မတ် ၁၁

The Kaladan Post

 

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘာတစ်ဝန်း စက်သုံးဆီပြတ်လပ်လာမယ့်အရေးကို စိုးရိမ်ပြီး ထိုင်းအစိုးရက စက်သုံးဆီချွေတာရေး အစီအမံအနေနဲ့ အစိုးရအရာရှိတွေကို အတတ်နိုင်ဆုံး အိမ်ကနေပဲ အလုပ်လုပ် (Work From Home) ကြဖို့နဲ့ ပြည်ပခရီးစဉ်တွေ ဆိုင်းငံ့ထားဖို့ ညွှန်ကြားလိုက်ပါတယ်။

ဒီအမိန့်ကို ထိုင်းအိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင်ချန်ဝီယာကူက ထုတ်ပြန်လိုက်တာပါ။ မတ်လ ၁၀ ရက်နေ့မှာ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ဒီညွှန်ကြားချက်ကို လက်ခံရရှိခဲ့ပြီး “ဒီညွှန်ကြားချက်တွေဟာ အရှေ့အလယ်ပိုင်း ဒေသက စစ်ရေး အခြေအနေနဲ့ နောက်ဆက်တွဲ လောင်စာဆီဖူလုံရေးကိစ္စတွေနဲ့ တိုက်ရိုက် ဆက်နွှယ်နေပါတယ်” လို့ အစိုးရ ပြောရေးဆိုခွင့်ရ အမျိုးသမီး လာလီဒါပါရစ်ဝီဝတ်ထာနာက ပြောပါတယ်။

ဝန်ကြီးချုပ်ရဲ့ အမိန့်အရ အစိုးရဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရပိုင်လုပ်ငန်းတွေဟာ အွန်လိုင်းကနေတစ်ဆင့် အိမ်ကနေပဲ ချက်ချင်းစတင် အလုပ်လုပ်ကြရမှာပါ။ ဒါပေမဲ့ မဖြစ်မနေ အလုပ်ခွင်သွားဖို့ လိုအပ်တဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကတော့ ဒီညွှန်ကြားချက်ကနေ ကင်းလွတ်ခွင့် ရရှိထားပါတယ်။ ဒါ့အပြင် အစိုးရအရာရှိတွေရဲ့ ပြည်ပခရီးစဉ်တွေနဲ့ အစည်းအဝေးသွားတက်တာတွေကိုလည်း လောလောဆယ် ဆိုင်းငံ့ထားရမှာ ဖြစ်ပါတယ်။

စွမ်းအင်ခြွေတာရေး နောက်ထပ်အစီအမံတစ်ခုအနေနဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း အစိုးရရုံးတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို အကြံပြုထားတာတွေ ရှိပါတယ်။ အဲဒါတွေကတော့ အဲကွန်းတွေကို ၂၆ ဒါမှမဟုတ် ၂၇ ဒီဂရီလောက်မှာပဲထားဖို့၊ ဝန်ထမ်းတွေ လည်စည်း (Necktie) မဝတ်ဘဲ လက်တိုရှပ်အင်္ကျီနဲ့ ပေါ့ပေါ့ပါးပါး ရုံးတက်ကြဖို့၊ ပွဲလမ်းသဘင်ကလွဲလို့ မလိုအပ်တဲ့ မီးတွေပိတ်ထားဖို့နဲ့ ဓာတ်လှေကား၊ မိတ္တူကူးစက် အသုံးပြုမှုတွေကို လျှော့ချဖို့ပဲ ဖြစ်ပါတယ်။

အကယ်လို့ အရှေ့အလယ်ပိုင်းစစ်ပွဲသာ ဆက်လက်ကြာရှည်နေပြီး လောင်စာဆီရရှိရေး အခြေအနေ မကောင်းလာဘူးဆိုရင်တော့ ကြော်ငြာဘေလ်ဘုတ်က မီးတွေပိတ်ခိုင်းတာ၊ အဝေးပြေးလမ်းမကြီးတွေကလွဲပြီး တခြားနေရာက ဆီဆိုင်တွေကို ည ၁၀ နာရီနောက်ပိုင်း ပိတ်ခိုင်းတာ စတဲ့ အစီအစဉ်သစ်တွေ ထပ်ထွက်လာနိုင်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အခုလို ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပေမယ့် လောလောဆယ် ထိုင်းနိုင်ငံမှာ စက်သုံးဆီ ပြတ်တောက်မှုတော့ မရှိသေးဘူးလို့ စွမ်းအင်ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

 

ဓာတ်ပုံ – Bangkok Post)