ဇွန် ၁၇၊ ၂၀၂၆

The Kaladan Post

 

အမေရိကန်နဲ့ အီရန်နိုင်ငံကြား စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီထားတဲ့ မူဘောင်စာချုပ်မှာ အီရန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံတန် ပုဂ္ဂလိက ရန်ပုံငွေတစ်ခုကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒီရန်ပုံငွေထဲက ထက်ဝက်ကျော်ဖြစ်တဲ့ ဒေါ်လာ ၁၅၀ ဘီလီယံလောက်ကိုတော့ အခုကတည်းက ကတိပြု လက်ခံရရှိထားပြီးပြီလို့ ဒီသဘောတူညီချက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက Reuters သတင်းဌာနကို ပြောကြားထားပါတယ်။ အမေရိကန်၊ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေ၊ အာရှ၊ တောင်အမေရိကနဲ့ အာဖရိကဒေသတွေက ကုမ္ပဏီကြီးတွေဟာ အီရန်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သဘောတူထားကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုဖွဲ့စည်းမယ့် ရန်ပုံငွေဟာ အစိုးရဘတ်ဂျက်တွေ ဒါမှမဟုတ် ထောက်ပံ့ကြေးတွေ မဟုတ်ဘဲ သီးသန့်ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေသာ ဖြစ်တယ်လို့ သိရပါတယ်။ အဓိကအားဖြင့် အီရန်နိုင်ငံရဲ့ စွမ်းအင်၊ ကုန်စည်ပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံသွားဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“ဒီရန်ပုံငွေဟာ နှစ်ဖက်စလုံးအတွက် စီးပွားရေးအရ အကျိုးအမြတ်ရှိစေမှာဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်ကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ တွန်းအားတစ်ခုလည်း ဖြစ်ပါတယ်” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမဲ့ ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်တွေဟာ အမေရိကန်နဲ့ အီရန်ကြား အပြီးသတ် စစ်ပြေငြိမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးမှသာ အမှန်တကယ် စတင်လည်ပတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နှစ်နိုင်ငံအရာရှိတွေဟာ စစ်ပွဲအဆုံးသတ်ဖို့၊ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ရပ်ဆိုင်းဖို့နဲ့ ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ သဘောတူညီခဲ့ကြတာပါ။ လာမယ့် သောကြာနေ့မှာတော့ ဒီကနဦး သဘောတူညီချက်ကို ဝါရှင်တန်နဲ့ တီဟီရန်တို့က လက်မှတ်ရေးထိုးသွားဖို့ ပြင်ဆင်နေကြပြီလို့ သိရှိရပါတယ်။

Source: Reuters (Andrew Mills, Maha El Dahan and Parisa Hafezi)