ဇူလိုင် ၂၊ ၂၀၂၆
The Kaladan Post
ထိုင်ဝမ်ကျွန်း၏ လုံခြုံရေးကို ကာကွယ်ရန်နှင့် တရုတ်၏ ကျူးကျော်မှုကို ဟန့်တားနိုင်ရန်အတွက် ထိုင်ဝမ်အား ဝေဟင်၊ ရေပြင်နှင့် ရေအောက်သွား ဒရုန်းများစွာ စုစည်းထားသည့် “နဂျီအုံ” (Hornet’s Nest) တစ်ခုသဖွယ် တည်ဆောက်ထားသင့်ကြောင်း ထိုင်ဝမ်ဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဇူလိုင်လ ၂ ရက်နေ့က ထိုင်ဝမ်အလယ်ပိုင်း တိုင်ချုန်းမြို့မှာ ပြုလုပ်တဲ့ ဒရုန်းဖိုရမ်တစ်ခုမှာ ထိုင်ဝမ်ဆိုင်ရာ အမေရိကန်သံရုံး (AIT) ၏ ညွှန်ကြားရေးမှူး Raymond Greene က အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ၎င်းက ဒရုန်းနည်းပညာဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးကဏ္ဍအတွက် “ဂိမ်းအပြောင်းအလဲဖြစ်စေမယ့် အခွင့်အလမ်း” ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးကို ပိုမိုခိုင်မာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။
Raymond Greene က “ယူကရိန်းစစ်ပွဲကို ကြည့်ရင် သိသာပါတယ်။ အင်အားချင်း မမျှတတဲ့ အခြေအနေမှာတောင် ဒရုန်းတွေဟာ ခုခံသူတွေအတွက် သိသိသာသာ အထောက်အကူပြုခဲ့ပါတယ်။ ထိုင်ဝမ်ကို ဝေဟင်၊ ရေပြင်နဲ့ ရေအောက် ဒရုန်းတွေ အများအပြား စုစည်းထားတဲ့ နဂျီအုံတစ်ခုသဖွယ် ပြောင်းလဲပစ်နိုင်တာဟာ ပဋိပက္ခတွေကို ဟန့်တားဖို့အတွက် အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် (Lai Ching-te) ကလည်း ခေတ်သစ်စစ်ပွဲတွေရဲ့ ပြောင်းလဲလာမှုအရ အချိုးမညီစစ်ပွဲ (Asymmetric warfare) ဆင်နွှဲနိုင်စွမ်းကို မြှင့်တင်ဖို့ဟာ အရေးကြီးကြောင်း အတည်ပြုပြောဆိုထားပါတယ်။ သမ္မတက “အခုလို ပထဝီနိုင်ငံရေး အခြေအနေတွေ ပြောင်းလဲနေချိန်မှာ အချိုးမညီ တိုက်ခိုက်နိုင်စွမ်းကို တည်ဆောက်ရတာဟာ အချိန်နဲ့အမျှ အပြေးအလွှား လုပ်ဆောင်နေရတဲ့ အမျိုးသားကာကွယ်ရေး စီမံကိန်းကြီး တစ်ခုပါပဲ” လို့ ၎င်းရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။
လက်ရှိတွင် ထိုင်ဝမ်အစိုးရသည် ၂၀၃၁ ခုနှစ်အထိ ကင်းထောက်ဒရုန်းများ၊ ကမ်းခြေတိုက်ခိုက်ရေးဒရုန်းများနှင့် ရေပြင်သွားဒရုန်းများအတွက် အမေရိကန်ဒေါ်လာ ၆.၅၉ ဘီလီယံ (ထိုင်ဝမ်ဒေါ်လာ ၂၁၀ ဘီလီယံ) သုံးစွဲမည့် အစီအစဉ်ကို တင်ပြထားပါတယ်။
တစ်ဖက်တွင်လည်း အတိုက်အခံ KMT ပါတီက ဒရုန်းများအတွက် သီးခြားဥပဒေကြမ်းတစ်ခုကို တင်သွင်းထားပြီး ခြောက်နှစ်အတွင်း ထိုင်ဝမ်ဒေါ်လာ ၂၄၀ ဘီလီယံ သုံးစွဲရန်နှင့် နှစ်စဉ်အသုံးစရိတ်ကို ဘီလီယံ ၄၀ ထက်မကျော်စေရန် အဆိုပြုထားပါတယ်။ အစိုးရက အထူးဘတ်ဂျက်ဖြင့် သုံးစွဲလိုသော်လည်း အတိုက်အခံများက ပုံမှန်အသုံးစရိတ်ဘတ်ဂျက်မှသာ သုံးစွဲစေလိုသည့်အတွက် သဘောထားကွဲလွဲမှုများ ရှိနေတယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်းတို့၏ နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း သမ္မတ လိုင်ချင်းတယ်ကမူ ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများကသာ ဆုံးဖြတ်ရမည်ဟု တုံ့ပြန်ထားပါတယ်။ အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေးမရှိသော်လည်း ထိုင်ဝမ်၏ အရေးပါဆုံး လက်နက်ပံ့ပိုးသူနှင့် ကာကွယ်ရေးမဟာမိတ်အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
သတင်းရင်းမြစ် – Reuters