ဇူလိုင် ၂၂၊ ၂၀၂၆
The Kaladan Post
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ “လိမ်လည်မှုနဲ့ စည်းကမ်းမလိုက်နာမှုတွေ ရှိနေတယ်” ဆိုတဲ့ သံသယနဲ့ ကယ်လီဖိုးနီးယားနဲ့ မင်နီဆိုတာ ပြည်နယ်တွေကို ပေးအပ်ရမယ့် Medicaid ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ယာယီဆိုင်းငံ့လိုက်ကြောင်း အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာ (Robert F. Kennedy Jr.) က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ဝန်ကြီး ကနေဒီက “တကယ်လို့ ဒီပြည်နယ်တွေက အဲဒီငွေတွေကို လိုချင်တယ်ဆိုရင် သူတို့ရဲ့ အသုံးစရိတ်တွေဟာ တရားဝင်တယ်ဆိုတဲ့ အထောက်အထားတွေကို တင်ပြရပါလိမ့်မယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ အပြတ်အသတ် ပြောဆိုခဲ့ပါတယ်။
ဒီဆိုင်းငံ့မှုအရ ကယ်လီဖိုးနီးယားပြည်နယ်အတွက် ဒေါ်လာ ၈၆၇ ဒသမ ၅ သန်းနဲ့ မင်နီဆိုတာပြည်နယ်အတွက် ဒေါ်လာ ၁၉၉ သန်းခန့် ပါဝင်နေပါတယ်။ အိမ်ဖြူတော်ကတော့ ဒါဟာ “လိမ်လည်မှုအပေါ် မညှာမတာ တိုက်ဖျက်မယ့် စစ်ပွဲ” တစ်ခုဖြစ်တယ်လို့ တင်စားထားပေမဲ့ ရန်ပုံငွေ ဆိုင်းငံ့ခံရတဲ့ ပြည်နယ်တွေဟာ ဒီမိုကရက်ပါတီက အုပ်ချုပ်နေတဲ့ ပြည်နယ်တွေ ဖြစ်နေပါတယ်။ [အမေရိကန် ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ကြီးဌာန] ရဲ့ အဆိုအရ ကယ်လီဖိုးနီးယားရဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု အသုံးစရိတ်တွေမှာ မသင်္ကာစရာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ Medicaid ဝန်ဆောင်မှု အကြီးအကဲ ဒေါက်တာ မက်မက်အိုဇ် (Dr. Mehmet Oz) ကလည်း “လိမ်လည်မှုနံ့ ရနေသရွေ့တော့ ကျွန်တော်တို့ ငွေထုတ်ပေးမှာ မဟုတ်တော့ပါဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မင်နီဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့ဇ် (Tim Walz) ကတော့ အခုလုပ်ရပ်ဟာ နိုင်ငံရေးအရ လက်စားချေတာသာဖြစ်ပြီး “အစိုးရဟာ လိမ်လည်သူတွေကို အရေးယူမယ့်အစား ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေကို ဒုက္ခပေးနေတာပါ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ် (Gavin Newsom) ကလည်း ဒါဟာ နိုင်ငံရေးအရ ပစ်မှတ်ထား တိုက်ခိုက်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းက အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်တဲ့ အစီအစဉ်ဟာ သက်ကြီးရွယ်အိုတွေကို ဈေးကြီးတဲ့ ဂေဟာတွေဆီ မပို့ရဘဲ အသုံးစရိတ် ချွေတာရာရောက်တယ်လို့ ပြန်လည် ချေပထားပါတယ်။
အခု ဆိုင်းငံ့လိုက်တဲ့ ရန်ပုံငွေတွေဟာ အမြဲတမ်း ဖြတ်တောက်လိုက်တာမျိုး မဟုတ်ဘဲ ပြည်နယ်အစိုးရတွေဘက်က ခိုင်လုံတဲ့ အထောက်အထားတွေ တင်ပြနိုင်ရင် ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိမှာ မင်နီဆိုတာ ပြည်နယ်ဘက်က အထောက်အထားအချို့ တင်ပြထားပြီး အစိုးရက စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဝန်ကြီး ကနေဒီကတော့ ဖက်ဒရယ် ကျန်းမာရေး အစီအစဉ်တွေမှာ မသမာမှု လုပ်ဆောင်တဲ့ “လူဆိုး” တွေကို အပြီးတိုင် ပိတ်ပင်နိုင်အောင် လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်သွားမယ်လို့လည်း သတိပေးထားပါတယ်။
သတင်းရင်းမြစ် – Reuters