ရန်ကုန်မြို့တွင် စက်သုံးဆီချွေတာရေး စုံ/မ မဟာစီမံချက်ကို အခွင့်ကောင်းယူ ငွေညှစ်မှု မြင့်တက်
မတ် ၁၀
The Kaladan Post
စစ်တပ်က စက်သုံးဆီချွေတာရေးဆိုကာ မတ်လ ၇ ရက်မှ စတင်ပြီး ရန်ကုန်မြို့တွင် ကားနံပါတ်ပြား အလိုက် စုံရက်နှင့် မရက်ခွဲခြားမောင်းနှင်ရန်နှင့် ၎င်းသည် မတ်လ ၁၃ ရက်အထိ ပညာပေးကာလ သတ်မှတ်ထားပြီး မတ်လ ၁၄ ရက်မှ စတင်ကာ မလိုက်နာပါက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ် ၁ လနှင့် ငွေဒဏ် ၂ သောင်း ချမှတ်မည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။ သို့သော် ယင်းထုတ်ပြန်ချက်ကို အကြောင်းပြု၍ ယာဉ်ထိန်းရဲများနှင့် ပူးပေါင်းအဖွဲ့များက လမ်းပေါ်တွင် ကားများကို တားဆီးစစ်ဆေးကာ ငွေညှစ်မှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ခံ ပြည်သူများက ပြောဆိုနေကြသည်။ ပညာပေးကာလ အတွင်းပင် စုံ/မ စနစ်မလိုက်နာသည်ဟု ဆိုကာ ငွေကျပ် ၂ သောင်း အတင်းတောင်းခံမှုများ၊ ခြိမ်းခြောက်မှုများ ရှိနေပြီး ကလေးကျောင်းကြိုပို့ မိဘများအပါအဝင် ပုံမှန်လှုပ်ရှားမှုများတွင်ပင် အခက်အခဲ ကြုံနေရကြောင်း သိရသည်။ အထူးသဖြင့် မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကာလတွင် ကျောင်းသားများကို ကြိုပို့ရန် အခက်တွေ့ နေကြကြောင်း သိရသည်။ စုံ/မ စနစ်ကို မလိုက်နာသူများကို One Stop Service အဖွဲ့က အရေးယူ မည်ဖြစ်သော်လည်း လက်တွေ့တွင် ယာဉ်ထိန်းရဲများက စည်းကမ်းဖောက်ဖျက်မှု အကြောင်းပြချက် အမျိုးမျိုးဖြင့် ငွေတောင်းခံနေမှုများက ပြည်သူများအကြား ဝေဖန်မှုများ ပြင်းထန်စွာ ရှိနေသည်။ အဆိုပါ စီမံချက်သည် ဆီချွေတာရေးထက် ငွေရှာလမ်းဖြစ်လာနေသည်ဟု ယာဉ်မောင်းသမားအချို့က ဆိုကြသည်။

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှင့် ပဋိပက္ခများကြောင့် အစားအသောက်မလုံလောက်မှု ပိုမိုဆိုးရွား
မတ် ၁၀
The Kaladan Post
မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု မြင့်တက်လာမှု၊ စီးပွားရေး ကျဆင်းမှု၊ ပဋိပက္ခများနှင့်လေကြောင်း တိုက်ခိုက်မှုများကြောင့် တချို့ မိသားစုများသည် ထမင်းနပ်မှန်အောင် မစားနိုင်တော့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က မတ်လ ၉ ရက်တွင် ထုတ်ပြန် သည်။ အခြေအနေများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာနေပြီး အသက်ရှင်ရန်အတွက် အန္တရာယ်များသော ခရီးများကို ထွက်ပြေးနေရသည်ဟု ဆိုသည်။ ကမ္ဘာ့ဘဏ်အရ ၂၀၂၅ ခုနှစ် ဧပြီလအထိ ငွေကြေးဖောင်းပွမှု နှုန်း ၃၄ ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး နောက်ပိုင်းတွင် လျော့ကျလာသော်လည်း ၂၀ ရာခိုင်နှုန်းထက်ကျော်လွန်၍ ဆက်ရှိနေမည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် ပဋိပက္ခများကြောင့် လူပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ ချိုးဖောက်မှု များလည်း ရှိနေကြောင်း UNOCHA က ထောက်ပြထားသည်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများသည် လုံခြုံရေး အခက်အခဲ၊ ရန်ပုံငွေ မလုံလောက်မှုနှင့် သွားလာရေး ကန့်သတ်ချက်များကြောင့် အဟန့်အတားများ ရှိနေသည်။ လက်ရှိတွင် အဆိုးရွားဆုံး အခြေအနေနှင့် ကြုံနေရသော လူဦးရေ နှစ်သန်းခွဲကျော်ကို အဓိက ကူညီရန် ပြင်ဆင်နေပြီး စုစုပေါင်း လူဦးရေ ငါးသန်းခန့်ဆီ အသက်ကယ် အကူအညီများ ရောက်ရှိနိုင်ရန် အမေရိကန်ဒေါ်လာ ၈၉၀ သန်း လိုအပ်ကြောင်း အလှူရှင်များထံ တောင်းဆိုထားသည်ဟု ဆိုသည်။

စစ်တပ်က ငြိမ်းချမ်းရေးအကြောင်းပြ လှည့်ဖြားရန် ကြိုးစားလာနိုင်သဖြင့် တော်လှန်ရေး အင်အားစုများ လုံးဝ မယုံမှားရန် NUG တိုက်တွန်း
မတ် ၁၀
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စစ်တပ်က ငြိမ်းချမ်းရေး နှင့် တွေ့ဆုံဆွေးနွေးရေး အကြောင်းပြ၍ ဖိတ်ခေါ်မှုများ ပြုလုပ်လာနိုင်သဖြင့် တော်လှန်ရေး ဦးတည်ချက်နှင့် လမ်းကြောင်းမှန်မှ သွေဖယ်မသွားရန် မတ်လ ၉ ရက်က အွန်လိုင်း (Zoom) မှတဆင့် ကျင်းပခဲ့သော ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်၏ ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် သတိပေး ပြောကြားခဲ့သည်။ စစ်အုပ်စုသည် အာဏာသိမ်းပြီး ငါးနှစ်ကျော်ကာလ လက်နက်ဖြင့် စိုးမိုးထား သော်လည်း နိုင်ငံတကာနှင့် ပြည်သူ့ထံမှ တရားဝင်မှု (Legitimacy) လုံးဝ မရရှိခဲ့ကြောင်း ထောက်ပြ သည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ အပိုင်းလိုက် ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲကို အသုံးချ၍ အာဆီယံနှင့် ကမ္ဘာ့နိုင်ငံများကို လိမ်လည်ရန် ကြိုးပမ်းနေ ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ ထို့ကြောင့် စစ်ကောင်စီ၏ လုပ်ရိုးလုပ်စဉ်အတိုင်း ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး စသည့် လမ်းကြောင်းများကို အကြောင်းပြ၍ ဖိတ်ခေါ်မှုများ လုပ်ဆောင်လာ နိုင်သည်ဟု သတိပေးကာ တော်လှန်ရေး အင်အားစုများ၏ စုစည်းညီညွတ်မှုကို ပြသရမည့် အချိန်ဖြစ် ကြောင်း အလေးပေး ပြောကြားခဲ့သည်။ NUG အနေဖြင့် တော်လှန်ရေး ဦးဆောင်အဖွဲ့များအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေရေး ဆက်တိုက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေပြီး အားကောင်း သော စုဖွဲ့မှုဖြင့် အာဏာရှင်စနစ် အမြစ်ပြတ် ဖယ်ရှားရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့ပြင် စစ်တပ်က ပြည်သူ ထောက်ခံခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဥပဒေမဲ့ ဖျက်သိမ်းခဲ့သော်လည်း ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အာဏာကို ခိုင်မာစွာ ကိုင်စွဲထားရန် လိုအပ်ကြောင်း၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် နိုင်ငံရေး ထွက်ပေါက်ရှာသည့် အနှစ်မဲ့ အခင်းအကျင်းသာ ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အသိအမှတ်ပြုမည် မဟုတ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းရှိ စစ်တပ်-၃၄၄ အမြောက်တပ်ရင်းကို AA နှင့် ပူးပေါင်းတပ်များက အရှိန်မြှင့် ထိုးစစ်ဆင်
မတ် ၁၀
The Kaladan Post
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ မြောက်စမ်းကျေးရွာတွင် တည်ရှိသော စစ်တပ်၏ အမတ (၃၄၄) အမြောက်တပ်ရင်းအနီး၌ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်မှု ပြင်းထန်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ရှေ့တန်း ကာကင်း စခန်းအချို့နှင့် လက်နက်ကြီး၊ လက်နက်ငယ်အချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ စစ်တပ်ဘက် မှ အထိနာမှုများပြားပြီး အလောင်းများကိုလည်း အမတ (၃၄၄) တပ်ရင်းအတွင်းသို့ ဆွဲထုတ်သွားသည် ဟု သတင်းရင်းမြစ်က ဆိုသည်။ လက်ရှိတွင် AA နှင့် ပူးပေါင်းတပ်များက အမတ (၃၄၄) ကို အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အဖက်ဖက်မှ ပိတ်ဆို့ထားကာ စစ်ကူမရောက်ရှိနိုင်ရန် လမ်းကြောင်း များကို ဖြတ်တောက်ထားကြောင်း သိရသည်။ ဖျာပုံအခြေစိုက် ခလရ (၉၈) နှင့် ဓနုဖြူအခြေစိုက် ခလရ (၁၀၈) တပ်ရင်းများက သီတာကုန်းပြင်ဘက်သို့ စစ်ကြောင်းထိုးထွက်ခဲ့သော်လည်း AA က ကြားဖြတ်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။ အမတ (၃၄၄) နှင့် ပူးတွဲ ခံစစ်ဆင်ခဲ့သော တပ်ရင်းများ အပြင်သို့ ထွက်ခွာသွားပြီးနောက် တပ်ရင်းကို ဝိုင်းရံတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။ အာရက္ခတပ်တော်သည် ရခိုင်ရိုးမတစ်လျှောက် ဧရာဝတီတိုင်းအတွင်း ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံ၊ ငါးသိုင်းချောင်း စသည့် မြို့နယ်များအထိ ထိုးစစ်ဆင်လျက်ရှိပြီး ရွှေသောင်ယံမြို့နယ်အတွင်း ကျေးရွာအချို့နှင့် ဂွ-ငါးသိုင်းချောင်းလမ်းပိုင်း စစ်စခန်းတစ်ခုကိုပါ သိမ်းပိုက်ထိန်းချုပ်ထားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလအတွင်း စစ်ဘက်မှ အလင်းဝင်လာသူနှင့် အညံ့ခံသူ ၂၀၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင်ပြော
မတ် ၁၀
The Kaladan Post
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အလင်းဝင်ပူးပေါင်း၊ လက်နက်ချ အညံ့ခံ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီး ခံရသူ စုစုပေါင်း ၂၀၀ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်သည်။ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ပူးပေါင်းလာသူ ၄၅ ဦး၊ လက်နက်ချ အညံ့ခံသူ ၂၇ ဦး၊ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံရသူ ၁၂၇ ဦး ရှိခဲ့သည်ဟာ ဆိုသည်။ အလင်းဝင်လာသူ ၄၅ ဦးထဲတွင် စစ်မှုထမ်းတပ် သားသစ် ၃၆ ဦး ပါဝင်ကြောင်း သိရသည်။ စစ်သုံ့ပန်း ဖမ်းဆီးရမိမှုတွင် စစ်ကိုင်းတိုင်း ၁၀၃ ဦး၊ ကချင် ပြည်နယ် ၁၀ ဦး၊ ပဲခူးတိုင်း ၅ ဦး၊ ချင်းပြည်နယ် ၃ ဦး၊ မွန်ပြည်နယ် ၂ ဦး၊ တနင်္သာရီတိုင်း ၁ ဦး ဖြစ်ပြီး စစ်သား ၁၂၄ ဦး၊ ပြည်သူ့စစ် ၃ ဦး ပါဝင်ကာ ထိုထဲမှ ၆ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။ လက်နက်ချ အညံ့ခံသူများတွင် စစ်သား ၁၇ ဦး၊ ရဲ ၁၀ ဦး ရှိခဲ့ပြီး စစ်သား ၁၀ ဦးမှာ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူများ ဖြစ်ကြောင်း ဆိုသည်။ လက်နက်ချသူများအနက် ကရင်ပြည်နယ် ၁၀ ဦး၊ ကချင် ပြည်နယ် ၆ ဦး၊ တနင်္သာရီတိုင်း စစ်သား ၁ ဦး၊ ရဲ ၁၀ ဦး ဖြစ်သည်။ အလင်းဝင်ရောက်မှု အခြေအနေ အရ မကွေးတိုင်း ၁၀ ဦး၊ ကရင်ပြည်နယ် ၉ ဦး၊ ချင်းပြည်နယ် ၇ ဦး၊ မွန်ပြည်နယ် ၄ ဦး၊ ပဲခူးတိုင်းနှင့် ကချင်ပြည်နယ် ၃ ဦးစီ၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် ၂ ဦးစီ၊ တနင်္သာရီတိုင်း ၁ ဦး၊ စစ်ကိုင်းတိုင်း စစ်သား ၄ ဦး၊ ပြည်သူ့စစ် ၁ ဦး စသည်ဖြင့် ဖြစ်သည်။ ပြည်သူ့ပန်းတိုင်အဖွဲ့၏ စာရင်းအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ တစ်နှစ်ကျော်ကာလအတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂,၉၅၆ ဦး အထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

လူထုခေါင်းဆောင်မပါဘဲ မြန်မာ့အနာဂတ် ဖော်ဆောင်၍ မရနိုင်ဟု CRPH ဥက္ကဋ္ဌ ပြတ်သားပြော
မတ် ၁၀
The Kaladan Post
မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ မပါဝင်ဘဲ နိုင်ငံ အနာဂတ်ခရီးကို ဆက်လက်ဖော်ဆောင်ရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ၂၀၂၆ ခုနှစ် မတ်လ ၉ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သော (၁၁) ကြိမ် မြောက် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ဦး အောင်ကြည်ညွန့်က ၂၀၂၀ ရွေးကောက်ပွဲမှ ရရှိထားသော ပြည်သူ့ကိုယ်စားပြုမှုကို မည်သည့်နည်းဖြင့် မဆို ချေဖျက်၍ မရကြောင်း ပြောဆိုခဲ့ပြီး စစ်တပ်၏ ရွေးကောက်ပွဲများသည် အတုအယောင်သာ ဖြစ် ကာ ကမ္ဘာ့နိုင်ငံများက ငြင်းပယ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။ ကျွန်တော်တို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယကို လျှော့ချလိုက်လို့ မဖြစ်ကြောင်း ဒီကနေ့ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ အစီအစဉ်တွေ၊ တင်ပြမယ့်အဆို တွေ၊ မြန်မာနိုင်ငံအတွက် မရှိမဖြစ်၊ မြန်မာ့နိုင်ငံရေးမှာ ဖယ်ထားလို့မရတဲ့ လူထုခေါင်းဆောင် နိုင်ငံ တော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီး ဦးဝင်းမြင့်တို့ကို ဒီကနေ့ အချိန်အထိ ကုလသမဂ္ဂမှာ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ် ဟု ၎င်းက ဆိုသည်။ လွှတ်တော်ကဏ္ဍ အနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် အစုအဖွဲ့ တစ်ခု၏ အာဏာရရှိ ရေးအတွက် မဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးကိုသာ ဦးတည်နေကြောင်း ရှင်းလင်း ပြောဆိုခဲ့သည်။ထို့ပြင် ကုလသမဂ္ဂတွင် ယနေ့တိုင် အသိအမှတ်ပြုခံရဆဲ ဖြစ်သော လူထု ခေါင်းဆောင်များအပေါ် မမှိတ်မသုန် ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ပြည်သူ့ဆန္ဒအတိုင်း ရပ်တည်နေသော မြန်မာ့တော်လှန်ရေး အင်အားစုများကို ဆက်လက် ကူညီ ပံ့ပိုးပေးရန် တိုက်တွန်းခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်တပ်နှင့် SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွား
မတ် ၁၀
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု အတွင်းရှိ ပုံဝိုးကျေးရွာနှင့် ကွမ်ဟင် ကျေးရွာအနီး၌ ယနေ့ မတ်လ ၁၀ ရက် နံနက် ၁၁:၁၅ နာရီခန့်မှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSPP Info က ထုတ်ပြန်သည်။ ၎င်းထုတ်ပန်ချက်အရ စစ်ကောင်စီ၏ ခမရ (၁၁၅) တပ်ရင်းမှ အင်အား ၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကြောင်းသည် SSPP/SSA တပ်စခန်းတည်ရှိရာ ပုံဝိုးကျေးရွာအနီးသို့ ထိုးစစ်ဆင် ဝင်ရောက်လာပြီး ပစ်ခတ်မှုဖြင့် စတင်ခဲ့ရာ နှစ်ဘက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲသည် နံနက် ၁၁:၁၅ နာရီမှ နေ့လည် ၁၂:၂၅ နာရီအထိ ကြာမြင့်ခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှု အခြေအနေကို လက်ရှိအချိန်ထိ အတိအကျ မသိရသေးကြောင်း ၎င်းက ပြောဆို သည်။ လက်ရှိတွင် စစ်ကောင်စီဘက်မှ ပုံဝိုး၊ ကွမ်ဟင်၊ တော်လေ နှင့် လေလွယ်ကျေးရွာများတွင် စစ်အင်အားဖြည့်တင်းထားကာ နှစ်ဘက်စစ်ရေး တင်းမာမှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

တကောင်းမြိုမှ PDF ပူးပေါင်းအဖွဲ့များ ယာယီဆုတ်ခွါပြီး စစ်တပ်က ပြန်လည်ထိန်းချုပ်
မတ် ၁၀
The Kaladan Post
မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ခဲ့သည့် နောက်ဆုံးကျန်ရှိသော တကောင်းမြို့ကို ယနေ့ မတ်လ ၁၀ ရက်တွင် စစ်တပ်ဖွဲ့က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ စစ်တပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမ ပတ်ခန့်မှ စတင်ကာ တင်းငယ်ရွာဘက်မှ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်းဗုံး၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကို တပြိုင်နက်တည်း အသုံးပြုခဲ့သည်။ မတ်လ ၉ ရက် တွင် တကောင်းမြို့နှင့် နှစ်မိုင်ခန့်အကွာ မကျီးကုန်း၊ ဆင်ညှပ်ကုန်းရွာများကို ထိန်းချုပ်ပြီးနောက် ဆက်လက်ထိုးစစ်ဆင်ရာ PDF ပူးပေါင်းတပ်ဖွဲ့များက နောက်ဆုတ်ပေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ တကောင်းမြို့သည် မန္တလေးတိုင်းအတွင်း PDF အဖွဲ့များ ထိန်းချုပ်နိုင်ခဲ့သည့် နောက်ဆုံးမြို့ တစ်မြို့ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တော်လှန်ရေးတပ်များက သိမ်းပိုက်ထားခဲ့သည်။ ထို့ကြောင့် မန္တလေးတိုင်းတစ်တိုင်းလုံး စစ်ကောင်စီလက်အောက်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဆိုနိုင်သည်။ စစ်တပ်က တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် တကောင်း-မိုးမိတ်-မိုးကုတ် လမ်းကြောင်းကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များက တွင်းငယ်-တကောင်း လမ်းကြောင်းတစ်လျှောက် ရွာစဉ်လိုက် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ကာ ရွေ့လျားလာ ခဲ့ပြီး မြို့တွင်းတိုက်ပွဲ ပြင်းထန်မှုနှင့် ကြာရှည်နိုင်သည့် အရိပ်အယောင်များ ရှိနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုထားသည်။ သို့သော် စစ်ကောင်စီ၏ သမာဓိကျသော ထုနှင့် တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အကျိုးမဲ့ ခံစစ်ပြင်ဆင်မည်မဟုတ်ဘဲ ယာယီ ဆုတ်ခွာပေးနိုင်ကြောင်း၊ ထိုသို့ လက်လွှတ်ရခြင်းသည် စစ်ပွဲ၏ သဘောတရားသာဖြစ်ကြောင်း အသိပေးထားသည်။

စစ်တပ်ဖမ်းဆီးထားသော ပြည်သူ ၃၀၀ ကျော်ကို ကယ်ထုတ်ရင်း တော်လှန်ရေးရဲဘော် ၁၁ ဦး ကျဆုံး
မတ် ၁၀
The Kaladan Post
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ပြည်သူ ၃၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၅) နှင့် (၂၆) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ (၃၇၀၂၊ Spring Warriors၊ အထူးကွန်မန်ဒို၊ တော်ဝင်ဒေါင်း၊ တောကျီးကန်း၊ ၃၇၀၃ စသည်) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၇)၊ (၉)၊ ကွန်မန်ဒိုတပ်ဖွဲ့များနှင့် ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း၍ ကယ်ထုတ်နိုင်ခဲ့ကြောင်း PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်သည်။ စစ်ကောင်စီတပ်မတော် (၇၇) ဦးဆောင်သော အင်အား ၁၀၀ ပါ စစ်ကြောင်း ၄ ကြောင်းသည် မတ်လ ၅ ရက် နံနက် ၅ နာရီဝန်းကျင်တွင် ကာမီကာဇေ၊ လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ရေတွင်းကုန်း၊ ခရုကုန်း၊ ကျောင်းကုန်း ကျေးရွာများသို့ ထိုးစစ်ဆင်ဝင်ရောက်ခဲ့ပြီး ပြည်သူ ၃၀၀ ကျော်ကို ဖမ်းဆီးကာ ကလေး ၃ ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး၊ သက်ကြီးရွယ်အို အပါအဝင် အပြစ်မဲ့ ပြည်သူ ၄၀ ကျော်ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ကယ်ထုတ် စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ PDF ရဲဘော် ၉ ဦး၊ KNLA ရဲဘော် ၂ ဦး စုစုပေါင်း ၁၁ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်မှ စစ်သား ၁၀ ဦးကျော် သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပူးပေါင်းတပ်ဖွဲ့များက ပြည်သူ ၃၀၀ ကျော်ကို ထိခိုက်မှုမရှိ ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး လွတ်မြောက်ရာ ဒေသများသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
