်တဲ့ စာနာထောက်ထားမှုတွေ ပျောက်ကွယ်နေတာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။

ဖာကီယာဟာ အသက် ၆ နှစ်အရွယ်ကတည်းက အီတလီမှာ နေထိုင်လာခဲ့သူဖြစ်ပြီး သတ္တုလုပ်ငန်း ကုမ္ပဏီတစ်ခုကို တည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးပါ။ ဒါပေမဲ့ မိခင်ဖြစ်သူ ကွယ်လွန်စဉ် မော်ရိုကိုဆီ ပြန်သွားခဲ့ရတာကြောင့် နေထိုင်ခွင့်ဗီဇာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး စီးပွားရေး အဆင်မပြေမှုတွေကြားကနေ မော်ရိုကိုဆီ ပြည်နှင်ဒဏ် ပေးခံရမှာကို အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားသည့်နေ့က ဖာကီယာဟာ လမ်းမပေါ်မှာ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်နေခဲ့တာကြောင့် ရဲတပ်ဖွဲ့ ရောက်ရှိလာပြီး ရဲအရာရှိ နှစ်ဦးက သူ့ကို မှောက်ခုံအနေအထားနဲ့ မြေပြင်ပေါ်မှာ မိနစ်ပေါင်းများစွာ ဖိထားခဲ့တာကို အိမ်နီးနားချင်းတွေရဲ့ ဗီဒီယိုမှတ်တမ်းများအရ တွေ့ရှိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မီလန်တက္ကသိုလ်မှ လူမှုဗေဒ ပါမောက္ခ Maurizio Ambrosini က “နိုင်ငံရေးသမား အတော်များများရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေဟာ ရွှေ့ပြောင်းအခြေချသူတွေကို လူသားမဆန်အောင် ပုံဖော်ဖို့ လိုအပ်နေကြတာပါ။ သူတို့ကို သွေးနဲ့သားနဲ့ လူသားတွေအဖြစ် မမြင်ဘဲ သာမန် ကိန်းဂဏန်းတစ်ခုလိုပဲ မြင်ကြတဲ့အခါ လူသားဆန်တဲ့ ထည့်သွင်းစဉ်းစားမှုတွေ မပါဘဲ အလွယ်တကူ ကိုင်တွယ်လို့ ရသွားတာပေါ့” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ဖာကီယာရဲ့ အစ်မဖြစ်သူ Khadija ကလည်း “သူဟာ ကျွန်မတို့ကို အကာအကွယ်ပေးချင်ခဲ့တာပါ။ ဖုန်းဆက်လာရင်လည်း အရာရာ အဆင်ပြေပါတယ်ပဲ ပြောလေ့ရှိတာပါ။ အထဲမှာ ဒီလောက်အထိ သောကရောက်နေမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး” လို့ ဝမ်းနည်းစွာ ပြောပြခဲ့ပါတယ်။ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ ရဲ့ လက်ယာယိမ်း အစိုးရဘက်ကတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်ကို ကာကွယ်ပြောဆိုထားပြီး အတိုက်အခံ နိုင်ငံရေးသမားတွေကတော့ ဒါဟာ အစိုးရရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုကို ခွင့်ပြုထားတာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ လက်ရှိမှာတော့ ဖာကီယာ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ရုပ်အလောင်းကို စေဆေးမှုတွေ ပြုလုပ်နေပြီး တရားမျှတမှု ရရှိဖို့အတွက် ဘိုလော့ဂ်နာမြို့မှာ ပြည်သူ ထောင်ပေါင်းများစွာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

သတင်း Source – Reuters