စက်တင် ၄၊ ၂၀၂၆

The Kaladan Post

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကို သံတမန်ရေးအရ သီးခြားခွဲထုတ်ရန် အမေရိကန်၏ ကြိုးပမ်းမှုများသည် နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအပေါ် ယုံကြည်မှုကို ပျက်ပြားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ICC အုပ်ချုပ်ရေးအဖွဲ့၏ လက်ရှိနှင့် ဥက္ကဋ္ဌဟောင်းများက ကြာသပတေးနေ့ (စက်တင်ဘာလ ၄ ရက်) တွင် ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။

ICC အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး လက်ရှိဥက္ကဋ္ဌ ပိုင်ဗီ ကောကိုရန်တာ (Paivi Kaukoranta) နှင့် ဥက္ကဋ္ဌဟောင်း ၇ ဦးတို့ ပူးတွဲရေးသားသည့် ဆောင်းပါးတွင် “တရားရုံးကို သံတမန်ရေးအရ သီးခြားခွဲထုတ်ဖို့ ကြိုးပမ်းမှုတွေဟာ အဖွဲ့အစည်းတစ်ခုတည်းကိုတင် မဟုတ်ဘဲ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအပေါ် ယုံကြည်မှုကိုပါ ပျက်ပြားစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်” ဟု ပါရှိပါတယ်။ ဒါ့အပြင် “ICC ဟာ နောက်ဆုံး အားကိုးရာ တရားရုံး ဖြစ်ပါတယ်” ဟုလည်း အလေးအနက် ဖော်ပြထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရသည် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု နှင့် ပတ်သက်သည့် ဂါဇာ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုများကြောင့် ICC တရားသူကြီးများနှင့် အရာရှိများကို ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်ပါတယ်။ ထို့အပြင် အမေရိကန်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနှင့် WHO အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း အများအပြားမှ နှုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။

Source – Al Jazeera