လက်လွှတ်ခဲ့ရသည့် မြို့များမှ မြို့ ၂၂ မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်

ဩဂုတ် ၇
The Kaladan Post
တော်လှန်ရေးအင်အားစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံ လက်လွှတ်ခဲ့ရတဲ့ မြို့ ၁၀၁ မြို့ အနက် ၂၂ မြို့ကို ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စုစုပေါင်း နယ်မြေ ၈.၈၆ ရာခိုင်နှုန်းကို ပြန်လည်ရရှိခဲ့တယ်လို့ ISP-Myanmar က ယမန်နေ့ ဩဂုတ်လ ၆ ရက် ထုတ်ပြန်ခဲ့ပါတယ်။
အစီရင်ခံစာအရ ပြန်လည်ရရှိတဲ့ မြို့ ၂၂ မြို့ထဲမှာ လားရှိုး၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိခဲ့တာဖြစ်ပြီး ကျန် ၁၉ မြို့ကိုတော့ စစ်ဆင်ရေးတွေနဲ့ ပြန်လည်သိမ်းပိုက်ခဲ့တာလို့ ဆိုထားကာ အများစုဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ နေရာတွေဖြစ်တယ် လို့ သုံးသပ်ထားပါတယ်။
ဒါပေမယ့် နိုင်ငံတစ်ဝန်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားဆဲ နယ်မြေအများအပြား ကျန်ရှိနေပြီး တိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ISP-Myanmar က ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်နဲ့ စတုတ္ထပတ်အတွင်း အလင်းဝင်ပူးပေါင်းသူ၊ လက်နက်ချသူနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၂ ဦးရှိခဲ့ပြီး အဲဒီထဲမှာ စစ်သား ၁၇ ဦး၊ ပြည်သူ့စစ် ၃ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပါဝင်တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ မှတ်တမ်းအရ သိရပါတယ်။
ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ အလင်းဝင်ပူးပေါင်းသူ၊ လက်နက်ချသူနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၃,၇၆၈ ဦးအထိ ရှိလာခဲ့ပြီး စစ်ရေးအခြေအနေနဲ့အတူ တပ်ဖွဲ့ဝင်အပြောင်းအလဲ များလည်း ဆက်လက်ဖြစ်ပေါ်နေကြောင်း မှတ်တမ်းများက ဖော်ပြထားပါတယ်။
#ISPMyanmar #MyanmarConflict #PeopleGoal #MilitaryUpdate #MyanmarNews

သာယာဝတီမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးနှင့် ပျူစောထီးတို့ ပစ်သတ်ခံရပြီး သေဆုံး

ဩဂုတ် ၇
The Kaladan Post
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ မြိုင်သာယာကျေးရွာတွင် ဩဂုတ်လ ၄ ရက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီသတင်းပေးနှင့် ပျူစောထီးအဖွဲ့ဝင်ဖြစ်သည့် ရာအိမ်မှူး ဦးကျော်အောင်နှင့် ဦးမြင့်ကြိုင်တို့ ၂ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က အသိပေးထုတ်ပြန်လာပါတယ်။
တပ်ဖွဲ့ဘက်က ၎င်းတို့ကို အသက်ရှင်လျက် ဖမ်းဆီးရန် ကြိုးပမ်းစဉ် ပြန်လည်ခုခံထွက်ပြေးခဲ့သဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်းနှင့် အဆိုပါ စစ်ဆင်ရေးကို တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂) လက်အောက်ရှိ PDF ပူးပေါင်းတပ်ဖွဲ့များက ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရာအိမ်မှူး ဦးကျော်အောင်နှင့် ဦးမြင့်ကြိုင်တို့သည် စစ်မှုထမ်းကြေးအမည်ဖြင့် ဒေသခံတစ်အိမ်ထောင် လျှင် ငွေကျပ် ၅၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ ကောက်ခံခြင်း၊ မပေးဆောင်ပါက နေအိမ်များ ချိတ်ပိတ် မည်ဟု ခြိမ်းခြောက်ခြင်း၊ တော်လှန်ရေးအင်အားစုများ၏ သတင်းအချက်အလက်များကို စစ်ကောင်စီ ထံ ပေးပို့ခြင်းနှင့် ဂိတ်ကြေးကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆို ထားပါတယ်။
ထို့အပြင် ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များကို အန္တရာယ်ဖြစ်စေသူများနှင့် စစ်ကောင်စီ၏ ထောက်တိုင်များကို ဆက်လက်အရှိန်မြှင့် စစ်ဆင်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားပြီး၊ ဒေသခံပြည်သူများအနေဖြင့် ယင်းပုဂ္ဂိုလ်များနှင့် သက်ဆိုင်သည့် နေရာများအနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်လည်း သတိပေးထားပါတယ်။
#သာယာဝတီ #ပဲခူးတိုင်း #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #MyanmarNews

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန်နှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန် တိုက်တွန်း

ဩဂုတ် ၇
The Kaladan Post
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ခဲ့မှုကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး၊ ယင်းတွေ့ဆုံမှုက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပုံမှန်ဝင်ရောက်တွေ့ဆုံခွင့်များ ရရှိရေးအတွက် အစပြုခြေလှမ်းတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ဩဂုတ်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ ပါတယ်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝရရှိစေရန်နှင့် မိသားစုဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ရရှိစေရန် မြန်မာအာဏာပိုင်များကို အမေရိကန်ဘက်က တိုက်တွန်း ထားဖြစ်ပါတယ်။ အမေရိကန်သံရုံးက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး ICRC အနေဖြင့် အကျဉ်းသားများ ထံ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်တွေ့ဆုံနိုင်ရေးကိုလည်း လမ်းဖွင့်ပေးစေလိုကြောင်း ပြောဆိုထားသလို၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် သက်ဆိုင်ရာအင်အားစု အားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများကို စတင်လုပ်ဆောင်ရန်လည်း တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ အသက် ၈၁ နှစ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိသားစုဝင်များ၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်များ ကန့်သတ်ခံထားရသလို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများအပေါ်လည်း စိုးရိမ်မှုများ ဆက်လက်ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးပြီး အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး စတင်လုပ်ဆောင်ရန် ထပ်မံတောင်းဆိုထားပါတယ်။
#ဒေါ်အောင်ဆန်းစုကြည် #အမေရိကန်သံရုံး #ICRC #နိုင်ငံရေးအကျဉ်းသား #MyanmarNews


မင်းအောင်လှိုင် ကြိုဆိုသည့် ထိုင်းအစိုးရအပေါ် လွှတ်တော်အတွင်းထိပါ ဆန္ဒပြမှုဖြစ်ပွား

ဩဂုတ် ၇
The Kaladan Post
ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန်၊ သမ္မဆတ်နှင့် ကဆက်ဆတ်တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားအဖွဲ့အစည်း စုစုပေါင်း ၁၉ ဖွဲ့က မြန်မာစ မင်းအောင်လှိုင်အား ထိုင်းအစိုးရက တရားဝင် ဖိတ်ကြားဧည့်ခံခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဩဂုတ်လ ၇ ရက်နေ့တွင် ပူးတွဲကြေညာခဲ့ပြီး၊ ယင်းလုပ်ရပ်သည် စစ်ကောင်စီအား နိုင်ငံတကာအဆင့်တွင် တရားဝင်မှု ပေးသကဲ့သို့ ဖြစ်စေနိုင် ကြောင်း ထောက်ပြထားပါတယ်။
မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၏ အဓိကတာဝန်ရှိသူဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သားများ၏ အသက်အိုးအိမ်ဆုံးရှုံးမှုများနှင့် လူငယ်များ၏ ပညာသင်ကြားခွင့် ဆုံးရှုံးမှုများအတွက် တာဝန်ရှိ ကြောင်းနှင့် အဆိုပါအခြေအနေများကြောင့် ဒေသတွင်း နယ်စပ်လုံခြုံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ထို့အပြင် ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံကျောင်းသားသမဂ္ဂက သီးခြားထုတ်ပြန်ချက်တွင် အာဆီယံ၏ Five-Point Consensus အကောင်အထည်ဖော်ရာ၌ တိုးတက်မှုမရှိသေးသည့်အချိန်တွင် မင်းအောင်လှိုင်အား လက်ခံကြိုဆိုခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထိခိုက်စေနိုင် ကြောင်း ဝေဖန်ထားပါတယ်။
အဆိုးဆုံးကတော့ ထိုင်းအထက်လွှတ်တော်တွင် မင်းအောင်လှိုင်ကို ကြိုဆိုသည့်အခမ်းအနားအတွင်း အတိုက်အခံ ပြည်သူ့ပါတီ (PP) မှ လွှတ်တော်အမတ် အနူဆွမ် သမ်ချိုင်က “ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်” ဟု ကြွေးကြော်အော်ဟစ်ကာ ဆန္ဒပြခဲ့ပြီး ဓာတ်ပုံရိုက်ကူးနေသည့် နေရာသို့ ချဉ်းကပ်ရန် ကြိုးပမ်းခဲ့ပြီး ၎င်းအား လုံခြုံရေးတပ်ဖွဲ့က အပြင်ထုတ်ခဲ့ပါတယ်။
မင်းအောင်လှိုင်ကို တရားဝင် အလည်အပတ် ခရီးစဉ်အတွက် ဖိတ်ကြားခဲ့လို့ အပြင်းအထန် ဝေဖန်ခံနေရမှုတွေကို ထိုင်းအစိုးရက ကြိုဆို လက်ခံခဲ့တာဟာ နိုင်ငံတကာ တရားဝင် အသိအမှတ်ပြုမှုကို ပေးအပ်လိုက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ထွက်ပေါ်ပြီးနောက် ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဆီဟာဆက်က နှစ်နိုင်ငံကြားနယ်စပ်အရေးနဲ့ တခြားကိစ္စတွေ ညှိနှိုင်းဖို့အတွက် အခုလိုတွေ့ဆုံမှုမျိုးက မဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။ စစခေါင်းဆောင်ကို ထိုင်းနိုင်ငံဆီ ဖိတ်ကြားခဲ့တာဟာ မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုကို တရားဝင် အသိအမှတ်ပြုမှု အပ်နှင်းခဲ့တာဆိုတဲ့ သဘောထားမျိုးအဓိပ္ပါယ် မကောက်ယူသင့်ဘူးလို့လည်း ဆိုပါတယ်။
ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်ကောင်စီအား တရားဝင်မှုရရှိစေမည့် လုပ်ရပ်များကို ရပ်တန့်ပြီး၊ လူ့အခွင့်အရေးကို အခြေခံသည့် မူဝါဒများဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်ရန်၊ အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် မြန်မာနိုင်ငံ၏ သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုများကို အားပေးကူညီရန် ထိုင်းအစိုးရကို ကျောင်းသားအဖွဲ့အစည်းများက တိုက်တွန်းထားပါတယ်။
#Thailand #MyanmarCrisis #StudentUnions #HumanRights #MyanmarNews

တော်လှန်ရေး ရည်မှန်းချက်အတိုင်း ဆက်လက်ချီတက်မည်ဟု DPLF/DPLA ကြေညာ

ဩဂုတ် ၇
The Kaladan Post
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) က ဖွဲ့စည်းတည်ထောင်မှု ၄ နှစ်ပြည့် အခမ်းအနား တွင် စတင်ချမှတ်ခဲ့သည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ အောင်မြင်သည့်အထိ ဆက်လက်ချီတက် သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းထွန်းနိုင်က ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဓနုဒေသတစ်ခုလုံးကို မစိုးမိုးနိုင်သေးကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံထားပြီး လာမည့်နှစ်များအတွင်း ဓနုနယ်မြေ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်မျှော်လင့်ထားကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။
DPLF/DPLA ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ဓနုလူငယ်များနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဖွဲ့စည်းခဲ့ပြီး ဓနုလူထုနှင့် တိုင်းရင်းသားများ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အဓိက ဦးတည်ချက်အဖြစ် ချမှတ်ထားကြောင်း ဆိုပါတယ်။
ထို့ပြင် ဓနုလူမျိုးတစ်မျိုးတည်းအတွက် မဟုတ်ဘဲ တိုင်းရင်းသားအားလုံး၏ အခွင့်အရေးနှင့် လွတ်လပ်မှုအတွက် တော်လှန်ရေးကို ဆက်လက်ဆောင်ရွက်နေကြောင်းနှင့် လူထုအနေဖြင့်လည်း ရည်မှန်းချက်မယိုင်မနှဲ့ဘဲ တစ်စုတစ်စည်းတည်း ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းထားပါတယ်။
DPLF/DPLA သည် ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ ယနေ့အထိ တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဆက်လက်တော်လှန်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
#DPLF_DPLA #DanuRevolution #MyanmarNews #FederalDemocracy


ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်အတွက် မဟာမိတ်များနှင့် လက်တွဲပြီး ထိုးစစ်အဆင့် တက်လှမ်းမည်ဟု NUG ဆို

ဩဂုတ် ၇
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးကြီးများ အစည်းအဝေး (၂/၂၀၂၆) ကို ဩဂုတ်လ ၃ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ပြီး မဟာမိတ်တိုင်းရင်းသားအင်အားစုများနှင့် ပူးပေါင်းကာ လက်ရှိ “ပြည်သူ့ခုခံတွန်းလှန်စစ်” အဆင့်မှ “မဟာဗျူဟာထိုးစစ်” အဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ အစည်းအဝေးအတွင်း စစ်ဦးစီးချုပ်နှင့် စစ်ဘက်ခေါင်းဆောင်များက လမ်းညွှန် အမှာစကားများ ပြောကြားခဲ့ပြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၏ မဟာဗျူဟာနှင့် ယခင်အစည်းအဝေးမှ ဆုံးဖြတ်ချက်များ၏ အကောင်အထည်ဖော်နိုင်မှုများကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တိုင်းစစ်ဌာန (၁၀) ခု၊ တပ်မ (၁) ခုနှင့် စစ်ရုံးချုပ် လက်အောက်ရှိ ဌာနအသီးသီးက စစ်ရေး၊ စစ်ထောက်၊ ထောက်လှမ်းရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ စာတမ်းများ တင်သွင်းဆွေးနွေးခဲ့ပြီး၊ စစ်ဘက်ခေါင်းဆောင်များ၏ လမ်းညွှန်ချက်များအပေါ် အခြေခံ၍ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် SCEF ၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ကွပ်ကဲရေးကော်မတီတွင် မဟာဗျူဟာ ကျကျ ပူးပေါင်းဆောင်ရွက်ကာ စစ်ဒေသအသီးသီး၌ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အင်အားစု များနှင့် လက်တွဲ၍ စစ်ဆင်ရေးအရှိန်မြှင့်သွားမည်ဟုလည်း ထုတ်ပြန်ထားပါတယ်။ အစည်းအဝေး နောက်ဆုံးနေ့တွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ PDF တပ်မှူးကြီးများက ရှေ့လုပ်ငန်းစဉ် များကို တင်ပြကာ နိုင်ငံရေးဦးဆောင်မှုနှင့် လမ်းညွှန်ချက်များကို ခံယူခဲ့ကြောင်း သိရပါတယ်။
#NUG #PDF #MyanmarResistance #FederalDemocracy #MyanmarNews