ဖေဖေါ် ၁၃
The Kaladan Post
အမေရိကန်သည် အီရန်နိုင်ငံနှင့် နျူကလီးယားအရေး ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုအား အသိပေးပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် နေတန်ညာဟု၏ အိမ်ဖြူတော် ခရီးစဉ်အတွင်း နှစ်ဖက် တံခါးပိတ် တွေ့ဆုံဆွေးနွေးခဲ့စဉ် ထရမ့်က ယင်းသဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ နေတန်ညာဟုက အီရန်အပေါ် အမေရိကန်က ပိုမိုတင်းမာပြတ်သားသည့် အရေးယူမှုများ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သော်လည်း ထရမ့်ကတော့ အီရန် နျူကလီးယားအရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်မည်ဟု ပြန်လည်ပြောကြားခဲ့သည်။
သဘောတူညီချက်တစ်ရပ် ရနိုင်၊ မရနိုင် သေချာမချင်း အီရန်နှင့် ဆွေးနွေးမှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်းကို သုံးနာရီကြာ တွေ့ဆုံမှုအပြီးတွင် ထရမ့်က လူမှုကွန်ရက်မှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။
ထရမ့်က သဘောတူညီချက်တစ်ရပ် ရရှိရေးသည် မိမိ၏ အဓိကဦးစားပေး မျှော်လင့်ချက်ဖြစ်ကြောင်း နေတန်ညာဟုအား အသိပေးခဲ့ပြီး သဘောတူညီမှု မရရှိခဲ့ပါက နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် အခြေအနေများကို စောင့်ကြည့်သွားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် အီရန်က နျူကလီးယား စီမံကိန်းကို မစွန့်လွှတ်ပါက အမေရိကန်၏ စစ်ရေးအရ တိုက်ခိုက်မှုများကို ကြုံတွေ့နိုင်ကြောင်းလည်း ထရမ့်က သတိပေးခြိမ်းခြောက်ထားသည်။
နေတန်ညာဟု၏ ရုံးမှ ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ်သည် ထရမ့်နှင့် တွေ့ဆုံချိန်တွင် အီရန် နျူကလီးယားအရေး ဆွေးနွေးမှုများသည် အစ္စရေး၏ လုံခြုံရေးလိုအပ်ချက်များနှင့် တိုက်ရိုက်ဆက်နွှယ်နေကြောင်းကို အလေးအနက်ထား ရှင်းပြခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်အဖွဲ့များသည် အီရန် နျူကလီးယား ထိန်းချုပ်ရေး ကိစ္စနှင့် ပတ်သက်၍ အိုမန်နိုင်ငံ၌ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကြသည်။ မနှစ်ကလည်း နှစ်ဖက်ကိုယ်စားလှယ်များ အကြိမ်ခြောက်ကြိမ်ခန့် တွေ့ဆုံခဲ့ကြသော်လည်း အီရန်နှင့် အစ္စရေးကြား ဖြစ်ပွားခဲ့သည့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်က အီရန် နျူကလီးယား စက်ရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဆွေးနွေးမှုများ ဆိုင်းငံ့သွားခဲ့သည်။
ထရမ့်နှင့် နေတန်ညာဟုတို့၏ အိမ်ဖြူတော် တွေ့ဆုံမှုကို တံခါးပိတ်အစည်းအဝေးအဖြစ် ပြုလုပ်ခဲ့ပြီး အသေးစိတ်အချက်အလက်များကို မထုတ်ပြန်ခဲ့ပါ။ ထို့အပြင် နေတန်ညာဟုသည် ပုံမှန် ကြိုဆိုရေး အခမ်းအနားများ မပါဘဲ အိမ်ဖြူတော်၏ ဘေးဖက်အဝင်ပေါက်မှ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိ အီရန်နှင့် အမေရိကန်တို့၏ ဆွေးနွေးမှုများသည် အီရန်ဘက်မှ ယူရေနီယမ် သန့်စင်မှုကို အပြီးပိုင် စွန့်လွှတ်ရန် လက်မခံသေးသည့်အတွက် တိုးတက်မှုရရှိရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ အီရန်အစိုးရက ယူရေနီယမ် သန့်စင်မှုသည် နိုင်ငံ၏ အခွင့်အရေးဖြစ်ကြောင်း အခိုင်အမာ ယူဆထားပြီး အမေရိကန်၏ ဖိအားပေး တောင်းဆိုမှုများကို ငြင်းဆိုထားသည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်သည် နျူကလီးယား လက်နက်များ တည်ဆောက်ရန် ကြံစည်နေကြောင်း စွပ်စွဲထားသော်လည်း အီရန်ဘက်ကတော့ မိမိတို့၏ နျူကလီးယား စီမံကိန်းများမှာ စွမ်းအင်ကဏ္ဍအတွက် ငြိမ်းချမ်းစွာ အသုံးပြုရန်သာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။
သတင်းရင်းမြစ် (Source)
- AFP
- ဓာတ်ပုံ – Reuters