စက်တင် ၃၊ ၂၀၂၆

The Kaladan Post

နီပေါနှင့် တရုတ် နယ်စပ်တွင် ရေကြီးမှု ဖြစ်ပွားခဲ့ပြီး ၁ သီတင်းပတ်အကြာတွင် သေဆုံးသူ အရေအတွက်မှာ ၁,၁၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး လူ ၄,၅၀၀ ခန့် ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၂ ရက်) အချက်အလက်များအရ သိရပါတယ်။

နီပေါ ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDRRMA) က နီပေါဘက်ခြမ်းတွင် သေဆုံးသူ ၁,၁၁၄ ဦး ရှိပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး တရုတ်ဘက်တွင် ၁၆ ဦး သေဆုံးခဲ့ပါတယ်။ နီပေါတွင် လူ ၁၂,၀၀၀ နီးပါး ကယ်ဆယ်နိုင်ခဲ့သော်လည်း အိန္ဒိယ နည်းပညာ ကုမ္ပဏီကြီး Infosys လက်အောက်ခံ ကုမ္ပဏီမှ CEO လက်ရှ်မီနသ် ဂိုပီဆတ်တီ (Laxminath Gopisetty) ပါဝင်သည့် ၁၁ ဦးအဖွဲ့ အပါအဝင် နိုင်ငံခြားသား ရာပေါင်းများစွာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ၏ နီပေါနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး လီလာ ပီတာစ် ယာဟီးယား (Lila Pieters Yahia) က “ဒါဟာ နီပေါအတွက်တင် မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်ပါ အလွန် ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ပါပဲ” ဟု ပြောကြားခဲ့ပြီး ၄ လကြာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကူညီရေး အစီအစဉ် စတင်မည်ဟု ဆိုပါတယ်။ တရုတ်နိုင်ငံ ဂိုင်ရုန်း (Gyirong) နယ်စပ် ပို့ဆောင်ရေး လမ်းမကြီးကိုလည်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သဖြင့် ကယ်ဆယ်ရေး ပစ္စည်းများနှင့် စက်ယန္တရားကြီးများ ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Source – CNN