ဇူလိုင် ၁၊ ၂၀၂၆
The Kaladan Post
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား (Keir Starmer) ဟာ အင်အားနည်းပါးနေတဲ့ ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီအောင် အဆင့်မြှင့်တင်ဖို့နဲ့ အနာဂတ်စစ်ပွဲတွေအတွက် ပြင်ဆင်ဖို့ ရည်ရွယ်ချက်နဲ့ အချိန်ကြာမြင့်စွာ ကြန့်ကြာနေခဲ့တဲ့ ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှု အစီအစဉ်သစ်တစ်ခုကို အင်္ဂါနေ့ (ဇွန်လ ၃၀ ရက်) မှာ မိတ်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်အရ ဗြိတိန်စစ်တပ်အတွက် အပိုဆောင်း ရန်ပုံငွေ ပေါင် ၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀) သုံးစွဲသွားမှာ ဖြစ်ပါတယ်။
ဒါဟာ မကြာခင် ရာထူးကနေ ဆင်းပေးရတော့မယ့် ဝန်ကြီးချုပ် စတားမား ရဲ့ နောက်ဆုံး နိုင်ငံရေးအမွေအနှစ် (Legacy) တစ်ခုဖြစ်လာနိုင်ပါတယ်။ လာမယ့် ၄ နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သွားမယ့် ဒီအစီအစဉ်ဟာ အရင်ရေးဆွဲထားတဲ့ မူကြမ်းထက် ပိုမိုများပြားပါတယ်။ အရင်မူကြမ်းတုန်းကတော့ ကာကွယ်ရေးအသုံးစရိတ် လုံလောက်အောင် မတောင်းခံပေးနိုင်ဘူးလို့ စွပ်စွဲပြီး စတားမားရဲ့ မဟာမိတ်ဖြစ်သူ ကာကွယ်ရေးဝန်ကြီး ဂျွန် ဟီလီ (John Healey) ယခုလအတွင်း ရာထူးကနေ နုတ်ထွက်သွားခဲ့ပါသေးတယ်။
ဒီရင်းနှီးမြှုပ်နှံမှု အစီအစဉ်သစ်အရ ဗြိတိန်ရဲ့ နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်ဟာ ၅ ရာခိုင်နှုန်း တိုးလာမှာဖြစ်ပြီး ၂၀၂၉ ခုနှစ်မှာ ပေါင် ၇၉ ဘီလီယံအထိ ရောက်ရှိလာမှာပါ။ လာမယ့် ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ တူရကီနိုင်ငံ၊ အန်ကာရာ (Ankara) မြို့မှာ ကျင်းပမယ့် နေတိုး (NATO) အစည်းအဝေးကို တက်ရောက်မယ့် ဝန်ကြီးချုပ် စတားမား အနေနဲ့ ဗြိတိန်ဟာ ၂၀၃၅ ခုနှစ်အရောက်မှာ နိုင်ငံရဲ့ ဂျီဒီပီ (GDP) ရဲ့ ၃.၅ ရာခိုင်နှုန်းကို ကาကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲမယ်ဆိုတဲ့ ကတိကဝတ်ကို ဖြည့်ဆည်းဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတာကို ပြသချင်နေတာပါ။ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ ရာထူးဆက်ခံမယ့် အန်ဒီ ဘန်ဟမ် (Andy Burnham) အစိုးရသစ်အနေနဲ့လည်း ဒီအစီအစဉ်အပေါ် အခြေခံပြီး ဆက်လက်တည်ဆောက်သွားနိုင်မယ်လို့ စတားမားက ဆိုပါတယ်။
အင်္ဂလန်တောင်ပိုင်းက ကာကွယ်ရေးကုမ္ပဏီတစ်ခုမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ စတားမားက “ကမ္ဘာကြီးမှာ လက်နက်တပ်ဆင်မှုတွေ များလာပြီး ကျူးကျော်စစ်တွေ မြင့်တက်လာနေချိန်မှာ စစ်ပွဲကိုရှောင်ရှားနိုင်မယ့် အကောင်းဆုံးနည်းလမ်းက စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့ပါပဲ။ အကောင်းဆုံး ကာကွယ်ရေးဆိုတာ ကိုယ့်ရဲ့ရန်သူတွေ မလုပ်ဆောင်ခင်မှာ နှစ်ခါပြန်စဉ်းစားရလောက်အောင် အင်အားတောင့်တင်းနေဖို့ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် ရုရှားအနေနဲ့ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုခုကို တိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သတိပေးထားချိန်မှာ၊ ဗြိတိန်စစ်တပ်ကို စစ်ရေးအသင့်ပြင်ထားဖို့ စတားမားက ရည်ရွယ်ထားတာပါ။ ဒီအစီအစဉ်အရ ဒရုန်းနဲ့ အလိုအလျောက် ပစ်ခတ်နိုင်တဲ့ လက်နက်တွေအတွက် ပေါင် ၅ ဘီလီယံ သုံးစွဲမှာဖြစ်ပြီး၊ ရေတပ်ကို စပ်ယှက်စနစ် (Hybrid Navy) နဲ့ ဖွဲ့စည်းဖို့နဲ့ ကြည်းတပ်ကို ပိုမိုစွမ်းရည်ထက်မြက်အောင် အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နျူကလီးယား ကာကွယ်ရေးစနစ်တွေကို အားကောင်းစေမယ့်အပြင် တော်ဝင်လေတပ် (RAF) အတွက် မျိုးဆက်သစ် ကိုယ်ပျောက်တိုက်လေယာဉ် (Stealth fighter jet) တည်ဆောက်ရေး အစီအစဉ်ကိုလည်း အားဖြည့်ပေးသွားမှာဖြစ်လို့ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာမယ်လို့ ဆိုပါတယ်။
နေတိုး အတွင်းရေးမှူးချုပ် မာ့ခ် ရူတေး (Mark Rutte) ကလည်း ဗြိတိန်ရဲ့ ဒီအစီအစဉ်ကို ကြိုဆိုလိုက်ပြီး “ဒါဟာ ပြီးခဲ့တဲ့နှစ်က သဘောတူထားတဲ့ ဂျီဒီပီရဲ့ ၃.၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲဖို့ဆိုတဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်ရာမှာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။” လို့ မှတ်ချက်ပြုပါတယ်။ နှစ်စဉ် အရောင်းပမာဏ ပေါင် ၈ ဘီလီယံကျော်ရှိတဲ့ ဗြိတိန်ရဲ့ အကြီးဆုံး ကာကွယ်ရေးကုမ္ပဏီ [BAE Systems] ရဲ့ အမှုဆောင်အရာရှိချုပ် ချားလ်စ် ဝုဒ်ဘန်း (Charles Woodburn) ကလည်း “အစိုးရက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ ကတိပြုလိုက်တာဟာ အမျိုးသားလုံခြုံရေးအတွက် အရေးပါတဲ့ ကျွန်တော်တို့ရဲ့ စက်မှုလုပ်ငန်းကဏ္ဍ အသီးသီးမှာ ကျွမ်းကျင်လုပ်သားတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ၉ လကျော်ကြာ ကြန့်ကြာခဲ့တဲ့ ဒီအစီအစဉ်ဟာ လိုအပ်တာထက် နည်းပါးနေပြီး အချိန်နှောင်းသွားပြီလို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။ ကာကွယ်ရေးအကြီးအကဲတွေက လာမယ့် ၄ နှစ်အတွင်း ကာကွယ်ရေးရန်ပုံငွေ ပေါင် ၂၈ ဘီလီယံအထိ လိုအပ်နေတယ်လို့ တောင်းဆိုထားပေမယ့် အခု ပေါင် ၁၅ ဘီလီယံသာ တိုးပေးတဲ့အတွက် အရေးကြီးတဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ ကြန့်ကြာတာတွေ၊ လေ့ကျင့်ရေးနဲ့ ထောက်ပို့ပိုင်းတွေမှာ ဖြတ်တောက်ခံရတာတွေ ရှိလာနိုင်တယ်လို့ ထောက်ပြကြပါတယ်။ တော်ဝင်ရေတပ် တပ်မှူးဟောင်း တွမ် ရှာပီ (Tom Sharpe) က “ဒါဟာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်မဟုတ်ဘဲ နာမည်ပြောင်းပြီး အသုံးစရိတ် ဖြတ်တောက်လိုက်တာပါပဲ။” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
စတားမား ကတော့ ဒီအသုံးစရိတ်တွေကို အခြားဌာနတွေဆီကနေ ခွဲဝေရယူသွားမှာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ စွမ်းအင်စီမံကိန်းတချို့ကို ရပ်ဆိုင်းသွားမယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။ အစိုးရရဲ့ စာရွက်စာတမ်းတွေအရ နောက်ထပ်လိုအပ်နေတဲ့ ရန်ပုံငွေ ပေါင် ၄.၇ ဘီလီယံကိုတော့ စတားမားရဲ့ နေရာကို ဆက်ခံမယ့်သူက ၂၀၂၆ ဘတ်ဂျက်ကနေ ရှာဖွေရမှာ ဖြစ်ပါတယ်။ အကယ်၍ ရုရှားက တိုက်ခိုက်လာရင် ဒီအစီအစဉ်က ဟန့်တားနိုင်စွမ်း ရှိမရှိ မေးမြန်းရာမှာတော့ စတားမားက “ဟုတ်ကဲ့၊ ကျွန်တော် အဲဒီအတွက် ယုံကြည်မှုအပြည့် ရှိပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။
သတင်း Source: Reuters