ဇူလိုင် ၃၀၊ ၂၀၂၆

The Kaladan Post

ကမ္ဘာကျော် K-pop အမျိုးသားတေးဂီတအဖွဲ့ BTS ဟာ လာမယ့် ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် (၆၉) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲ (Grammy Awards) အတွက် သူတို့ရဲ့ ဘယ်တေးသီချင်းကိုမှ အဆိုပြု တင်သွင်းသွားမှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ ဂရမ်မီဆု ရွေးချယ်ရေးအဖွဲ့က အာရှပေါ့ပ် (Best Asian Pop Music Performance) ဆိုတဲ့ ဆုအမျိုးအစားသစ်တစ်ခုကို သီးသန့်ခွဲထုတ် သတ်မှတ်လိုက်တဲ့အပေါ် မကျေနပ်တာကြောင့် ဖြစ်ပါတယ်။

BTS အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် Instagram အကောင့်တွေကတစ်ဆင့် အခုလို သပိတ်မှောက်တဲ့အကြောင်းကို အသိပေးခဲ့ကြတာပါ။ သူတို့က ဒီနှစ် ဂရမ်မီဆုပေးပွဲမှာ မပါဝင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂီတကို ဒေသ ဒါမှမဟုတ် ဘာသာစကားတွေနဲ့ ခွဲခြားထားတာမျိုးထက် သူ့ရဲ့ ပင်ကိုယ်အရည်အသွေးအတိုင်း နားဆင်ခံစားပြီး ချစ်ခင်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ရေးသားခဲ့ကြပါတယ်။ ဒါဟာ BTS အဖွဲ့အနေနဲ့ ဂရမ်မီဆုပေးပွဲကို ပထမဆုံးအကြိမ်အဖြစ် ငြင်းပယ်လိုက်တာလည်း ဖြစ်ပါတယ်။

ဂရမ်မီဆုပေးပွဲ ကျင်းပရေးအဖွဲ့ (Recording Academy) ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာ K-pop၊ J-pop နဲ့ C-pop တို့လို အာရှဈေးကွက်က ဂီတတွေကို ဂုဏ်ပြုဖို့အတွက် အခု ဆုအမျိုးအစားသစ်ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဂရမ်မီ စီအီးအို Harvey Mason Jr. က BTS ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့ပေမဲ့ အခု ဆုအမျိုးအစားသစ်ကို ထည့်သွင်းရတာဟာ အာရှအနုပညာရှင်တွေကို ခွဲခြားဖို့မဟုတ်ဘဲ သူတို့ကို ပိုပြီး အသိအမှတ်ပြုခံရအောင် မီးမောင်းထိုးပြချင်တာကြောင့်သာ ဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။ ၎င်းက အမျိုးအစားသစ်တွေ များလာလေလေ အနုပညာရှင်တွေရဲ့ အလုပ်တွေကို ပိုပြီး အသိအမှတ်ပြုနိုင်လေလေပါပဲ။ ဒါဟာ ဘယ်တော့မှ ခွဲခြားဖို့ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

BTS အဖွဲ့ဟာ အဖွဲ့ဝင်တွေ စစ်မှုထမ်းပြီးနောက်မှာ “ARIRANG” ဆိုတဲ့ အယ်လ်ဘမ်သစ်နဲ့ ပြန်လည် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး Billboard 200 Chart ရဲ့ ထိပ်ဆုံးမှာ နှစ်ပတ်ဆက်တိုက် ရပ်တည်ကာ K-pop သမိုင်းမှာ စံချိန်သစ် တင်နိုင်ခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလက ကျင်းပခဲ့တဲ့ (၅၂) ကြိမ်မြောက် American Music Awards မှာလည်း Taylor Swift တို့လို ထိပ်သီးအနုပညာရှင်တွေကို ကျော်ဖြတ်ပြီး “Artist of the Year” ဆု အပါအဝင် ဆု ၃ ဆုအထိ ဆွတ်ခူးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ BTS ရဲ့ သပိတ်မှောက်မှုကြောင့် ဂရမ်မီဆုပေးပွဲရဲ့ ဆုရွေးချယ်မှု စံနှုန်းတွေအပေါ် ဂီတလောကသားတွေကြားမှာ ဝေဖန်ဆွေးနွေးမှုတွေ မြင့်တက်နေပါတယ်။

သတင်းရင်းမြစ် – Reuters