ဟားခါးမြို့တွင် ဆက်ကြေးကောက်သည့် စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး
မတ် ၁၂
The Kaladan Post
ချင်းပြည်နယ်၊ မြို့တော် ဟားခါးမြို့ပေါ်တွင် ဆက်ကြေး/ဆိုင်ကယ်စစ်ဆေးရေးအမည်ဖြင့် ပြည်သူများ ထံမှ ငွေညှစ်ကောက်ခံနေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို Chinland Defense Force (CDF) – Hakha တပ်ဖွဲ့မှ ယမန်နေ့ မတ်လ ၁၁ ရက်နေ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း ရဲ ၁ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရရှိခဲ့ရာ ထဲမှ တစ်ဦး ရဲစခန်းသို့ ပြန်ရောက်ပြီးနောက် သေဆုံး သွားခြင်းဖြစ်ကြောင်း CDF-Hakha ကထုတ်ပြန်သည်။ CDF-Hakha ထုတ်ပြန်ချက်တွင် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များအနေဖြင့် ပြည်သူများကို မတရားနှောက်ယှက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ နောက်တစ်ကြိမ်မပြုလုပ်ရန် သတိပေးထားပြီး ဆက်လက်ပြုလုပ်ပါက ထိရောက်သော အရေးယူမှု များ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။ ပြည်သူများအနေဖြင့်လည်း မတရား ညှဉ်းပန်းမှုများကို သတိထားကာ လုံခြုံရေး ဂရုစိုက်ကြရန် ဆက်လက်အသိပေးထားကြောင်း သိရသည်။

စစ်သုံ့ပန်း ၁၁၆ ဦး သတ်ဖြတ်ခြင်းသည် လူသတ်သေဖျောက်ဖျက်ခြင်းနှင့် စစ်သားများကို အသေခံတိုက်ရန် တွန်းအားပေးခြင်းဟု ဆို
မတ် ၁၂
The Kaladan Post
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီက မတ်လ ၈ ရက်နေ့တွင် လေကြောင်းဖြင့် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း AA ထုတ်ပြန်ချက်များသိရသည်။ စစ်ခေါင်းဆောင်များက လက်အောက်ငယ်သားစစ်သည်များကို ခြိမ်းခြောက်ရန်နှင့် အသေခံ မတိုက်သူများကို အပြတ်ရှင်းရန် ရည်ရွယ်ချက်ဖြင့် ကိုယ့်လူကိုယ် ဗုံးကြဲသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က သုံးသပ်ရာ ဆိုထားသည်။ ထို့ပြင် စစ်ရာဇဝတ်မှု များနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် လူသက်သေများကို တမင်တကာ ဖျောက်ဖျက်ပစ်ရန် ရည်ရွယ်ချက်လည်း ပါဝင်နိုင်ကြောင်း ယူဆထားကြောင်း ဖော်ပြထားသည်။ ဤလေကြောင်းတိုက် ခိုက်မှုသည် စစ်ကောင်စီ၏ ရက်စက်မှုနှင့် စစ်ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်အဖြစ် ပြည်တွင်း အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ထောက်ပြလျက်ရှိသည်။ တိုက်ခိုက်မှုသည် သုံးနာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး လေယာဉ်များစွာ (Y-12 နှင့် တိုက်လေယာဉ်များ) ပါဝင်ခဲ့ကာ စခန်းတစ်ခုလုံး ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။ သေဆုံးသူများတွင် ဗိုလ်မှူးချုပ်မြင့်ရွှေ အပါအဝင် အရာရှိကြီးများ၊ ဆရာဝန်များ၊ CMA အဆင့်များနှင့် အခြားစစ်သည်များ ပါဝင်ခဲ့ကြောင်း AA ထံ စစ်သုံ့ပန်းဖြစ်နေသော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။

SSPP/SSA နှင့် စစ်တပ် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ရွာသားများကို ဖမ်းဆီး ရိုက်နှက်နေ
မတ် ၁၂
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာနှင့် ကွမ်ဟင်ကျေးရွာအနီးတွင် မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်မှ နေ့လည် ၁၂:၂၅ နာရီအထိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီလက်အောက်ခံ ခမရ (၅၀၆) ဦးဆောင်သော ခမရ (၁၁၅) တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ ကြောင်း SSPP ထုတ်ပြန်ချက်များအရ သိရသည်။ တိုက်ပွဲအပြီး ညနေ ၅:၄၀ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပုံဝိုးကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ဒေသခံ ရွာသူ/ရွာသားများအားလုံးကို ဘုန်းကြီးကျောင်းသို့ စုဝေးခိုင်းခဲ့ပြီး အိမ်စီးကားများကိုပါ ယူဆောင်သွားစေကာ နေအိမ်များကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားသော ရွာသားအချို့ကို ရိုက်နှက်စစ်ဆေးခဲ့ရာ ကျောကုန်းကို ဓားဖြင့် လှီးဖြတ်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ရှမ်းတပ်နဲ့ တိုက်ပွဲဖြစ်ရင် ရှမ်းလူမျိုးကို အဓိက ပစ်မှတ်ထားပြီး ဒုက္ခပေးတာ စစ်တပ်ရဲ့ လုပ်လေ့လုပ်ထ လုပ်ရပ်သာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ဖမ်းဆီးစစ်ဆေးခံရသူအချို့ကို ည ၈ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ယနေ့အချိန်ထိ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း SSPP Info က ပြောဆိုသည်။ လက်ရှိတွင် ဒေသအတွင်း နှစ်ဖက်တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်မှုကို ဒေသခံများက စိုးရိမ်နေကြသဖြင့် အချို့ ဘေးလွတ်ရာ ထွက်ပြေးရန် စီစဉ်နေကြသည်။

ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်ရှိ ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
မတ် ၁၂
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) ဗျူဟာအမှတ်(၂) ဦးဆောင်မှုဖြင့် တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်းနယ်မြေ) မင်းဒပ်ကျေးရွာအတွင်း တည်ရှိသော ဝင်းဝတပ်စခန်းကို ၂၀၂၆ ခုနစ် မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။ ဝင်းဝတပ်စခန်းသည် နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်ကောင်စီတပ်မှ အခြေချ တပ်စွဲထားခဲ့သော နေရာဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ KNLA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ(၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5) တပ်ရင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက်တွင် အပြည့်အဝ ရရှိခဲ့ခြင်း ဖြစ်သည်။ စစ်ဆင်ရေးအတွင်း အသက်ပေးဆပ်ခဲ့သော သူရဲကောင်းများ၊ ရဲရင့်စွာ ဦးဆောင်ခဲ့သော ခေါင်းဆောင်များနှင့် စစ်သည်တော်များ (ကျား/မ) အားလုံး၊ မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲအတွက် ပံ့ပိုးကူညီခဲ့သော ပြည်သူလူထုများကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင်မှ အသိအမှတ်ပြု ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ရွှေလုပ်ကွက်များကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး
မတ် ၁၂
The Kaladan Post
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းဒေသ (နန့်ခုတ်၊ မြလယ်တကျော၊ ဘိုတောင်း စသည့်နေရာ များ) ရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေဖောင်လုပ်ကွက်များကို စစ်ကောင်စီတပ်က မတ်လ ၁၀ ရက် ညနေပိုင်း ဂျက်တိုက်လေယာဉ် ၃ စီး အပါအဝင် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွှေလုပ် သားများ အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း အတည်ပြုထားသော်လည်း ကနဦး သတင်းရင်းမြစ်များအရ သေဆုံးသူ အရေအတွက် များပြားနိုင်ကြောင်း ဖော်ပြထားသည်။ အချို့အရင်းအမြစ်များတွင် ရွှေလုပ်သား ၃၀ ခန့် သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို ဖော်ထုတ်၍ မရသေးသည့် အခြေအနေ ရှိနေကြောင်း ဆိုသည်။ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အရပ်သားနေထိုင်ရာ ရွှေလုပ်ကွက်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW) ကလည်း ဗုံးကြဲတိုက်ခိုက်မှု မှန်ကန်ကြောင်း အတည်ပြုသော်လည်း ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးကြောင်း ပြောဆိုထားသည်။

စစ်ကိုင်းတိုင်း၊ ဖိုလ်ဝင်တောင်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားဖူး ၂ ဦး သေဆုံး
မတ် ၁၂
The Kaladan Post
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်တွင် ယနေ့ မတ်လ ၁၂ ရက် နံနက် ၉ နာရီ ခန့်က စစ်ကောင်စီတပ်က Gyrocopter (ဂျိုင်ရိုကော်ပတာ) ၂ စီးဖြင့် ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ဘုရားဖူးပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ဖိုလ်ဝင်တောင်သည် ဘုရား ဖူးများ မကြာခဏ လာရောက်ဖူးမြင်လေ့ရှိသော နေရာဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အရပ်သား များကို ပစ်မှတ်ထား ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ များသည် ဆိုင်ကယ်စီးနေတဲ့ ခရီးသွား ဘုရားဖူး ၂ ဦး ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အစာရှာနေသော မျောက်များစွာလည်း သေဆုံးခဲ့ကြောင်း ၎င်းတိုက်ခိုက်မှုသည် စစ်တပ်က Gyrocopter ၂ စီးနဲ့ ဗုံးကြဲခြင်း ဖြစ်ကြောင်းသိရ သည်။ အလားတူ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အင်းဗလာကျေးရွာတွင် မတ်လ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ ခမရ ၂၀ တပ်ရင်းမှ တက်လာသော စက်တပ်လေ ထီး ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထုတ်ပြန်ချက်အရ သိရသည်။ သေဆုံးသူများမှာ အသက် ၄၃ နှစ်အရွယ် မေသွယ်လင်း၊ အသက် ၆ နှစ်အရွယ် ဂေလယ်ဒါး၊ အသက် ၂၈ နှစ်အရွယ် ဂျာရီး၊ အသက် ၄၀ နှစ်အရွယ် ဒေါ်မကူ၊ အသက် ၆ နှစ်အရွယ် မနိုစင်လင်း နှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်မူကီကီ တို့ ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၉ နှစ်အရွယ် နိုဘယ်လင်း၊ အသက် ၃၈ နှစ်အရွယ် ထွန်းဇော်ဦး၊ အသက် ၅၀ နှစ်အရွယ် နန်းဋ္ဌေးအောင် နှင့် အသက် ၅၀ နှစ်အရွယ် တီးဒါးဖိုး တို့ ဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီသည် နိုင်ငံတဝန်း လေကြောင်းတို က်ခိုက်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိပြီး အရပ်သားများ၊ ကလေးငယ်များနှင့် ဘာသာရေးနေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။

အကျဲရွာကုန်း စစ်စခန်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား အချို့ သေဆုံး
မတ် ၁၂
The Kaladan Post
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များအတွင်း KIA ပူးပေါင်းတပ် များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြစ်ကြီးနားမြို့မှ မိုင် ၁၂ ခန့်အကွာ နမ္မတီးနှင့် မြစ်ကြီးနားကြားရှိ အကျဲရွာ လက်ဝါးကပ်တိုင်ကုန်းတွင် တပ်စွဲထားသော စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သားအချို့ ထိခိုက်သေဆုံးခဲ့ကြောင်း စစ်ရေးရင်းမြစ်က အတည်ပြုထား သည်။ အဆိုပါ စစ်စခန်းသည် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ နန့်ပေါင်လေဆိပ်အနီး ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး ခရီးသွားပြည်သူများထံမှ ငွေညှစ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လူငယ်များကို ပေါ်တာ ဆွဲဖမ်းဆီးခြင်းများဖြင့် အမည်ဆိုးသည့် နေရာဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စသည့် နေရာများတွင်လည်း KIA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

မန္တလေးတိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား စစ်သား ၄ ဦး သေဆုံး
မတ် ၁၂
The Kaladan Post
မန္တလေးတိုင်း တောင်သာမြို့နယ် ဝဲလောင်ရဲစခန်းအနီး နတ်လူထိပ်ပန်ရပ်ကွက်တို့၌ တော်လှန်ရေး တပ်ဖွဲ့များက မတ်လ ၆ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း Taung Tha People Defense Force က ထုတ်ပြန်သည်။ တောင်သာမြို့နယ် ဝဲလောင်ရဲစခန်းမှ ရဲစခန်းမှူး နေမင်းနိုင်နှင့် နယ်ထိန်းရဲ စိုးမြင့်သန်း (ခ) တတ်တူး တို့ အရက်ဝယ်ရန် စားသောက်ဆိုင်သို့ ထွက်လာစဉ် Taung Tha People Defense Force (TTA-PDF) နှင့် ဝဲလောင်တိုက်နယ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ နယ်ထိန်းရဲ စိုးမြင့်သန်း နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရဲစခန်းမှူး နေမင်းနိုင်မှာ ခြေထောက်ပြတ် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှုအတွင်း ရဲစခန်းဘက်မှ ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း TTA-PDF ပြောဆိုသည်။ အလားတူ မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက်အတွင်း စစ်တပ်ဂိတ်ကို မနက် ၈ နာရီခန့်က Nga Moe Yeik Column စစ်ကြောင်းဦးဆောင်ပြီး Monywa Revolution – MR အဖွဲ့ ပူးပေါင်း၍ RPG ဖြင့် မီတာ ၁၀၀ ခန့်အကွာမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MR အဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်ဟု SRA ပြောဆို
မတ် ၁၂
The Kaladan Post
လွတ်မြောက်နယ်မြေတစ်နေရာ၌ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း SRA က ထုတ်ပြန်သည်။ သင်တန်းကို အာရက္ခတပ်တော် (AA) မှ သင်တန်းနည်းပြများက တာဝန်ယူ လေ့ကျင့်သင်ကြားပေးခဲ့ပြီး အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်စည်းကမ်းများကို အဓိက အကြောင်း အရာများအဖြစ် ထည့်သွင်း သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။ ဤသင်တန်းတွင် ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် (BPLA)၊ ယောတပ်တော် (YA)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway – PDF) နှင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) တို့မှ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ ဆင်းပွဲအခမ်းအနားသို့ SRA တပ်ဖွဲ့ဝင် တပ်မှူးများ၊ မဟာမိတ်တော်လှန်ရေး တပ်များမှ တပ်မှူးများ၊ ဒေသတွင်း ရပ်မိရပ်ဖများနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များအား ဂုဏ်ပြု အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ SRA အနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးနှင့် ပြည်သူလူထု လွတ်မြောက်ရေးအတွက် တပ်ပေါင်းစု၏ ညီညွတ်မှုအားဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
“တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်” ဟူသော ဆောင်ပုဒ်ဖြင့် ဆက်လက် ရှေ့ဆက်တိုက်ပွဲဝင်ရန် SRA က အလေးအနက်ထား ကတိကဝတ်ပြုထားကြောင်း သိရှိရသည်။
