ဩဂုတ် ၁၊ ၂၀၂၆
The Kaladan Post
တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) ရဲ့ တောင်းဆိုချက်အတိုင်း မြောက်ကိုရီးယားနိုင်ငံဆီ သွားရောက်ပြီး နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် ကူညီပေးဖို့ အသင့်ရှိနေတယ်လို့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က သောကြာနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှား ကုန်သည်စက်မှုအသင်းချုပ်နဲ့ တွေ့ဆုံစဉ်အတွင်း သမ္မတ ပရာဘိုဝိုက အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အမေရိကန်၊ တရုတ်တို့အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရေးတည်ဆောက်လိုတဲ့ မူဝါဒအကြောင်း ပြောဆိုရင်း ပြီးခဲ့တဲ့ ဧပြီလက ဆိုးလ်မြို့ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတက အကူအညီတောင်းခဲ့တာကို ပရာဘိုဝိုက ပြန်လည်ပြောပြခဲ့ပါတယ်။ သမ္မတ ပရာဘိုဝိုက “တောင်ကိုရီးယားကို ကျွန်တော် သွားတုန်းက သူတို့သမ္မတက ကျွန်တော့်ကို မြောက်ကိုရီးယားဆီ သွားပြီး တွေ့ဆုံဆွေးနွေးပွဲတွေ လမ်းဖွင့်ပေးနိုင်မလားလို့ မေးခဲ့ပါတယ်။ ကျွန်တော်ကတော့ အပြည့်အဝ ကူညီချင်တဲ့ သဘောနဲ့ ခင်ဗျားတို့ သာတောင်းဆိုမယ်ဆိုရင် ကျွန်တော် သွားပေးပါ့မယ်လို့ ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ဖက်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတာကြောင့် ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒီပြောကြားချက်နဲ့ ပတ်သက်လို့ [တောင်ကိုရီးယား သမ္မတရုံး] က အင်ဒိုနီးရှားလို ပြုံးယမ်းရော ဆိုးလ်နဲ့ပါ ချစ်ကြည်ရေးရှိတဲ့ နိုင်ငံတွေဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ ဒီလိုပူးပေါင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။ အင်ဒိုနီးရှားဟာ ဘက်မလိုက်မူဝါဒကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး သမ္မတ ပရာဘိုဝိုဟာ ပြီးခဲ့တဲ့ မတ်လကလည်း အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲမှာ ကြားဝင်စေ့စပ်ပေးဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ဟာ လွန်ခဲ့တဲ့နှစ်က တာဝန်စတင်ယူချိန်ကတည်းက မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ လျှော့ချဖို့ ကြိုးပမ်းခဲ့ပေမဲ့ ပြုံးယမ်းဘက်ကတော့ တောင်ကိုရီးယားကို “ရန်လိုသောနိုင်ငံ” အဖြစ် သတ်မှတ်ကာ ဆွေးနွေးပွဲ ကမ်းလှမ်းမှု အားလုံးကို ငြင်းပယ်ထားခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ အင်ဒိုနီးရှားရဲ့ ကြားဝင်စေ့စပ်ပေးမယ့် အစီအစဉ်ကတစ်ဆင့် ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်မလားဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။
သတင်းရင်းမြစ် – Reuters