ဇွန် ၂၆၊ ၂၀၂၆

The Kaladan Post

 

ဟော်မုဇ် (Hormuz) ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရတယ်လို့ သတင်းထွက်ပေါ်လာပြီးနောက်၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်း (IMO) ဟာ အဆိုပါရေလက်ကြားအတွင်း သင်္ဘောတွေကို လုံခြုံရေးအစောင့်အရှောက်ပေးပြီး ဖြတ်သန်းခွင့်ပြုနေတဲ့ အစီအစဉ်ကို ကြာသပတေးနေ့က ရပ်ဆိုင်းလိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အီရန်စစ်ပွဲ အဆုံးသတ်ရေး ကနဦးသဘောတူညီချက်အပေါ် စိုးရိမ်မှုတွေ ပြန်လည်မြင့်တက်လာစေခဲ့ပါတယ်။

[ဗြိတိန် ရေကြောင်းကုန်သွယ်ရေး စစ်ဆင်ရေးအဖွဲ့ (UKMTO)] ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ ကုန်တင်သင်္ဘောဟာ အိုမန်နိုင်ငံအနီးမှာ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုဟာ အီရန်အစိုးရက ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းတွေကနေ မသွားလာကြဖို့ သတိပေးချက်ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ ဖြစ်ပွားခဲ့တာပါ။ အမေရိကန် အရာရှိနှစ်ဦးကတော့ အီရန်က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အီရန်ဘက်က ဖွဲ့စည်းထားတဲ့ ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့ကလည်း “ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းတွေကနေ ဖြတ်သန်းသွားလာရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအတွက် သင်္ဘောပိုင်ရှင်၊ အော်ပရေတာနဲ့ သင်္ဘောကပ္ပတိန်တို့ကသာ တာဝန်ယူရမှာ ဖြစ်ပါတယ်။” လို့ ကြေညာထားပါတယ်။ တိုက်ခိုက်ခံရတဲ့ သင်္ဘောဟာ စင်ကာပူအလံလွှင့်ထူထားတဲ့ Ever Lovely ဆိုတဲ့ သင်္ဘောဖြစ်ပြီး ဒရုန်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဘက်က ချက်ချင်းမှတ်ချက်ပေးတာမျိုး မရှိသေးပေမယ့်၊ ယခုလအစောပိုင်းက သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကတော့ “အကယ်၍ အီရန်အနေနဲ့ စစ်ပွဲအဆုံးသတ်ရေးနဲ့ ရေလက်ကြားပြန်ဖွင့်ရေး သဘောတူညီချက်ကို မလိုက်နာဘူးဆိုရင် အမေရိကန်က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လည်စတင်သွားမယ်။” လို့ သတိပေးထားဖူးပါတယ်။

IMO ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်း စစ်ပွဲစတင်ကတည်းက လပေါင်းများစွာ ပိတ်မိနေတဲ့ သင်္ဘောရာပေါင်းများစွာနဲ့ သင်္ဘောသားထောင်ပေါင်းများစွာကို ဟော်မုဇ်ရေလက်ကြားကနေ ဘေးကင်းစွာ ထွက်ခွာနိုင်ဖို့ ကူညီပေးနေတာပါ။ IMO အထွေထွေအတွင်းရေးမှူးချုပ် အာဆန်နီယို ဒိုမင်ဂွက်ဇ် (Arsenio Dominguez) က “ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးစာရင်းမှာပါတဲ့ သင်္ဘောတွေနဲ့ ဒေသတွင်းမှာရှိတဲ့ သင်္ဘောတွေအားလုံးအတွက် လုံခြုံရေးအာမခံချက်တွေ ဆက်လက်ရှိနေတယ်ဆိုတာကို သေချာအောင် ပြန်လည်စစ်ဆေးဖို့အတွက် အခုလို ယာယီရပ်ဆိုင်းလိုက်တာပါ။” လို့ ထုတ်ပြန်ချက်မှာ ရှင်းပြထားပါတယ်။ တိုက်ခိုက်ခံရတဲ့ သင်္ဘောဟာ IMO ရဲ့ ကယ်ဆယ်ရေးအစီအစဉ်မှာ ပါဝင်တဲ့ သင်္ဘောမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဒီလို တိုက်ခိုက်မှုသတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့ ကမ္ဘာ့ရေနံဈေးနှုန်းတွေ ၂ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပြီး၊ ပင်လယ်ကွေ့က ရေနံထောက်ပံ့မှုတွေ ပုံမှန်အခြေအနေပြန်ရောက်ဖို့ အချိန်ပိုကြာလာနိုင်တယ်လို့ သုံးသပ်သူတွေက စိုးရိမ်နေကြပါတယ်။ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံကို ဖြတ်သန်းတင်ပို့နေတဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က အပြည့်အဝ ထိန်းချုပ်ထားလိုတဲ့အပေါ် အာရုံစိုက်မှုတွေ ပိုများလာစေပါတယ်။

ဒီတိုက်ခိုက်မှုမတိုင်ခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ပင်လယ်ကွေ့နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း “အကယ်၍ အီရန်က ရေလက်ကြားထဲက သင်္ဘောတွေကို ခြိမ်းခြောက်တာ ဒါမှမဟုတ် ပိတ်ဆို့တာတွေ လုပ်လာရင်တော့ ပြဿနာဖြစ်လာပါလိမ့်မယ်။” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ကတော့ သူတို့သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ ဖြတ်သန်းမှသာ ဘေးကင်းမယ်လို့ ကြာသပတေးနေ့မှာ ထပ်မံကြေညာခဲ့ပြီး လိုက်နာမှုမရှိတဲ့ သင်္ဘောတွေကို အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။ ကြာသပတေးနေ့မှာတင် IRGC ဟာ ပနားမားအလံလွှင့် သင်္ဘောနှစ်စင်းကို လမ်းကြောင်းပြောင်းဖို့ အမိန့်ပေးခဲ့တယ်လို့ ဗြိတိန် ရေကြောင်းလုံခြုံရေးကုမ္ပဏီ Ambrey က ဆိုပါတယ်။

အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်ရိုက်တ် (Chris Wright) ကတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရေနံစည်ပေါင်း သန်း ၂၀ ကျော် ရေလက်ကြားကနေ ဖြတ်သန်းသွားခဲ့ပြီး၊ စစ်ပွဲမတိုင်ခင် အခြေအနေနီးပါးကို ပြန်ရောက်နေပြီလို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ အေးခဲခံထားရတဲ့ ရန်ပုံငွေတွေကို အမေရိကန် လယ်ယာထွက်ကုန်တွေ ဝယ်ယူဖို့အတွက် သုံးစွဲမယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက်ကို အီရန်ရဲ့ ထိပ်တန်းစေ့စပ်ညှိနှိုင်းရေးမှူး မိုဟာမက် ဘာကာ ကွာလီဘက်ဖ် (Mohammad Baqer Qalibaf) က ကြာသပတေးနေ့မှာ ငြင်းဆိုခဲ့တာကြောင့် လက်ရှိ ကနဦးသဘောတူညီချက် (Ceasefire Deal) ဟာ အငြင်းပွားဖွယ်ရာတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

သတင်း Source: Reuters