မတ် ၇
The Kaladan Post
အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နှင့် ဆက်နွယ်သည့် စစ်ရေးတင်းမာမှုများ မြင့်တက်လာနေသည့် အခြေအနေတွင် United Kingdom အစိုးရက ဒေသတွင်း လုံခြုံရေးအားကောင်းစေရန် တိုက်လေယာဉ်များ ထပ်မံ ဖြည့်တင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဗြိတိန် ဝန်ကြီးချုပ် Keir Starmer က မတ်လ ၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြားရာ၌ Eurofighter Typhoon တိုက်လေယာဉ် ၄ စီးကို Qatar နိုင်ငံသို့ ထပ်မံ ပို့ဆောင်ထားကြောင်း အတည်ပြုခဲ့သည်။ ယင်းလေယာဉ်များသည် ဒေသတွင်း လေကြောင်းကာကွယ်ရေး စစ်ဆင်ရေးများတွင် ပါဝင်ကူညီမည်ဖြစ်ပြီး Iran မှ ပစ်လွှတ်လာနိုင်သည့် ဒရုန်းများကို ကြားဖြတ်ပစ်ချသည့် ခံစစ်မစ်ရှင်များတွင် United States နှင့် ဒေသတွင်း မဟာမိတ်များကို အကူအညီပေးသွားမည် ဖြစ်သည်။
ဒေသတွင်း မဟာမိတ်နိုင်ငံများမှ ကာကွယ်ရေးအကူအညီ တောင်းဆိုလာသောကြောင့် ဗြိတိန်ကလည်း တာဝန်ယူပူးပေါင်း ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း စတာမာက ပြောကြားခဲ့သည်။ အဆိုပါ Typhoon တိုက်လေယာဉ်များသည် ကာတာတွင် ဖြန့်ကျက်ထားပြီးဖြစ်သည့် ဗြိတိန် လေတပ်အဖွဲ့များကို အားဖြည့်ပေးမည်ဖြစ်ပြီး ဒေသတွင်း လေကြောင်းကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့်ပေးနိုင်မည်ဟုလည်း ဆိုသည်။
ထို့အပြင် စတာမာက Israel နှင့် အမေရိကန်တို့ ပူးပေါင်းကာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အီရန်ကို လက်ဦးမှုယူတိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးတွင် ဗြိတိန် မပါဝင်ခဲ့သည့် သူ၏ဆုံးဖြတ်ချက်ကိုလည်း ကာကွယ်ပြောကြားခဲ့သည်။ ထိုဆုံးဖြတ်ချက်ကြောင့် Donald Trump က ဝေဖန်ခဲ့ကြောင်း သိရသည်။
စတာမာက အီရန်၏ နျူကလီးယားကိစ္စကို စစ်ရေးနည်းလမ်းထက် သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းမှုများဖြင့်သာ ဖြေရှင်းသင့်ကြောင်း ဗြိတိန်အစိုးရ၏ ရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော ဒေသတွင်း တင်းမာမှုများကို လျှော့ချနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အတူ ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
အမေရိကန်က အီရန်ဆိုင်ရာ စစ်ဆင်ရေးများအတွက် ဗြိတိန် လေတပ်စခန်းများကို အသုံးပြုခွင့် တောင်းဆိုခဲ့သော်လည်း စတာမာက တိုက်စစ်ဆင်ရေးများအတွက် ခွင့်မပြုခဲ့ကြောင်း သိရသည်။ သို့သော် အီရန်မှ ပစ်လွှတ်လာသည့် ဒရုန်းများနှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားသည့် ခံစစ်မစ်ရှင်များအတွက်သာ အမေရိကန်အား အသုံးပြုခွင့် ပေးထားသည်။
ထို့အပြင် လတ်တလောတွင် ဗြိတိန်၏ Lockheed Martin F-35 Lightning II တိုက်လေယာဉ်များသည် စစ်မြေပြင်၌ ပထမဆုံး လက်တွေ့ပစ်ခတ်မှုအဖြစ် Jordan လေပိုင်နက်အတွင်း ဝင်ရောက်လာသော အီရန် ဒရုန်းများကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ဗြိတိန်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများ လျော့ပါးစေရန် အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စတာမာက ပြောကြားခဲ့ပြီး အဆိုပါ ရည်မှန်းချက် မည်သည့်အချိန်တွင် အောင်မြင်မည်ကို မည်သူမျှ တိတိကျကျ မခန့်မှန်းနိုင်သေးကြောင်းလည်း ဝန်ခံခဲ့သည်။
Source — BBC News
Photo — Getty Images