ဇူလိုင် ၃၁၊ ၂၀၂၆
The Kaladan Post
ဂျပန်နိုင်ငံအခြေစိုက် အမေရိကန်တပ်ဖွဲ့ (USFJ) တွေရဲ့ ကွပ်ကဲမှုဌာနချုပ်ကို အင်အားတိုးချဲ့လိုက်တာဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်ပွားဖို့အတွက် ဖြစ်နိုင်ခြေထက် “အချိန်ကာလ” တစ်ခုကိုပဲ စောင့်ဆိုင်းရတော့မယ့် အခြေအနေဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရက သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။ [မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာန] ရဲ့ အယ်ဒီတာ့အာဘော်မှာ ဂျပန်မှာ အမေရိကန် စစ်ဘက်အရာရှိတွေ တိုးမြှင့်လိုက်တာဟာ အဆိုပါ ဌာနချုပ်ကို အပြည့်အဝ “စစ်ကွပ်ကဲမှုဌာန” တစ်ခုအဖြစ် ပြောင်းလဲလိုက်တာဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသမှာ ပဋိပက္ခဖြစ်ဖို့ ဝါရှင်တန်က ပြင်ဆင်နေတာလို့ စွပ်စွဲထားပါတယ်။
ဒီဝေဖန်ချက်ဟာ ဂျပန်အခြေစိုက် အမေရိကန်တပ်ဖွဲ့များရဲ့ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Stephen Jost ရဲ့ ပြောကြားချက်တွေအပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး Jost က ဂျပန်ရဲ့ Asahi သတင်းစာနဲ့ အင်တာဗျူးမှာ သူတို့ရဲ့ ဌာနချုပ် လုပ်ငန်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့နဲ့ မဟာမိတ်တွေနဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းနိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်ကထက် ဝန်ထမ်းအင်အား ၂၁၅ ဦး ထပ်မံတိုးမြှင့်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ အခုလို အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသတွင်း တင်းမာမှုတွေကို မြင့်တက်စေပြီး စစ်ပွဲဖြစ်လာပါက ဂျပန်အခြေစိုက် အမေရိကန်တပ်တွေဟာ ရှေ့တန်းကနေ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
KCNA ရဲ့ အယ်ဒီတာ့အာဘော်မှာ ဝါရှင်တန်ရဲ့ “စစ်ရေးစွန့်စားမှု” တွေကြောင့် မြောက်ကိုရီးယားအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နျူကလီးယားစွမ်းရည်တွေကို မဖြစ်မနေ တိုးမြှင့်နေရတာဖြစ်ကြောင်းလည်း တရားပြုပြောဆိုထားပါတယ်။ ဒါဟာ အခုဇူလိုင်လအတွင်းမှာတင် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ မဟာမိတ်မူဝါဒတွေကို မြောက်ကိုရီးယားက ၄ ကြိမ်မြောက် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယား အရာရှိတွေကလည်း အဆိုပါ မဟာမိတ် ၃ နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ သူတို့အပေါ် ရန်လိုတဲ့ မူဝါဒတွေသာ ဖြစ်တယ်လို့ အစဉ်တစိုက် ရှုတ်ချပြောဆိုနေကြပါတယ်။
သတင်း Source: Reuters