မင်းအောင်လှိုင်က ကောင်းမွန်သော ဆောင်ရွက်ချက်များကို ဆက်ခံအစိုးရအနေဖြင့် အရှိန်မြှင့်ဆောင်ရွက်ရန် မှာကြား

မတ် ၇
The Kaladan Post
နေပြည်တော်တွင် ကျင်းပသော ဘဏ္ဍာရေးကော်မရှင်နှင့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး တွင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း ထင်ရှားသော တိုးတက်မှုများနှင့် အောင်မြင်မှုများရရှိကြောင်း ပြောဆိုသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ စတင်ကာ ပါတီစုံ ဒီမိုက ရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးဖြစ်ကာ လွှတ်တော်မှ ရွေးချယ်တာဝန်ပေးလာသော အစိုး ရသို့ နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးမည်ဟု ပြောဆိုသည်။ အာဏာသိမ်း ၅ နှစ်ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြို့ရွာသန့်ရှင်းသာယာရေး၊ စွန့်ပစ်အမှိုက် စီမံ ခန့်ခွဲရေး စသည့်နယ်ပယ်များတွင် ပြောင်းလဲတိုးတက်မှုများ ရရှိခဲ့ကြောင်း၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် နည်းပညာ၊ ငွေကြေးပံ့ပိုးမှုများ ပေးအပ်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားဖူလုံရေးအတွက် ရေအားလျှပ်စစ်နှင့် ဆိုလာစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရန်နှင့် ယခုအစိုးရအနေဖြင့် ကောင်းမွန်သော ဆောင်ရွက်ချက်များကို ဆက်ခံအစိုးရများအတွက် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ဦးစားပေး အသုံးစရိတ်များ လျာထားသတ်မှတ်ရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကျပ် ၁၉၅,၀၃၂ ဘီလီယံ ရရှိရန်နှင့် စီးပွားရေးတိုးတက်မှုနှုန်း ၃.၄ ရာခိုင်နှုန်း ရရှိရန် မျှော်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းမာပင်မြို့နယ် နဘူးတောရွာကို စစ်တပ်စစ်ကြောင်းဝင်ရောက်သဖြင့် ရွာလုံးကျွတ် ထွက်ပြေး

မတ် ၇
The Kaladan Post
ယနေ့ မတ်လ ၆ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာကို စစ်တပ် စစ်ကြောင်းက ချင်းတွင်းတံတားဘက်မှ စစ်ခွေးကား ၁၂ စီး၊ သံပြားကားများပါဝင်စွာ ရုတ်တရက် ဝင်ရောက်စီးနင်းကာ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ စစ်ကြောင်း၏ ရုတ်တရက်ဝင်ရောက်မှုကြောင့် ရွာသားများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကာ လက်ရှိအချိန်ထိ စစ်ကြောင်းသည် ရွာအတွင်း နေအိမ်များကို ဝင်ရောက်မွှေနှောက်နေဆဲ ဖြစ်ကြောင်းသိရသည်။ နဘူးတောရွာသည် ယခင်ကလည်း စစ်တပ် စစ်ကြောင်း အဝင်အထွက်များပြားပြီး ဒုက္ခအများဆုံး ခံစားရသော ကျေးရွာတစ်ရွာ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ထို့ပြင် ယင်းမာပင်နှင့် ပုလဲမြို့နယ်ဘက်တွင် စစ်ကြောင်း ၂ ကြောင်း ရောက်ရှိနေပြီး ယနေ့ညနေပိုင်းတွင် ဇက်ဖြင့်ကူးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်း တစ်ကြောင်းကို ဝမ်ပေါင်ထဲ အင်အားဖြည့်တင်းထားကာ ယင်းမာပင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာနိုင်သည့် အခြေအနေကို ဒေသခံများက ဆက်လက်စောင့်ကြည့်နေရကြောင်း သိရသည်။ စစ်တပ် စစ်ကြောင်းထိုးလှုပ်ရှားမှုများကြောင့် စစ်ကိုင်းတိုင်းအတွင်း ဒေသခံများ ဆက်လက်ခံစားနေရသည်။

ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရ

မတ် ၇
The Kaladan Post
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း ခမရ(၁၀) တပ်ရင်းမှ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း(၁) တပ်ခွဲ (၂) က မတ်လ ၆ ရက် မနက်အစောပိုင်းတွင် သဲမဲကျေးရွာ အနောက်ဘက် သင်္ချိုင်းကုန်းအနီး၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော်များဘက်မှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။ ထို့နောက် စစ်ကြောင်းသည် ရှေ့ဆက်မတိုးနိုင်ဘဲ သေဆုံးအလောင်းများနှင့် ဒဏ်ရာရ သူများကို သယ်ဆောင်ကာ ခမရ(၁၀) တပ်အတွင်းသို့ နောက်ပြန်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျည်ဘောက် ၁ ခု၊ ကျည်အချို့နှင့် စစ်အသုံးအဆောင်ပစ္စည်း အချို့ သိမ်းဆည်းရမိခဲ့သည်ဟု ပြည်ခရိုင် တပ်ရင်း(၁) တပ်ခွဲ (၂) က ပြောဆိုသည်။ ထို့အပြင် ပြည်ခရိုင် တပ်ရင်း(၂)က မတ်လ ၂ ရက်ကလည်း သဲမဲကျေးရွာဘက် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိပြီး နောက်ပြန်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

တကောင်းမြို့ ပြန်သိမ်းရေး စစ်တပ် ထိုးစစ်ဆင်ပြီး ဒရုန်း လက်နက်ကြီး ဆက်တိုက်ပစ်ခတ်

မတ် ၇
The Kaladan Post
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း တကောင်းမြို့ကို ဦးတည်လျက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းထိုး တိုက်ခိုက်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောဆိုသည်။ ဖေဖော်ဝါရီ ၆ ရက်မှ စတင်ကာ စစ်ကောင်စီက ထိုးစစ်ဆင်နေသော အဆိုပါ စစ်ကြောင်းများသည် တကောင်းလမ်းဆုံနှင့် (၆) မိုင်အကွာ ရေယာဉ်ကျေးရွာသို့ ရောက်ရှိနေပြီး လမ်းဘေးဘယ်ညာ ခွဲထိုး ဆက်လက် တိုးချဲ့ လျက်ရှိကြောင်း သိရသည်။ ထို့အပြင် တကောင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီး များဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး ဒရုန်း အများအပြား အသုံးပြု၍ ဧရာဝတီမြစ်ကမ်းဘက်နှင့် ဆိပ်ကမ်းနယ်မြေများကို ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ တကောင်းမြို့ သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း အတွင်း တော်လှန်ရေး တပ်ဖွဲ့များက ၂၀၂၄ ခုနှစ်တွင် သိမ်းပိုက်ထားခဲ့သော နေရာဖြစ်ပြီး မန္တလေးတိုင်းအတွင်း NUG ထိန်းချုပ်ထားသည့် နောက်ဆုံး အဓိက မြို့တစ်မြို့ ဖြစ်သည်။ ယခု စစ်ကောင်စီ၏ ထိုးစစ်ကြောင့် စစ်ဘေးရှောင် ပြည်သူ သောင်းချီ အကူအညီ လိုအပ်နေပြီး ဒရုန်း ဗုံးကြဲမှုများကြောင့် အရပ်သား သေဆုံးမှုများလည်း ရှိနေကြောင်း သိရှိရသည်။

မူးယစ်ဆေးကြောင့် လမ်းမှားလာသော စစ်သား တစ်ဦးကို Kalay UG က ဖမ်းဆီး

မတ် ၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ချင်းဆိုင်ကျေးရွာအနီး၌ မတ်လ ၅ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့မှ တပ်သား အောင်စိန်သောင်း သည် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး ဆေးကြောင်နေသည့် အခြေအနေဖြင့် လမ်းမှားဝင်ရောက်လာခဲ့ရာ Kalay Urban Guerilla (Kalay UG) အဖွဲ့မှ ရဲဘော်များ က အရှင်ဖမ်းဆီးရမိခဲ့ကြောင်း မတ်လ ၇ ရက်တွင် ထုတ်ပြန်သည်။ ဖမ်းဆီးရရှိခဲ့သော ပစ္စည်းများမှာ MA-1 ရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ၅.၅၆ မမ ကျည် ၇၅ တောင့်တို့ ဖြစ်သည်။ Kalay UG က ထိုတပ်သားအား နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားမည် ဖြစ်ပြီး လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ Kalay UG ပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီတပ်သားအများစုမှာ မူးယစ်ဆေးစွဲနေကြပြီး ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်း၊ လုယက်ဓားပြတိုက်ခြင်း၊ အိမ်ခိုးယူခြင်း၊ ပေါ်တာဆွဲ ငွေညှစ်ခြင်းစသည့် ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း ပြောကြားခဲ့သည်။ ထိုသို့သော ဖမ်းဆီးငွေညှစ်မှုများကြောင့် ကလေးဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်နေရကြောင်း သိရသည်။


နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ရေးကြိုးစားနေသော မင်းအောင်လှိုင်က အီရန် အရေးယူခံရမှု အ‌ပေါ် အလွန်စိုးရိမ်ဟု ပြောဆို

မတ် ၇
The Kaladan Post
အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်း ဒေသတွင် ပဋိပက္ခများ ပြင်းထန်လာနေသည့်အချိန်တွင် မြန်မာစစ်ကောင်စီက ဝေဖန်ခြင်း ကန့်ကွက်ခြင်း မပြု လုပ်ဘဲ၊ အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွက် လွန်စွာ စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်သည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို အခြေခံ၍ အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် သံတမန်ရေး ကြိုးပမ်းမှုများဖြင့်သာ ပဋိပက္ခများ ကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ ပါဝင်နေသော နိုင်ငံများအနေဖြင့် နိုင်ငံတစ်ခုချင်း၏ အချုပ် အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ပဋိပက္ခများကို လျှော့ချ၍ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးရန် တိုက်တွန်းထားသည်။ သို့သော် မြန်မာစစ်ကောင်စီနှင့် အီရန်တို့အကြား ဆက်ဆံရေး ခိုင်မာနေဆဲဖြစ်ပြီး ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အီရန်မှ လေယာဉ်ဆီ လျှို့ဝှက်ဝယ်ယူမှုများ ရှိခဲ့ကြောင်း သိရှိရသည်။ ယခင်က ရုရှားနှင့် တရုတ်တို့၏ ရပ်တည်ချက်အတိုင်း ဝေဖန်မှုများ ပုံမှန်ပြုလုပ်လေ့ရှိသော်လည်း၊ ယခု အီရန်ပဋိပက္ခတွင်မူ နိုင်ငံမည်သည့်နိုင်ငံကိုမျှ နာမည်မဖော်ပြ ဝေဖန်ခြင်း မရှိဘဲ စိုးရိမ်ပူပန်မှုကိုသာ အလေးပေး ထုတ်ဖော်ထားသည်။

ကနီမြို့နယ်ရှိ တော်လှန်ရေးစခန်းများကို စစ်တပ်က အင်အားများစွာဖြင့် ဝင်ရောက်မီးရှို့ဖျက်ဆီး

မတ် ၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း ယနေ့ (မတ်လ ၇ ရက်) တွင် စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်စီ ပါဝင်သော စစ်ကြောင်း ၃ ကြောင်း အပြိုင်ထိုးစစ်ဆင်ခဲ့ရာ အမှတ်(၃၅) တပ်ရင်းစခန်း၊ ULF တပ်စခန်းနှင့် ယင်းမာပင်ခရိုင် အမှတ်(၉) တပ်ရင်းစခန်းတို့ကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောကြားသည်။ စစ်ကြောင်းများမှာ ဘန့်ဘွေးကုန်းပျူရွာ ဘက်မှ၊ ရာဇဂြိုလ်စစ်တပ်စခန်းဘက်မှနှင့် ယင်းမာပင်မြို့မှ ဖိုဝင်တောင်ဘက်သို့ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ပြီး စခန်းများကို မီးရှို့နေကြောင်း၊ အဆိုပါ စခန်းများသည် BNRA ဗိုလ်မျက်လုံး (ဗိုလ်နဂါး) ရောက်ဖူးသော နေရာများဖြစ်ကြောင်း သိရသည်။ BNRA ခေါင်းဆောင် ဗိုလ်နဂါး အပါအဝင် တပ်ဖွဲ့ဝင်အချို့ စစ်ကောင်စီထံ လက်နက်ချ ပူးပေါင်းပြီးနောက် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်း စစ်ကြောင်းထိုးလျက်ရှိပြီး ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာအနီးတွင်လည်း တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့သဖြင့် လေကြောင်းမှ အဆိပ်ငွေ့များပါ ကြဲချ တိုက်ခိုက်မှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ် ၁၃ ဦး သေဆုံး

မတ် ၇
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (KNU) ဖာပွန်ခရိုင်က မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ချက်အရ ပြီးခဲ့ သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အထိ တစ်လတာကာလအတွင်း တပ်မဟာ ၅ နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ နှင့် စစ်တပ်အကြား တိုက်ပွဲပေါင်း ၉၁ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ တပ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကာ KNLA ဘက်တွင်မူ ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ၈ ကြိမ်၊ ဂျက်တိုက်လေယာဉ်ဖြင့် ၂၁ ကြိမ် ဗုံးကြဲချမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁ လုံးနှင့် အခြားအဆောက်အအုံ ၁ လုံး ပျက်စီးခဲ့ဟု KNU က ပြောဆိုသည်။ ဖာပွန်စစ်ဗျူဟာမြို့တွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိပြီး စစ်တပ် က ဗျူဟာစခန်းများ တိုက်ခိုက်မခံရရန် တစ်နေ့လျှင် အနည်းဆုံး ၂ ကြိမ်နီးပါး လေယာဉ်ဖြင့် ဗုံးကြဲ ချနေကြောင်း တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောဆိုထားသည်။ တစ်ဖက် တွင်လည်း စစ်ကောင်စီတပ်က ဖာပွန်သို့ စစ်ကူပို့ရန် ဗိုလ်ဘိ၏ DKBA နှင့် BGF အဖွဲ့များနှင့် ပူးပေါင်း၍ ကမမောင်းမှ စစ်ကြောင်းထိုးလှုပ်ရှားနေရာ ကမမောင်း-ကတိုင်တိ လမ်းပိုင်းရှိ ဝါးဒူးရွာအနီးတွင် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

တော်လှန်ရေးမၒဟာမိတ် SRA နှင့် NUG အကြား ပဋိပက္ခများအပေါ် ဆက်လက်ညှိနှိုင်းနေ

မတ် ၇
The Kaladan Post
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အဖွဲ့ဝင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ခေါင်းဆောင် ကိုဇီးကွက်နှင့် ရဲဘော်အချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ အမှတ်(၁) စစ်ဒေသ တပ်ဖွဲ့ဝင်များက မတ်လ ၆ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးခံ ရသည့် ရဲဘော်များထဲမှ အချို့ ပြန်လွတ်မြောက်လာပြီဖြစ်သော်လည်း ကိုဇီးကွက်အပါအဝင် ကျန်ရဲဘော်များနှင့် လက်နက်ခဲယမ်းများကို ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သိရှိရသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) စစ်ရုံးချုပ်နှင့် တိုက်ရိုက် ဆက်သွယ်ညှိနှိုင်း ဆွေးနွေးနေကြောင်း၊ MOD ဘက်က အကောင်းဆုံး ဖြေရှင်းပေးမည်ဟု ပြောထားသဖြင့် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း SRA ဦးဆောင်သူ မောင်ဆောင်းခ က ယနေ့ လူမှုကွန်ရက်မှ အသိပေးလာသည်။ ဖြေရှင်းလိုတဲ့ ဆန္ဒကိုယ်စီရှိရင် ပြဿနာတွေက ပြေလည်နိုင်တယ် SRA ဖွဲ့စည်းပြီးကတည်းက အဖွဲ့ပေါင်းစုံရဲ့ ပြဿနာတွေကို တော်လှန်ရေးအကျိုးမျှော်ကိုးပြီး အကောင်းဆုံး ဖြေရှင်းပေးနေပါတယ် ဟု မောင်ဆောင်းခက ဆိုသည်။ ထို့အပြင် ယခင်က ဗိုလ်နဂါး ဦးဆောင်သော BNRA ကို NUG/MOD က အလုံးအရင်း ဝင်ရောက်တိုက်ခိုက်ချိန်တွင်လည်း SRA အနေဖြင့် လက်နက်ဖြင့် မဖြေရှင်းရန် NUG/ MOD ထံ တရားဝင်စာ ပေးပို့ တိုက်တွန်းခဲ့ကြောင်း၊ ထိုအချိန်က BNRA နယ်မြေတွင် ပိတ်မိနေသော SRA အဖွဲ့ဝင် GZA ရဲဘော်များကို ဆွဲထုတ်နိုင်ခဲ့ပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ခဲ့ကြောင်း၊ သို့သော် စခန်းတွင် ကျန်ရှိခဲ့သော ပစ္စည်းအချို့ကို ယခုအချိန်ထိ ပြန်မရသေးကြောင်း မောင်ဆောင်းခက ထပ်မံ ရှင်းလင်းထားသည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသော ရဲဘော်များ အားလုံး အမြန်ဆုံး ပြန်လွတ်မြောက်နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။