ဇွန် ၁၂၊ ၂၀၂၆
The Kaladan Post
ကမ္ဘာ့စီးပွားရေးအင်အားကြီး G7 နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန်နဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် ကျန်းကော်ချင် (Zhang Guoqing) တို့ဟာ ကမ္ဘာ့စီးပွားရေး မမျှတမှုတွေနဲ့ ပတ်သက်ပြီး ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံက စျေးနှုန်းချိုသာတဲ့ ကုန်ပစ္စည်းတွေ အလုံးအရင်းနဲ့ တင်ပို့နေတဲ့အပေါ် G7 နိုင်ငံတွေက ဘယ်လိုကိုင်တွယ်မလဲဆိုတာကို လာမယ့်အပတ် ပြင်သစ်နိုင်ငံမှာ ဆွေးနွေးဖို့ ရှိနေတာပါ။ အဲဒီအစည်းအဝေးမတိုင်ခင်မှာပဲ သမ္မတ မက်ခရွန်က တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေကို နောက်ဆုံးအကြိမ်အဖြစ် ကြိုးပမ်းညှိနှိုင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲအတွင်းမှာ တရုတ်ဒုတိယဝန်ကြီးချုပ် ကျန်းကော်ချင်က လွတ်လပ်ပြီး အဆင်ပြေချောမွေ့တဲ့ ကုန်သွယ်မှုပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ “တရုတ်နိုင်ငံဟာ အဆင့်မြင့်ပွင့်လင်းမြင်သာမှုရှိတဲ့ မူဝါဒကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေး တည်ငြိမ်ဖို့အတွက် တခြားနိုင်ငံတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေကို ဝေမျှပေးသွားမှာပါ” လို့ ၎င်းက ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။
သမ္မတ မက်ခရွန်ကလည်း “ကျွန်တော်တို့အားလုံးရဲ့ ဘုံရည်မှန်းချက်က ရှင်းပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားရေးကို ပိုမိုခိုင်မာတဲ့ တိုးတက်မှုလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဖို့ပါပဲ။ အဲဒီလိုဖြစ်လာဖို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ထိထိရောက်ရောက် လိုအပ်ပါတယ်” လို့ အစည်းအဝေးအဖွင့်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ဥရောပသမဂ္ဂ (EU) အတွင်းမှာ တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးမူဝါဒတွေ တင်းကျပ်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး သဘောထားတွေ ကွဲလွဲနေကြပါတယ်။ ဂျာမနီနိုင်ငံက တရုတ်အပေါ် အခွန်တိုးမြှင့်ဖို့ ဝန်လေးနေပေမဲ့ တချို့နိုင်ငံတွေကတော့ တင်းကျပ်တဲ့ အစီအမံတွေလုပ်ဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဘက်ကတော့ သူတို့ရဲ့ ပို့ကုန်တွေအပေါ် မတရားတဲ့ ထောက်ပံ့ကြေးပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး နိုင်ငံအလိုက် တစ်ဖက်သတ် အခွန်တိုးမြှင့်တာတွေကိုလည်း ဝေဖန်ကန့်ကွက်ထားကြောင်း သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
Source: Reuters (Michel Rose and Ethan Wang)