ဇွန် ၁၃၊ ၂၀၂၆
The Kaladan Post
 
မြန်မာ့အရေး သုတေသနပြုချက်တွေ ရေးသားနေတဲ့ ISP Myanmar ရဲ့ တည်ထောင်သူ ဦးမင်းဇင်ကို သူလျှိုမှုနဲ့ သံသယရှိတယ်ဆိုပြီး တရုတ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
 
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်းကျန့် (Lin Jian) က ဦးမင်းဇင်ဟာ “တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ သူလျှိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်” လို့ စွပ်စွဲပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်သူ ဦးမင်းဇင်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကွန်မင်းမြို့မှာ ကျင်းပတဲ့ ညီလာခံတစ်ခုကို တက်ရောက်ဖို့ သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဦးမင်းဇင် တရုတ်မှာ ဖမ်းဆီးခံထားရတာကို အတည်ပြုထားပြီး အမေရိကန်ကောင်စစ်ဝန်တွေအနေနဲ့ သူ့ထံ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အရာရှိတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး လိုအပ်တဲ့ ကောင်စစ်ဝန်ဆိုင်ရာ အကူအညီတွေကို ပေးအပ်နေပါတယ်” လို့ အမေရိကန်ဘက်က ထုတ်ပြန်ထားပါတယ်။
 
ဦးမင်းဇင်ဟာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေး ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့် ရရှိခဲ့သူပါ။ သူတည်ထောင်ထားတဲ့ ISP Myanmar အဖွဲ့ဟာ တရုတ်-မြန်မာ ဆက်ဆံရေး၊ ကုန်သွယ်ရေးနဲ့ မြေရှားသတ္တု တင်ပို့မှုတွေအကြောင်းကို အဓိကထား သုတေသနပြု ရေးသားနေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
 
အခုလို ဦးမင်းဇင် ဖမ်းဆီးခံရတဲ့အပေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း အလွန်စိုးရိမ်မိကြောင်းနဲ့ သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ “ဦးမင်းဇင်ကို အခုလို လျှို့ဝှက်ဖမ်းဆီးလိုက်တာနဲ့ သူလျှိုမှုနဲ့ စွပ်စွဲချက်တွေဟာ အလွန်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်” လို့ Amnesty ရဲ့ မြန်မာ့အရေး သုတေသီ Joe Freeman က ပြောကြားထားပါတယ်။
 
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံပြီး ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းနေချိန်မှာပဲ အခုလို အမေရိကန်နိုင်ငံသားတစ်ဦးကို အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တာဟာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခု ဖြစ်နေတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြကြောင်း သိရပါတယ်။
 
Source: Associated Press (AP)