ဇူလိုင် ၁၊ ၂၀၂၆

The Kaladan Post

 

ယူကရိန်းနိုင်ငံ မြောက်ပိုင်းဒေသကနေ ရုရှားတပ်ဖွဲ့တွေ ထပ်မံထိုးစစ်ဆင်လာနိုင်ခြေရှိတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ယူကရိန်းစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် အိုလက်ဇန်းဒါး ဆာစကီး (Oleksandr Syrskyi) က အင်္ဂါနေ့ (ဇွန်လ ၃၀ ရက်) မှာ ရုပ်သံအင်တာဗျူးကတစ်ဆင့် ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ မြို့တော် ကိဗ် (Kyiv) ကိုတော့ ဦးတည်တိုက်ခိုက်လာနိုင်ခြေ မရှိဘူးလို့ သူက သုံးသပ်ထားပါတယ်။

TSN ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ ကာကွယ်ရေးဦးစီးချုပ် ဆာစကီး က “သတင်းရင်းမြစ် အများအပြားရဲ့ အတည်ပြုချက်တွေအရ အဖြစ်နိုင်ဆုံး အခြေအနေကတော့ ရုရှားနိုင်ငံရဲ့ နယ်မြေဖြစ်တဲ့ ဘရိုင်ယန့်စ် (Bryansk) ဒေသကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ မြောက်ပိုင်းကို ထိုးစစ်ဆင်လာနိုင်တာပါပဲ။ ဒါဟာ တကယ်ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုဖြစ်လို့ ကျွန်တော်တို့ဘက်ကလည်း ကြိုတင်ပြင်ဆင်နေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒီလို မြောက်ပိုင်းကနေ ထိုးစစ်ဆင်လာမယ့် ရည်ရွယ်ချက်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းတုန်းကလို မြို့တော် ကိဗ် ကို သိမ်းပိုက်ဖို့မဟုတ်ဘဲ ယူကရိန်းရဲ့ ချာနီဟစ်ဗ် (Chernihiv) ဒေသကို သိမ်းပိုက်ဖို့နဲ့ ၁,၂၅၀ ကီလိုမီတာ (၇၇၅ မိုင်) ရှည်လျားတဲ့ စစ်မျက်နှာပြင်မှာ ဖြန့်ကျက်ထားတဲ့ ယူကရိန်းတပ်ဖွဲ့တွေကို အင်အားပြန့်ကျဲသွားအောင် (Stretching the front) လုပ်ဆောင်တဲ့ မဟာဗျူဟာဖြစ်နိုင်တယ်လို့ ဆာစကီး က ရှင်းပြပါတယ်။

ဒါ့အပြင် အိမ်နီးချင်း ဘီလာရုစ် (Belarus) နိုင်ငံဘက်ကနေ ဝင်ရောက်တိုက်ခိုက်လာနိုင်ခြေ မရှိဘူးလို့လည်း သူက ဆိုပါတယ်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီး (Volodymyr Zelenskiy) က ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘီလာရုစ်အနေနဲ့ ရုရှားရဲ့ စစ်ပွဲမှာ ပိုမိုမပါဝင်လာဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပြီး၊ ယခုလအစောပိုင်းကလည်း ယူကရိန်းကို တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ဆက်သွယ်ရေးစခန်းတွေကို ဖျက်သိမ်းဖို့ ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) ကို တစ်ပတ်အချိန်ပေးခဲ့ရာ လက်ရှိမှာ အဆိုပါစခန်းတွေ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း သမ္မတ ဇီလင်စကီး က အတည်ပြုထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဆာစကီး က “လတ်တလော အဖြစ်အပျက်တွေအရ ဘီလာရုစ် ခေါင်းဆောင်ပိုင်းအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေကို ရုရှားရဲ့ ထိုးစစ်ဆင်ရေးစခန်းအဖြစ် ထပ်မံအသုံးပြုခွင့်ပေးဖို့ ရွေးချယ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်လာနိုင်ခြေကိုတော့ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ မြေပြင်အခြေအနေအရ ရုရှားတပ်ဖွဲ့တွေဟာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ တိုက်ပွဲပြင်းထန်မှု ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်းတပ်ဖွဲ့တွေကတော့ ရုရှားရဲ့ အဓိကရေနံလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ပစ်မှတ်တွေကို အဝေးပစ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက်ဆိုသလို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိကြောင်း သိရပါတယ်။

သတင်း Source: Reuters