ဇွန် ၁၉၊ ၂၀၂၆

The Kaladan Post

 

အိန္ဒိယစတော့ရှယ်ယာဈေးကွက်ဟာ ငါးရက်ဆက်တိုက် ဈေးတက်နေခဲ့ရာကနေ ဒီကနေ့ ဇွန်လ ၁၉ ရက်၊ သောကြာနေ့မှာတော့ ပြန်လည်ကျဆင်းသွားတယ်လို့ သိရပါတယ်။ ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Accenture ရဲ့ အရှုံးအမြတ် ခန့်မှန်းချက်တွေ အားနည်းနေတာကြောင့် အိန္ဒိယရဲ့ နည်းပညာ (IT) ကဏ္ဍက ရှယ်ယာတွေ အကြီးအကျယ် စျေးကျသွားတာ ဖြစ်ပါတယ်။

စျေးကွက်ဖွင့်ချိန်မှာ အဓိကညွှန်းကိန်းဖြစ်တဲ့ Nifty 50 ဟာ ၀.၈၂ ရာခိုင်နှုန်း ကျဆင်းခဲ့သလို၊ BSE Sensex ညွှန်းကိန်းကလည်း ၀.၉၄ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ပါတယ်။ အထူးသဖြင့် IT အညွှန်းကိန်းဟာ ၅.၇ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပြီး ၃ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ TCS၊ Infosys နဲ့ HCLTech တို့ရဲ့ ရှယ်ယာတွေဟာ ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းကျော်အထိ စျေးကျခဲ့ပါတယ်။ ဒါ့အပြင် အဓိကကျတဲ့ HDFC ဘဏ်ရဲ့ ရှယ်ယာကလည်း ၂ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ Reliance Industries ကတော့ သူတို့ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ Jio IPO အစီအစဉ်နဲ့ AI ဗျူဟာတွေကို ကြေညာမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ၀.၅ ရာခိုင်နှုန်းလောက် စျေးတက်နေတယ်လို့ ဆိုပါတယ်။

Morgan Stanley ရဲ့ သုံးသပ်ချက်အရ Accenture ရဲ့ အခြေအနေကြောင့် IT လုပ်ငန်းတွေရဲ့ ဝင်ငွေအလားအလာအပေါ် စိုးရိမ်မှုတွေ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ BNP Paribas မှ ကျွမ်းကျင်သူတစ်ဦးကလည်း “အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေးရလို့ ရေနံဈေးကျတာက စျေးကွက်အတွက် စိတ်သက်သာရာရစေပေမဲ့ အခုနှစ်မှာကြုံရမယ့် အယ်လ်နီညို (El Nino) အန္တရာယ်ကတော့ စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲပါ” လို့ ပြောကြားထားပါတယ်။

တခြားတစ်ဖက်မှာတော့ Aurobindo Pharma နဲ့ Amber Enterprises တို့ကတော့ သူတို့ရဲ့ စီးပွားရေးသဘောတူညီချက်အသစ်တွေကြောင့် ရှယ်ယာဈေးတွေ ၂ ရာခိုင်နှုန်းစီ ပြန်တက်လာတာကို တွေ့ရတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

Source: Reuters (Bharath Rajeswaran)