ဇူလိုင် ၈၊ ၂၀၂၆

The Kaladan Post

 

ပြင်သစ်နိုင်ငံရဲ့ လက်ယာစွန်းနိုင်ငံရေးခေါင်းဆောင် မာရင်းလီပန် (Marine Le Pen) ဟာ ဥရောပသမဂ္ဂ (EU) ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်မှုနဲ့ အပြစ်ရှိကြောင်း အယူခံတရားရုံးက အတည်ပြုခဲ့ပေမဲ့ လာမယ့် ၂၀၂၇ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း အင်္ဂါနေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။ အယူခံတရားရုံးက သူမရဲ့ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်မှုကို လျှော့ပေါ့ပေးခဲ့ပြီးနောက် လီပန်က သူမရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဝဘ်ဆိုက်ကို ချက်ချင်းလွှင့်တင်ခဲ့ပြီး မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့ညပိုင်းက TF1 ရုပ်သံလိုင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ လီပန်က “ဒီညမှာတော့ ကျွန်မဟာ သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း တစ်ယောက် ဖြစ်လာပါပြီ။ ပြင်သစ်ပြည်သူတွေကပဲ နောက်ဆုံးစကားကို ပြောပါလိမ့်မယ်” လို့ ရဲရဲဝံ့ဝံ့ ပြောကြားခဲ့ပါတယ်။ အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီပန်ဟာ ပါတီဝန်ထမ်းတွေကို လစာပေးဖို့အတွက် EU ရန်ပုံငွေတွေကို အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၅ ခုနှစ်၊ မတ်လတုန်းက ၅ နှစ်ကြာ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခြင်း ခံခဲ့ရတာပါ။ ဒါပေမဲ့ အင်္ဂါနေ့က ထွက်ပေါ်လာတဲ့ အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်မှာတော့ အဆိုပါ ပိတ်ပင်မှုကို ၁၅ လအထိ လျှော့ချပေးခဲ့ပြီး အဲဒီကာလဟာလည်း ပြီးခဲ့တဲ့နှစ်ကတည်းက စတင်သတ်မှတ်ခဲ့တာဖြစ်လို့ လက်ရှိမှာတော့ သူမအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ အရည်အချင်း ပြည့်မီသွားပြီ ဖြစ်ပါတယ်။

အယူခံတရားရုံးက လီပန်မှာ အပြစ်ရှိကြောင်း အတည်ပြုခဲ့ပေမဲ့ “မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်ပိုင်ခွင့် လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီနည်းကျ ဆန္ဒမဲပေးမှုကို ထည့်သွင်းစဉ်းစားပြီး” ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့တာလို့ ဆိုပါတယ်။ လီပန်ကတော့ သူမအနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ အမြဲငြင်းဆိုထားပြီး အခုဆုံးဖြတ်ချက်ကိုလည်း နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံး (Cour de Cassation) ဆီ ထပ်မံအယူခံဝင်သွားမှာ ဖြစ်ပါတယ်။ အမြင့်ဆုံးတရားရုံးကို အယူခံဝင်ထားတဲ့အတွက် သူမအနေနဲ့ ခြေချင်းဝတ်မှာ အီလက်ထရွန်နစ် စောင့်ကြည့်ကိရိယာ (Tag) တပ်ဆင်ရမယ့် ပြစ်ဒဏ်ဟာလည်း ယာယီဆိုင်းငံ့သွားမှာ ဖြစ်ပါတယ်။

လီပန်ဦးဆောင်တဲ့ အမျိုးသားပြန်လည်စုစည်းရေး (RN) ပါတီဟာ လက်ရှိမှာ ပြင်သစ်အောက်လွှတ်တော်ရဲ့ အကြီးဆုံးပါတီ ဖြစ်နေသလို လူထုစစ်တမ်းတွေမှာလည်း သူမက ထိပ်ဆုံးက ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေကတော့ အစိုးရရန်ပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ ပြစ်ဒဏ်ကျထားသူတစ်ဦးအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မသင့်တော်ဘူးလို့ ဝေဖန်နေကြပါတယ်။ [Green ပါတီခေါင်းဆောင်] မာရင်းတွန်ဒယ်လီယာက “ပုံမှန်ကမ္ဘာမှာဆိုရင်တော့ လီပန်ဟာ ရွေးကောက်ပွဲကနေ နုတ်ထွက်သွားရမှာပါ။ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်ထားတဲ့သူတစ်ယောက်က ရွေးကောက်ပွဲဝင်ဖို့ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ လီပန်ကတော့ သူမအနေနဲ့ ၂၀၂၇ မှာ မပြိုင်ဖြစ်မယ့် အခြေအနေ လုံးဝမရှိတော့ဘူးလို့ ဆိုထားပါတယ်။

သတင်း Source: Reuters