ဟားခါးမြို့တွင် နေထိုင်သူ စစ်မှုထမ်းသစ် ၁ ဦး လက်နက်များနှင့်အတူ ဆဲန်ထန်ဒေသ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်
အောက်တို ၂၈
The Kaladan Post
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ခလရ ၂၂၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးသည် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနှင့် ကျည်ဆံအနည်းငယ် တို့ ယူဆောင်ကာ Senthang Revolution Force (SRF) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် (SRF) သတင်းထုတ်ပြန်သည်။ ထိုသို့အလင်းဝင်လာသူသည် စစ်တပ်မှ အဓမ္မဖမ်းဆီးခံရသူဖြစ်ပြီး ၎င်းအား Senthang Revolution Force (SRF) အဖွဲ့က ဆုကြေးငွေအဖြစ် ကျပ် သိန်း ၃၀ အပြင် လိုအပ်ပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်း SRF တာဝန်ရှိသူက ပြောဆိုသည်။

မန်လီကျေးရွာတွင် စစ်တပ် ဒရုန်းဗုံးကြဲ၍ နေအိမ် ၁ လုံး မီးလောင်ပျက်စီး
အောက်တို ၂၈
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာတွင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက ဒရုန်း အသုံးပြု၍ ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ရာ ပြည်သူ့နေ အိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်သည်။ ထို့ပြင် ကျေးရွာအတွင်း ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး နေအိမ်အချို့ ဗုံးစထိမှန် ပျက်စီးခဲ့သည်။ TNLA က စစ်တပ်သည် ၎င်းတို့ စိုးမိုးနယ်မြေမျှသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နေရာများတွင်ပါ အပြစ်မဲ့ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု ထုတ်ပြန်ထားသည်။

ဆိပ်ဖြူမြို့နယ်၊ သံဇလုံဂိတ်တိုက်ခိုက်ခံရပြီး စစ်တပ် ၄ ဦးသေဆုံး
အောက်တို ၂၈
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သံဇလုံစစ်တပ်ဂိတ်ကို အောက်တိုဘာ ၂၇ ရက် နံနက် ၅:၃၀ တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ပြီး MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ 5.56 ကျည် ၁၁၀နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း ပခုက္ကူခရိုင် စစ်ဌာနသည်။ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၁၉ နှင့် Yenanthar စစ်ကြောင်း ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ (ခ) ရဲဘော် ဟိန်းမင်းသူ မြင့်မြတ်စွာ အသက်ပေးခဲ့ရကြောင်သိရသည်။ ဆိပ်ဖြူမြို့နယ်တွင် စစ်တပ်က ရွေးကောက်ပွဲကျင်း ပရန် လုံခြုံရေးတိုးမြှင့်ထားပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးမှုများ အရှိန်မြှင့်လျက်ရှိရာ နေအိမ်ဖျက်ဆီး၊ လုယက်၊ ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု သိရသည်။ တော်လှန်ရေးသတင်းရင်းမြစ်က ရွေးကောက်ပွဲ အောင်မြင်ရန်မဖြစ်နိုင်ဟု ဆိုသည်။

စစ်တပ်က အွန်လိုင်းကျားဖြန့်လိမ်လည်မှုကို တိုက်ရိုက်/သွယ်ဝိုက်ပံ့ပိုး၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူရန် NUG တိုက်တွန်း
အောက်တို ၂၈
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အောက်တိုဘာ ၁၈ ရက် သတင်းစကားပြောကြားပွဲတွင် မြန်မာအကြမ်းဖက်စစ်တပ်သည် ကမ္ဘာ့ ပြည်သူများကို ဒုက္ခပေးနေသည့် အွန်လိုင်းကျားဖြန့်လိမ်လည်မှုလုပ်ငန်းများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပံ့ပိုးနေမှု သက်သေထင်ရှားကြောင်း ထုတ်ဖော်ပြောဆိုသည်။ တရုတ်မီဒီယာ များတွင် ဖော်ပြထားသည့် ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင် ဝေဆန်း (ဝေဟွိုင်ရန်) ၏ ထွက်ဆိုချက်များအရ စစ်အုပ်စုထံမှ ကာကွယ်မှု၊ ခွင့်ပြုချက်ရရှိခဲ့ပြီး လိမ်လည်ရရှိသည့်ငွေ၏ အစိတ်အပိုင်းကို စစ်အုပ်စုသို့ ပေးဆောင်ခဲ့ရကြောင်း အဓိပ္ပာယ်သက်ရောက်သဖြင့် စစ်တပ်၏ ပါဝင်ပတ်သက်မှု ထင်ရှားကြောင်း ဦးနေဘုန်းလတ်က အလေးပေးပြောဆိုသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုအားကောင်းစေရန် တိုက်တွန်းသည်။မြန်မာနိုင်ငံသားများ ကမ္ဘောဒီးယားတွင် လိမ်လည်လူကုန်ကူး၊ အဓမ္မလုပ်အားပေး၊ လိင်အမြတ်ထုတ်ခံရမှုများ ကျူးလွန်ခံနေရကြောင်း UNODC သို့ အကူအညီတောင်းခံစာများ ဆက်တိုက်ရောက်ရှိနေသည်ဟုလည်း ဖော်ပြသည်။ NUG အနေဖြင့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှု ခင်းများ တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရန် အသင့်ရှိကြောင်း အတည်ပြုသည်။ စစ်တပ်က အွန်လိုင်းကျားဖြန့်လိမ်လည်မှုကို စီးနင်းသယောင်အယောင်ပြုနေသည်မှာ လှည့်ကွက်သာဖြစ်ပြီး နယ်ခြားစောင့်တပ်များမှတစ်ဆင့် စစ်ခေါင်းဆောင်များ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေသဖြင့် အရင်းအမြစ်ကို ဖြတ်တောက်မှ သာ ချုပ်ငြိမ်းနိုင်မည်ဟု သတိပေးသည်။ ပြည်သူများအနေဖြင့် အွန်လိုင်းအလုပ်ခေါ်ယူမှုများကို စိစစ်ပြီးမှ လက်ခံရန်နှင့် ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်၍ အထူးသတိထားကြရန် တိုက်တွန်းထားသည်။

ကလေးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားပြီး CNA ရဲဘော် ဆလိုင်း ဗန်ဇမှုန်း ကျဆုံး
အောက်တို ၂၈
The Kaladan Post
စကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော် ဆလိုင်း ဗန်ဇမှုန်း မြင့်မြတ်စွာ ကျဆုံးခဲ့ ကြောင်း မိသားစုထံမှ သိရသည်။ ဆလိုင်း ဗန်ဇမှုန်း ရဲဘော်သည် ကလေးမြို့နယ်တစ်နေရာတွင် ကျဆုံးခဲ့ပြီး အဆိုပါ ရဲဘော်သေဆုံးကြောင်းကို စစ်ကောင်စီဆပိတွေက ဓာတ်ပုံနှင့်တကွ မိသားစု ထံ ဒီမနက်မှ သေဆုံးသူ၏ ဖုန်းဖြင့် သတင်းပေးပို့လာခဲ့တာဖြစ်သည်ဟု မိသားစုက ဆိုသည်။ အဆိုပါ ရဲဘော်သေဆုံးသည့် နေရာကို မိသားစုတွေ စစ်ကောင်စီ စခထံ မေးမြန်းခဲ့သော်လည်း မဖြေကြားကြောင်း ဆိုပါသည်။ အဆိုပါ ရဲဘော်သည် မည်သည့်အချိန်တွင် သေဆုံးခဲ့ကြောင်း အတိအကျ မသိရသေးပါ။ ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီတွေ မြေမြှုပ်သဂြိုလ်ပေးခဲ့ ကြောင်း သိရသည်။ အဆိုပါ ရဲဘော်သည် CNA တပ်မဟာ (၅) က ဒုတပ်ကြပ်အဖြစ် တာဝန်ထမ်းဆောင်နေခဲ့ပြီး သေဆုံးခြင်းနှင့်ပတ်သက်ပြီး CNA တာဝန်ရှိသူများထံမှ ဘာသတင်းမှ မကြားရသေးကြောင်း မိသားစုက ဆိုပါသည်။ ဆလိုင်း ဗန်ဇမှုန်း ရဲဘော်သည် ချင်းပြည်နယ်၊ လောက်တူနယ်ဒေသ၊ သီဆဲင်း(ခ)ကျေးရွာမှ ဦး ထလာနော်လ်၏ သားဖြစ်ပြီး စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကို လက်မခံနိုင်သဖြင့် ချင်းအမျိုးသားတပ်မတော်ထံ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

ဟားခါးမြို့တွင် ညမထွက်ရအမိန့် CDF – Hakha ထုတ်ပြန်
အောက်တို ၂၈
The Kaladan Post
အကြမ်းဖက် စစ်ကောင်စီသည် ရွေးကောက်ပွဲကို အကြောင်းပြ၍ အချိန်မရွေး ညသန်းခေါင်အချိန် များတွင်ပင် လူနေအိမ်များကို ဝင်ရောက်စီးနှင့်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပြီး ချင်းပြည်နယ် တစ်ဝန်း အပါအဝင် မြို့တော်ဟားခါးတွင် လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် စစ်အင်အား အတော်အတင်း ဖြည့်တင်းနေသည်ကို တွေ့ရှိရသည်ဟု CDF – Hakha က ထုတ်ပြန်သည်။ ထို့အပြင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ နေ့စဉ်ဗုံးကြဲ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများနှင့် အတင်းအဓမ္မရွေးကောက်ပွဲ ကျင်းပရန်ကြိုးပမ်းမှုများကြောင့် ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးနေရသည့်အပြင် အကြောက်တရားဖန်တီးမှုများ ပိုမိုဆိုးရွား လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ဟားခါးမြို့ပေါ်နေထိုင်သည့် မိဘပြည်သူများ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ည ၇:၀၀ နာရီမှ နံနက် ၅:၀၀ နာရီအထိ ချက်ချင်းအကျိုးသက်ရောက်စေသည့် ညမထွက်ရအမိန့် (Night Curfew) ကို CDF – Hakha ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုပြင် မိဘပြည်သူများအနေဖြင့် စိတ်ရှည်သည်းခံမှု၊ သတိကြီးစွာထားရှိမှုဖြင့် ဤအမိန့်ကို လိုက်နာပူးပေါင်းပေးကြရန် အထူးတိုက်တွန်းထားပြီး အမိန့်ကို ပျက်ကွက်ဖောက်ဖျက်သူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပါက တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

NUG ဦးနေဘုန်းလတ်၊ အာဆီယံအား ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို ထောက်ပံ့ရန် တိုက်တွန်း
အောက်တို ၂၈
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အာဆီယံအနေဖြင့် စစ်ကောင်စီ၏ အတုရွေးကောက်ပွဲကို တရားဝင်မှုမပေးဘဲ NUG နှင့် တိုင်းရင်းသားမဟာမိတ်များ ၏ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့ရန် အလေးအနက် တိုက်တွန်းလိုက် သည်။ ယနေ့ (၁၈ အောက်တိုဘာ ၂၀၂၅) သတင်းစကားပြောကြားပွဲတွင် ဖက်ဒရယ်ပဋိညာဉ် အခန်း (၃) အဆင့်(၁၁) အတိုင်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲကာ ဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ ကျင်းပရေးကို ရည်မှန်းထားကြောင်း ရှင်းပြခဲ့သည်။ လက်ရှိ အဆင့်(၈) ဖြစ်သည့် AFTA ကို တော်လှန်ရေးအင်အားစုများ စုပေါင်းရေးဆွဲနေပြီး ဘုံနိုင်ငံရေးသဘောတူညီချက်များ ရရှိရေး တွေ့ဆုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်နေကြောင်း ဖော်ပြခဲ့သည်။ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မြန်မာ့အရေး ဆုံးဖြတ်ချက်များကို ကြိုဆိုကာ မြန်မာပြည်သူ ဦးဆောင်သည့် ရေရှည်ငြိမ်းချမ်းရေး ရှာဖွေမှုကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အောက်တိုဘာ ၁၁ ရက် တော်လှန်ရေးအဖွဲ့ ၂၀ ၏ ပူးတွဲထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရေး၊ အာဆီယံ ၅ ရပ် အကောင်အထည်ဖော်ရေး၊ စစ်တပ်ရွေးကောက်ပွဲ ပယ်ချရေး စသည်တို့ ပါဝင်သဖြင့် အာဆီယံနှင့် နိုင်ငံတကာ အလေးအနက်ထား ဆောင်ရွက်ရန် ထပ်မံ တိုက်တွန်းခဲ့သည်။

ကလေးတောင်ပိုင်း GTC စစ်တပ်က ကျွန်းချောင်း၊ ထောက်ကြန့်ရွာများ မီးရှို့ဖျက်ဆီး အရပ်သား ၄၀ နီး ဖမ်းဆီး
အောက်တို ၂၈
The Kaladan Post
မကွေးတိုင်း ကလေးမြို့နယ်တောင်ပိုင်း ထိုမာရွာ GTC တက္ကသိုလ်တွင် တပ်စွဲနေသော စစ်အုပ်စုက အောက်တိုဘာ ၂၇ ရက်က ကျွန်းချောင်းရွာကို အင်အား ၁၀၀ နီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ ၂၈ ရက်မနက်ပိုင်း ထောက်ကြန့်ရွာ နေအိမ်များ ထပ်မံမီးရှို့၊ မရှောင်နိုင်သော အရပ်သား ၄၀ ခန့်ကို ဖမ်းဆီးခဲ့သည်။ ယောအလင်းတန်း အဖွဲ့ဝင် ကိုမင်းဒဿ ပြောဆိုချက်အရ စစ်အုပ်စုသည် ကလေး-ဂန့်ဂေါလမ်းပိုင်း တောင်ဘက်ကို ဆက်လက်ထွက်ခွာရင်း သာယာကုန်းရွာတွင် ညအိပ်ခဲ့ပြီး တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုကြောင့် ရွာများကို ပြစ်ဒဏ်ပေးတိုက်ခိုက်ခဲ့ဟု သိရသည်။ အောက်တိုဘာ ၂၆ ရက်က စစ်တပ်က GTC ကာကွယ်ရေးစခန်းသို့ အင်အား ၃၀၀ နီး၊ လက်နက် ရိက္ခာ ဖြည့်တင်းခဲ့ပြီး ညနေပိုင်း ဒရုန်း၊ ဗုံးသီး ရမ်းသွယ်ကာ အရပ်သားများ ထွက်ပြေးရှောင်ခဲ့ ရသည်။ အောက်တိုဘာ ၁၆ ရက်မှ စစ်တပ်က ကလေး-ဂန့်ဂေါ လမ်းပိုင်း စစ်ကြောင်းထိုး၊ ဒေသခံ ကာကွယ်ရေးတပ်များနှင့် ထိတွေ့နေပြီး စက်တင်ဘာလက ကြံသာ၊ မှန်သာ ရွာများတွင် တိုက်ပွဲပြင်းထန်ခဲ့သည်။ ကလေးမြို့နယ်တစ်ခုလုံး အရပ်သား ၄ သောင်း နီး တိမ်းရှောင်နေရပြီး သက်ကြီး၊ ငယ်ဘဝများ ပါဝင်သောကြောင့် ဆေးဝါး၊ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ပြောဆိုသည်။

မုံရွာ ရွှေဂူနီဘုရားဝန်း စစ်တပ် နှစ်ဦး လက်နက်နှစ်လက်နှင့်အတူ အလင်းဝင်
အောက်တို ၂၈
The Kaladan Post
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ရွှေဂူနီဘုရားဝန်းတွင် တပ်စွဲနေသော စစ်အုပ်စုမှ စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးခံရသူ နှစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း မုံရွာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။ အလင်းဝင်လာသူ နှစ်ဦးသည် စစ်ရာဇဝတ်မှု မပတ်သက်ဘဲ itans Force Monywa-အမှတ်(၂) တိုက်နယ်နှင့် ချိတ်ဆက်ကာ MA-3 တစ်လက်၊ MA-11 တစ်လက်တို့ ယူဆောင်လာခဲ့သည်။ လက်ရှိ ပူးပေါင်းလာသူများကို မုံရွာပကဖက စောင့်ရှောက်ထားပြီး သူတို့၏ ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းအသစ်များ အကြမ်းဖက်လမ်းစဉ်စွန့်ခွာ၍ နီးစပ်ရာ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။ အလင်းဝင်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်လာရန် မျှော်လင့်ကြောင်း ပကဖ က အသိပေးထားသည်။
