ဇွန် ၃၀၊ ၂၀၂၆

The Kaladan Post

တရုတ်နိုင်ငံရဲ့ သူလျှိုလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ကြဖို့နဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ကြဖို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တယ် (Lai Ching-te) က အင်္ဂါနေ့ (ဇွန်လ ၃၀ ရက်) မှာ ကျင်းပတဲ့ စစ်တက္ကသိုလ် သင်တန်းဆင်းပွဲတစ်ခုမှာ ဗိုလ်လောင်းတွေကို သတိပေး ပြောကြားလိုက်ပါတယ်။ ဒီမိန့်ခွန်းကို ကွန်မြူနစ်စနစ်ရဲ့ အန္တရာယ်တွေကို သင်ကြားပေးဖို့အတွက် စစ်အေးခေတ်ကတည်းက တည်ထောင်ခဲ့တဲ့ စစ်တက္ကသိုလ်တစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူ့ရဲ့ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့ဟာ အပြန်အလှန် သူလျှိုစေလွှတ်ထောက်လှမ်းတာတွေ ကာလရှည်ကြာ လုပ်ဆောင်ခဲ့ကြပြီး၊ အထူးသဖြင့် ထိုင်ဝမ်လက်နက်ကိုင်တပ်ဖွဲ့တွေအတွင်းမှာ တရုတ်သူလျှိုတွေ ပိုမိုများပြားလာတယ်လို့ ထိုင်ဝမ်ဘက်က ထုတ်ပြန်ထားပါတယ်။ တရုတ်ကလည်း ထိုင်ဝမ်ကို ပြန်လည်သိမ်းပိုက်ဖို့ အင်အားသုံးဖို့ကို ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ဘူးလို့ ကြေညာထားပြီး ထိုင်ဝမ်ကျွန်းပတ်လည်မှာ နေ့စဉ်ဆိုသလို စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။

တိုင်ပေမြို့စွန်ရှိ Fu Hsing Kang ကောလိပ် သင်တန်းဆင်းပွဲမှာ သမ္မတ လိုင်ချင်တယ် က “စစ်သားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ သစ္စာစောင့်သိမှုကနေ မြစ်ဖျားခံတာပါ။ ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားပြီး တရုတ်က ဝင်ရောက်စွက်ဖက်၊ သွေးခွဲ၊ ဖျက်ဆီး၊ သူလျှိုလုပ်နေတဲ့ လှုပ်ရှားမှုတွေနဲ့ အခြားသော ခြိမ်းခြောက်မှု စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရချိန်မှာ၊ သင်တို့အားလုံးအနေနဲ့ ရန်သူနဲ့ မိတ်ဆွေကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နိုင်တဲ့ အသိတရားရှိကြဖို့ တိုက်တွန်းချင်ပါတယ်။ ခြိမ်းခြောက်မှုနဲ့ သွေးဆောင်ဖြားယောင်းမှု ပုံစံမျိုးစုံကို တွန်းလှန်နိုင်မှသာ ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်နိုင်မှာပါ။” လို့ ဗိုလ်လောင်းတွေကို အလေးအနက် မှာကြားခဲ့ပါတယ်။

ဒါ့အပြင် ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ကြဖို့၊ ထိုးဖောက်ဝင်ရောက်မှုတွေကို ကာကွယ်ကြဖို့၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို အခိုင်အမာ စောင့်ရှောက်ကြဖို့နဲ့ “တရုတ်သမ္မတနိုင်ငံ (Republic of China – ထိုင်ဝမ်၏ တရားဝင်အမည်)” နဲ့ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People’s Republic of China)” တို့ဟာ တစ်ခုနဲ့တစ်ခု လက်အောက်ခံမဟုတ်ဘူးဆိုတာကို အခိုင်အမာ ရပ်တည်ကြဖို့ကိုလည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။

ယခု အမျိုးသားကာကွယ်ရေးတက္ကသိုလ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အဆိုပါကောလိပ်ကို ၁၉၅၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ မော်စီတုန်း (Mao Zedong) ရဲ့ ကွန်မြူနစ်တွေကို ပြည်တွင်းစစ်မှာ ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်ကို ဆုတ်ခွာလာခဲ့တဲ့ အစိုးရက တည်ထောင်ခဲ့တာဖြစ်ပြီး၊ အစပိုင်းမှာ နိုင်ငံရေးစစ်ဆင်ရေးတွေနဲ့ စစ်တပ်အတွင်း ကွန်မြူနစ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ရိုက်သွင်းပေးဖို့ အဓိကရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ လိုင်ချင်တယ် မိန့်ခွန်းပြောကြားခဲ့တဲ့ ခန်းမကြီးရဲ့ ဘေးတစ်ဖက်စီမှာ ၁၉၇၅ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ ထိုင်ဝမ်ခေါင်းဆောင်ဟောင်း ချန်ကေရှိတ် (Chiang Kai-shek) ရေးသားခဲ့တဲ့ “နိုင်ငံတော် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းသည် ငါ၏ ကိုယ်ပိုင်တာဝန်ဖြစ်သည်” ဆိုတဲ့ တရုတ်စာတန်းကြီးတွေကို ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ စစ်အေးခေတ်တုန်းက ဒီကောလိပ်မှာ အခြားကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံတွေက အရာရှိတွေကိုပါ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယနေ့တိုင် နိုင်ငံခြားသားကျောင်းသားတွေ တက်ရောက်နေဆဲ ဖြစ်ပါတယ်။

အင်္ဂါနေ့က ကျင်းပတဲ့ သင်တန်းဆင်းပွဲကို ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေးရှိတဲ့ ဘီလိဇ် (Belize)၊ ဂွါတီမာလာ (Guatemala) နဲ့ ပါရာဂွေး (Paraguay) နိုင်ငံတွေက သံအမတ်ကြီးတွေ တက်ရောက်ခဲ့ကြသလို၊ ထိုင်ဝမ်ကို တရားဝင်အသိအမှတ်မပြုပေမယ့် စစ်အေးခေတ်ကတည်းက စစ်ရေးအရ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တဲ့ ဂျော်ဒန်နိုင်ငံက ကိုယ်စားလှယ်တစ်ဦးလည်း တက်ရောက်ခဲ့ပါတယ်။

သတင်း Source: Reuters