ဇွန် ၂၄၊ ၂၀၂၆

The Kaladan Post

 

လာမယ့်လ တူရကီနိုင်ငံမှာ ကျင်းပမယ့် နေတိုး (NATO) ထိပ်သီးအစည်းအဝေး မတိုင်မီ နှစ်ပတ်အလို ဗုဒ္ဓဟူးနေ့မှာ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရူတေး (Mark Rutte) ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ အမေရိကန်စစ်တပ်ရဲ့ ဥရောပတပ်ဖြန့်ထားမှု အင်အားကို ပင်တဂွန်စစ်ဌာနချုပ်က ပြန်လည်သုံးသပ်နေချိန်နဲ့ နေတိုးအဖွဲ့ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်နေတဲ့ သမ္မတထရမ့်ကို ချော့မော့စည်းရုံးနိုင်ဖို့ သွားရောက်တာဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ နေတိုးအဖွဲ့ရဲ့ စစ်ရေးအသုံးစရိတ်တွေမှာ အမေရိကန်က မတန်တဆ ကျခံနေရတယ်ဆိုပြီး အမြဲတမ်း ဝေဖန်လေ့ရှိသူပါ။ အထူးသဖြင့် အီရန်စစ်ပွဲစတင်ချိန်ကတည်းက ပိတ်ဆို့ခံထားရတဲ့ ဟော်မုဇ်ရေလက်ကြားမှာ ရေနံကုန်သွယ်မှုတွေ ပြန်စနိုင်ဖို့ အမေရိကန်ရဲ့ အကူအညီတောင်းခံမှုကို နေတိုးအဖွဲ့ဝင်နိုင်ငံတချို့က လျစ်လျူရှုခဲ့တဲ့အပေါ် သူက အကြီးအကျယ် ဒေါသထွက်နေခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ နေတိုးအစည်းအဝေးမှာလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတာ ဟက်ဂ်ဆက် (Pete Hegseth) က အီရန်ကို တိုက်ခိုက်ဖို့အတွက် ဥရောပရှိ အမေရိကန်စစ်စခန်းတွေကို အသုံးပြုခွင့်မပေးခဲ့တဲ့ မဟာမိတ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။

[အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (Pentagon)] ကလည်း ဥရောပမှာ တပ်ဖြန့်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အင်အားကို ခြောက်လကြာ ပြန်လည်သုံးသပ်သွားမယ်လို့ ကြေညာထားပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အီရန်ကို စတင်တိုက်ခိုက်ချိန်မှာ နေတိုးမဟာမိတ်တွေကို ကြိုတင်တိုင်ပင်ဆွေးနွေးခဲ့ခြင်း မရှိတာကြောင့် မဟာမိတ်တချို့က ထရမ့်ရဲ့ မဟာဗျူဟာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ကြပါတယ်။ ဒီအပေါ် ထရမ့်က နေတိုးမဟာမိတ်တွေဟာ အမေရိကန်အတွက် အရေးပါချိန်မှာ ရပ်တည်ပေးခဲ့ခြင်းမရှိဘူးလို့ စွပ်စွဲကာ သက်တမ်း ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဒီစစ်ရေးမဟာမိတ်အဖွဲ့ကနေ နုတ်ထွက်မယ်လို့ ထပ်မံခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

ဒီလို အကျပ်အတည်းတွေကြားမှာ နေတိုးအတွင်းရေးမှူးချုပ် ရူတေး ရဲ့ အဓိကတာဝန်ကတော့ အမေရိကန်ကို နေတိုးအဖွဲ့ထဲမှာ ဆက်ရှိနေစေဖို့ပဲ ဖြစ်ပါတယ်။ ရူတေး ဟာ ထရမ့်ရဲ့ စိတ်အလိုကို သိရှိပြီး ဖျောင်းဖျနိုင်စွမ်းရှိသူဖြစ်တာကြောင့် သူ့ကို နိုင်ငံရေးအသိုင်းအဝိုင်းက “Trump Whisperer” (ထရမ့်ကို အချိုသတ်နိုင်သူ) လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အင်္ဂါနေ့ညပိုင်းက ထရမ့် အမြဲကြည့်လေ့ရှိတဲ့ Fox News ရုပ်သံလိုင်း အင်တာဗျူးမှာ ရူတေး က ထရမ့်ကို နေတိုးမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် အမွှမ်းတင် ချီးကျူးသွားခဲ့ပြီး အီရန်အရေးနဲ့ ပတ်သက်လို့လည်း “ဒီကိစ္စမှာ ကျွန်တော် သူ့ (ထရမ့်) နောက်ကနေ အပြည့်အဝ ရပ်တည်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဥရောပစစ်စခန်းတွေ အသုံးပြုခွင့်နဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ ဒေါသထွက်မှုတွေဟာ သီးခြားဖြစ်စဉ် အနည်းငယ်လောက်သာ ဖြစ်တယ်လို့လည်း သူက ကာကွယ်ပြောဆိုခဲ့ပါတယ်။

ရူတေး ဟာ ပြီးခဲ့တဲ့နှစ် နေတိုးထိပ်သီးအစည်းအဝေးမှာ ထရမ့်ကို “Daddy” (ဖေဖေ) လို့တောင် ခေါ်ဝေါ်သုံးနှုန်းခဲ့ဖူးသလို၊ ထရမ့် နှစ်သက်တတ်တဲ့ စကားလုံးအကြီးတွေ သုံးပြီး “ဥရောပက ကြီးကြီးမားမား (BIG way) ပြန်ပေးဆပ်ရပါလိမ့်မယ်၊ အဲဒါဟာ ခင်ဗျားရဲ့ အောင်ပွဲပဲ ဖြစ်လာမှာပါ” ဆိုတဲ့ စာတိုမျိုးတွေ မကြာခဏ ပေးပို့ကာ မြှောက်ပင့်လေ့ရှိတယ်လို့ သိရပါတယ်။ ဇန်နဝါရီလတုန်းကလည်း “ခင်ဗျားနဲ့ တွေ့ရဖို့ မစောင့်နိုင်တော့ဘူး။ ခင်ဗျားရဲ့ မာ့ခ်” လို့ အဆုံးသတ်ထားတဲ့ စာတိုတစ်ခုကို ထရမ့်ထံ ပေးပို့ခဲ့ပြီး ထရမ့်ကိုယ်တိုင်က အဆိုပါ သီးသန့်စာတိုတွေကို လူမှုကွန်ရက်ပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည်မျှဝေခဲ့ဖူးပါတယ်။

သတင်း Source: AP News