ဇူလိုင် ၁၊ ၂၀၂၆

The Kaladan Post

 

မကြာသေးမီက အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် ဒေသတွင်းကို ရောက်ရှိလာတဲ့ အမေရိကန် ထိပ်တန်းကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘူးလို့ အီရန်အစိုးရက အင်္ဂါနေ့ (ဇွန်လ ၃၀ ရက်) မှာ ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ကြောင့် နှစ်နိုင်ငံကြား ရေရှည်ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်တွေ မှေးမှိန်သွားခဲ့ရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ သမက် ဂျရတ် ကွတ်ရှ်နာ (Jared Kushner) နဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်တ်ကော့ဖ် (Steve Witkoff) တို့ဟာ “အဆင့်မြင့်” ဆွေးနွေးပွဲတွေလုပ်ဖို့ ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အီရန်နဲ့ အိမ်ရှင်ကာတာနိုင်ငံတို့ကတော့ အမေရိကန် ကိုယ်စားလှယ်တွေဟာ အီရန်အစိုးရကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံမှာမဟုတ်ဘဲ ကြားဝင်စေ့စပ်ပေးသူတွေနဲ့သာ တွေ့ဆုံလိမ့်မယ်လို့ ဆိုပါတယ်။ ကာတာဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူလ်ရာမန် အယ်လ်-သာနီ (Sheikh Mohammed bin Abdulrahman al-Thani) ကတော့ အမေရိကန်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါရီ (Esmaeil Baghaei) က “လာမယ့်ရက်တွေအတွင်းမှာ အမေရိကန်ဘက်က ဘယ်အဆင့်နဲ့မှ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် မရှိပါဘူး။” လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက် အယ်လ်အန်ဆာရီ (Majed al-Ansari) ကတော့ နှစ်နိုင်ငံ နည်းပညာပိုင်းဆိုင်ရာ အောက်ခြေအဆင့် ဆွေးနွေးပွဲတွေကိုသာ စတင်သွားမယ်လို့ အတည်ပြုပါတယ်။

အီရန်အရာရှိတွေကတော့ နျူကလီးယားအစီအစဉ် ကန့်သတ်ရေးလိုမျိုး ခက်ခဲတဲ့အကြောင်းအရာတွေကို မဆွေးနွေးခင်မှာ လွန်ခဲ့တဲ့ နှစ်ပတ်က လက်မှတ်ရေးထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်တွေကို အရင်ဆုံး ရှင်းလင်းပြေလည်အောင် လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ကနဦးသဘောတူညီချက်အရ အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် စီးပွားရေးအရ သက်သာခွင့်တွေ ရရှိမှာဖြစ်သလို၊ အမြဲတမ်း ငြိမ်းချမ်းရေးရဖို့ ရက်ပေါင်း ၆၀ ကြာ ဆွေးနွေးဖို့လည်း သဘောတူထားတာပါ။ ဒါပေမဲ့ လက်ရှိအခြေအနေအရ နှစ်ဖက်စလုံးဟာ အဓိကအချက်တွေအပေါ် အတော်လေး သဘောထားကွဲလွဲနေဆဲ ဖြစ်ပါတယ်။

ဆွေးနွေးပွဲတွေ တန့်နေတာကို ဖြတ်ကျော်နိုင်ဖို့ သမ္မတ ထရမ့် ဟာ အီရန်ကို စစ်ရေးအရ အပြည့်အဝ ပြန်လည်တိုက်ခိုက်ဖို့ စဉ်းစားနေပြီး ကာကွယ်ရေးဝန်ကြီး ပီတာ ဟက်ဂ်ဆက် (Pete Hegseth) နဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Dan Caine) တို့နဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ [Wall Street Journal] က ဖော်ပြထားပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ထရမ့်က သံတမန်ရေးရာနည်းလမ်းကို အချိန်ပိုပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ရဲ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ တစ်စိတ်တစ်ပိုင်း ပြန်လည်သွားလာနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကတော့ ရေလက်ကြားရဲ့ ယာဉ်အသွားအလာကို အိုမန်နိုင်ငံနဲ့ပူးပေါင်းပြီး စီမံခန့်ခွဲခွင့်ရှိတယ်လို့ ဆိုထားပြီး၊ ၆၀ ရက်ပြည့်မယ့် ဩဂုတ်လလယ်လောက်မှာ ဖြတ်သန်းခွန်တွေ ကောက်ခံသွားမယ်လို့ ပြောဆိုထားပါတယ်။ အီရန် ထိပ်တန်းစေ့စပ်ညှိနှိုင်းရေးမှူး မိုဟာမက် ဘာကာ ကွာလီဘက်ဖ် (Mohammed Baqer Qalibaf) က “ဟော်မုဇ်ရေလက်ကြားရဲ့ အချုပ်အခြာအာဏာဟာ အီရန်နဲ့ အိုမန်တို့မှာပဲ ရှိပါတယ်။ ရေလက်ကြားအတွင်း သွားလာမှုတွေဟာ အီရန်က သတ်မှတ်ထားတဲ့ အစီအစဉ်တွေအတိုင်းသာ ဖြစ်ရပါမယ်။” လို့ နိုင်ငံပိုင်ရုပ်သံကနေ ပြောကြားခဲ့ပါတယ်။

အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ကတော့ အီရန်က နိုင်ငံတကာရေလက်ကြားမှာ ဖြတ်သန်းခွန်ကောက်မယ့်ကိစ္စကို ခွင့်ပြုမှာမဟုတ်ဘူးလို့ “The Michael Knowles Show” မှာ ဖြေကြားခဲ့ပါတယ်။ သူက “ဒီကိစ္စဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သွားတဲ့ သင်္ဘောတွေဆီကနေ အီရန်က အခွန်ကောက်တဲ့အထိ ခွင့်ပြုပေးလိုက်မယ့် အခြေအနေမျိုးနဲ့ အဆုံးသတ်မှာ မဟုတ်ပါဘူး။ အခုဆိုရင် ရေလက်ကြားအတွင်း ရေနံတင်ပို့မှုဟာ စစ်မဖြစ်ခင် အခြေအနေကို ပြန်ရောက်နေပြီဖြစ်သလို၊ တချို့ရက်တွေဆိုရင် စစ်မဖြစ်ခင်ကထက်တောင် ပိုများနေပါပြီ။” လို့ ဆိုပါတယ်။

အခုလို မရေရာမှုတွေ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးကတည်းက ကမ္ဘာ့ရေနံဈေးနှုန်းတွေကတော့ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ ဒါပေမဲ့ [ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ] ကတော့ စွမ်းအင်ဈေးကွက်တွေ တည်ငြိမ်သွားရင်တောင်မှ စီးပွားရေးအားနည်းတဲ့ နိုင်ငံတွေမှာတော့ စားနပ်ရိက္ခာနဲ့ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာမယ့် အန္တရာယ်ရှိနေဆဲပဲလို့ အင်္ဂါနေ့မှာ သတိပေးထားပါတယ်။

ဒီစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာပြီး လာမယ့် နိုဝင်ဘာလ ကွန်ဂရက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် သမ္မတထရမ့်အတွက် နိုင်ငံရေးအရ ဖိအားတွေ ကြီးမားလာစေပါတယ်။ ဒါကြောင့် ထရမ့်နဲ့ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) တို့ဟာ ဓာတ်ဆီအရောင်းဆိုင်တွေကို ဈေးချပေးဖို့ တိုက်တွန်းနေရပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်-အီရန် ကြားဖြတ်သဘောတူညီချက်ထဲမှာ ပါဝင်တဲ့ လက်ဘနွန်က အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ စစ်ပွဲအဆုံးသတ်ရေး အစီအစဉ်ဟာလည်း လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌရဲ့ သံသယဖြစ်မှုတွေနဲ့အတူ ရေရာမှုမရှိသေးဘဲ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

သတင်း Source: Reuters