ဇွန် ၂၆၊ ၂၀၂၆

The Kaladan Post

 

လန်ဒန်မြို့လယ်ရှိ ဗြိတိန်ဘုရင်များ အဆက်ဆက် နေထိုင်လာခဲ့တဲ့ ဘက်ကင်ဟမ် (Buckingham) နန်းတော်ကြီးရဲ့ (၁၀) နှစ်ကြာ ပြန်လည်မွမ်းမံမှုလုပ်ငန်းတွေ လာမယ့်နှစ်မှာ ပြီးစီးတော့မှာဖြစ်ပေမယ့်၊ ဘုရင် ချားလ်စ် (King Charles) အနေနဲ့ အဲဒီနန်းတော်မှာ ပြောင်းရွှေ့နေထိုင်မှာ မဟုတ်ဘူးလို့ တော်ဝင်မိသားစု တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ ၁၈၃၇ ခုနှစ် ဗစ်တိုးရီးယားဘုရင်မကြီး (Queen Victoria) လက်ထက်ကတည်းက စတင်ခဲ့တဲ့ ဘုရင်တွေရဲ့ အဓိကစံအိမ်တော်အဖြစ် အသုံးပြုတဲ့ ရာစုနှစ်နှစ်ခုနီးပါး သမိုင်းဝင်အစဉ်အလာကို အဆုံးသတ်လိုက်တာပဲ ဖြစ်ပါတယ်။

ပေါင် ၃၆၉ သန်း ကုန်ကျမယ့် အဆိုပါ နန်းတော်မွမ်းမံမှု စီမံကိန်းမှာ ဟောင်းနွမ်းနေတဲ့ လျှပ်စစ်ကြိုးတွေ၊ ရေပိုက်တွေနဲ့ အပူပေးစနစ်တွေကို အဓိက လဲလှယ်တပ်ဆင်နေတာပါ။ သို့သော်လည်း ချားလ်စ်ဘုရင်ကြီးကတော့ သူ လက်ရှိနေထိုင်နေတဲ့ နန်းတော်အနီးက Clarence House စံအိမ်တော်မှာပဲ ဆက်လက်နေထိုင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘုရင်ကြီးရဲ့ ဘဏ္ဍာရေးမှူး ဂျိမ်းစ် ချယ်လ်မာ (James Chalmers) က “ဘက်ကင်ဟမ်နန်းတော်ဟာ နိုင်ငံခြားခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံတာတွေ အပါအဝင် တရားဝင်အခမ်းအနားတွေ ကျင်းပရာ အဓိကနေရာအဖြစ်တော့ ဆက်ရှိနေမှာပါ။ ဒီနန်းတော်ကြီးဟာ ဘုရင်စနစ်ရဲ့ ဌာနချုပ် (HQ) နဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားအဆောက်အအုံတွေထဲမှာ တန်ဖိုးအထားရဆုံးရတနာအဖြစ် ဆက်လက်တည်ရှိနေမှာပါ။ ပြီးတော့ အရှင်မင်းကြီး လန်ဒန်မှာရှိနေချိန်တိုင်း နန်းတော်ခေါင်မိုးပေါ်မှာ ဘုရင့်အလံတော်ကို ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူထားမှာ ဖြစ်ပါတယ်။” လို့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ဘုရင် ချားလ်စ် ရော ကွယ်လွန်သူ အယ်လီဇဘက်ဘုရင်မကြီးပါ အဲဒီနန်းတော်မှာ ညအိပ်တည်းခိုခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

တချိန်တည်းမှာပဲ တော်ဝင်မိသားစုတာဝန်ရှိသူတွေက ဘုရင်ကြီးရဲ့ အခွန်ပေးဆောင်မှု မှတ်တမ်းကိုလည်း ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိန်ဥပဒေအရ ဘုရင်ဟာ ဝင်ငွေခွန်နဲ့ အမွေဆက်ခံမှုအခွန်တွေ ပေးဆောင်ဖို့ မလိုပေမယ့်၊ ဘုရင် ချားလ်စ် ဟာ ၂၀၂၄/၂၅ ဘဏ္ဍာနှစ်အတွင်းမှာ အခွန်ငွေ ပေါင် ၁၂.၉ သန်း (ဒေါ်လာ ၁၇.၀၄ သန်း) ကို ဆန္ဒအလျောက် ပေးဆောင်ခဲ့ပြီး ဗြိတိန်ရဲ့ ထိပ်တန်းအခွန်ထမ်း အယောက် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ် နန်းတက်ချိန်ကတည်းက အခွန်ငွေ ပေါင် သန်း ၃၀ ကျော်အထိ ပေးဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်း ဘဏ္ဍာရေးမှူး ချယ်လ်မာ က ဆိုပါတယ်။

ဘုရင် ချားလ်စ် ဟာ ဝင်ငွေအနေနဲ့ Duchy of Lancaster အိမ်ခြံမြေလုပ်ငန်းကနေ ၂၀၂၅/၂၆ ခုနှစ်အတွက် ပေါင် ၂၅.၂ သန်း ရရှိထားသလို၊ နန်းတော်ဝန်ထမ်းတွေ၊ ခရီးစရိတ်နဲ့ နန်းတော်ထိန်းသိမ်းစရိတ်တွေအတွက် အစိုးရဆီကနေ Sovereign Grant လို့ခေါ်တဲ့ ရန်ပုံငွေကိုလည်း ရရှိပါတယ်။ အဲဒီရန်ပုံငွေဟာ ၂၀၂၆/၂၇ ခုနှစ်မှာ ပေါင် ၁၃၇.၉ သန်း ရရှိမှာဖြစ်ပေမယ့်၊ ဘုရင်ကြီးရဲ့ တောင်းဆိုမှုအရ ၂၀၂၇/၂၈ ခုနှစ်မှာတော့ ပေါင် သန်း ၁၀၀ အထိ ပထမဆုံးအကြိမ် လျှော့ချသွားမှာဖြစ်ပါတယ်။

အလားတူ နန်းမွေခံ ဝီလျံမင်းသား (Prince William) ကလည်း ၂၀၂၄/၂၅ ခုနှစ်အတွက် အခွန်ငွေ ပေါင် ၇.၇၆ သန်း ပေးဆောင်ခဲ့ပါတယ်။ သို့သော်လည်း ဘုရင်ကြီးနဲ့ ဝီလျံမင်းသားတို့ဟာ စစ်တပ်၊ ကျန်းမာရေးဌာနနဲ့ ကျောင်းတွေဆီကနေ မြေငှားခ (Rent) တွေ ကောက်ခံပြီး အမြတ်ထုတ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ် အယ်လီဇဘက်ဘုရင်မကြီး ကွယ်လွန်ပြီးနောက်ပိုင်း တော်ဝင်မိသားစုရဲ့ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိအောင် အခုလို စတင်လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

သတင်း Source: Reuters