ဇွန် ၁၈၊ ၂၀၂၆
The Kaladan Post
ထိုင်းအစိုးရဟာ သင်္ဘောတွေ အလွန်ကျပ်ညပ်နေတဲ့ မလက္ကာရေလက်ကြားကို အစားထိုးနိုင်မယ့် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ (ဘတ် ၁ ထရီလီယံ) ကျော် တန်ဖိုးရှိတဲ့ “ကုန်းတွင်းတံတား” (Land Bridge) စီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာတယ်လို့ သိရပါတယ်။
အီရန်စစ်ပွဲကြောင့် ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ လမ်းကြောင်းသစ်တွေ ရှာဖွေဖို့ လိုအပ်လာတာကြောင့် ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်က ဒီစီမံကိန်းကို ပြန်လည်ဖော်ဆောင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စီမံကိန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံ အရှေ့ဘက် ထိုင်းပင်လယ်ကွေ့က ချွန်ဖွန် (Chumphon) ဆိပ်ကမ်းနဲ့ အနောက်ဘက် ကပ်လျက်ရှိတဲ့ ရနောင်း (Ranong) ဆိပ်ကမ်းတို့ကို ကုန်းလမ်းကနေ တိုက်ရိုက်ချိတ်ဆက်ပြီး ကုန်စည်တွေကို ပိုမိုမြန်ဆန်၊ သက်သာစွာ ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီစီမံကိန်းကြောင့် ဒေသခံရေလုပ်သားတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေကြားမှာတော့ စိုးရိမ်မှုတွေ အကြီးအကျယ် ရှိနေပါတယ်။ အသက် ၅၀ အရွယ် ရနောင်းဒေသခံ ရေလုပ်သားတစ်ဦးဖြစ်သူ ချိုင်ယာပွန်က “ဒီစီမံကိန်းက ကျွန်တော်တို့ တစ်သက်လုံး ဝမ်းစာရှာဖွေနေတဲ့ နေရာမှာ လာလုပ်မှာပါ။ ကျွန်တော်တို့ ဘယ်ကို သွားရတော့မလဲ၊ ဒါမျိုး လုံးဝမဖြစ်လာစေချင်ပါဘူး” လို့ ၎င်းရဲ့ စိုးရိမ်မှုကို Reuters သို့ ရင်ဖွင့်ပြောကြားထားပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေဘက်ကတော့ စီမံကိန်းကုန်ကျစရိတ် အဆမတန် များပြားတာနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ရှုပ်ထွေးမှုတွေကြောင့် အခုအချိန်အထိ သတိထား စောင့်ကြည့်နေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဒီစီမံကိန်းက ဒေသတွင်း အင်အားကြီးနိုင်ငံတွေကြားမှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ထိုင်းအစိုးရအနေနဲ့ ဒီစီမံကိန်းဟာ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အလားအလာကောင်းတွေ ရှိတယ်လို့ ယုံကြည်နေပေမဲ့ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
Source: Reuters (Panu Wongcha-um)