မတ် ၁၁

The Kaladan Post

 

ဩစတြေးလျအစိုးရက အရှေ့အလယ်ပိုင်းဒေသဆီကို ဒုံးကျည်တွေ ပို့ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အီရန်ကိုသွားတိုက်ဖို့အတွက် ခြေလျင်တပ်တွေကိုတော့ စေလွှတ်သွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

အခုလို အီရန်စစ်ပွဲဂယက်က အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရိုက်ခတ်နေတဲ့အချိန်မှာ ဩစတြေးလျက ယူအေအီး (UAE) နိုင်ငံဆီ ဒုံးကျည်တွေ ပို့ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒုံးကျည်တွေတင်မကဘဲ ထောက်လှမ်းရေးလေယာဉ်တစ်စီးကိုပါ ပို့ပေးသွားမယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်က မတ်လ (၁၀) ရက်နေ့မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်က “ကျွန်တော်တို့အနေနဲ့ အရှေ့အလယ်ပိုင်းမှာ လက်နက်တွေချထားရတဲ့ အဓိကရည်ရွယ်ချက်က အီရန်ဘက်က တိုက်ခိုက်လာတာတွေကို ကြားဖြတ်ဟန့်တားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးရည်မှန်းချက်ဟာ ခုခံကာကွယ်ဖို့ သက်သက်ပါပဲ။ အီရန်ပိုင်နက်ထဲကို ခြေလျင်တပ်တွေ လွှတ်သွားမှာ မဟုတ်ပါဘူး” လို့ သတင်းထောက်တွေကို အတိအလင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူက “ဒီအရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခမှာ ဝင်ပါရတဲ့ ရည်ရွယ်ချက် နှစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဒီဒေသထဲမှာရှိနေတဲ့ ကျွန်တော်တို့ ဩစတြေးလျနိုင်ငံသားတွေကို ကာကွယ်ဖို့ရယ်၊ ယူအေအီးမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေကို ကူညီပေးဖို့ရယ်ပဲ ဖြစ်ပါတယ်” လို့လည်း ထပ်လောင်းပြောဆိုခဲ့ပါသေးတယ်။

ဩစတြေးလျဘက်က ယူအေအီးဆီ ပို့ပေးမယ့် ဒုံးကျည်တွေကတော့ တာလတ်ပစ် လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေပါ။ ဒါ့အပြင် Boeing ကုမ္ပဏီက ထုတ်ထားတဲ့ E-7A လေကြောင်းထောက်လှမ်းရေးနဲ့ အန္တရာယ်ကြိုတင်သတိပေး လေယာဉ်တစ်စီးကိုလည်း ယူအေအီးနဲ့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ လေပိုင်နက်ကာကွယ်ရေးအတွက် သီတင်းလေးပတ်ကြာ ချထားပေးမယ်လို့လည်း ကြေညာထားပါတယ်။

ဒီလို လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေပို့ပေးဖို့ဆိုတာကို ယူအေအီးသမ္မတ မိုဟာမက် ဘင်ဇာယက် အယ်လ်နာယန်းနဲ့ ဖုန်းပြောအပြီးမှာ ဝန်ကြီးချုပ်က သဘောတူခဲ့တာဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းမှာ စစ်ပွဲစတင်ဖြစ်ပွားချိန်တုန်းက အဲဒီဒေသမှာ ဩစတြေးလျနိုင်ငံသား (၁၁၅,၀၀၀) လောက် ပိတ်မိနေခဲ့ပြီး အခုချိန်ထိတော့ လူပေါင်း (၂,၆၀၀) ကျော်ကို နေရပ်ဆီ ဘေးကင်းကင်းနဲ့ ပြန်ခေါ်ထားနိုင်ခဲ့ပြီလို့လည်း သိရပါတယ်။

ကိုးကား – Reuters
ဓာတ်ပုံ – Department of Defence