‌ပုလော မဇောဒေသတွင် စစ်တပ်စစ်ကြောင်းက အရပ်သား ၂ ဦး သတ်ဖြတ်ပြီး၊ နေအိမ် ၉ လုံး မီးရှို့

စက်တင် ၁
The Kaladan Post
တနင်္သာရီတိုင်း ပုလော(လယ်မူလား)မြို့နယ် မဇောကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်ပြီး အရပ်သားအမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စစ်တပ်စစ်တပ်စစ်ကြောင်းဟာ ဩဂုတ် ၂၇ ရက်မှာ တုံးဗျောကျေးရွာက နေအိမ် ၈ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး နောက်တစ်ရက်မှာ ရေခမ်းချောင်းကျေးရွာက နေအိမ် ၁ လုံးကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
ထို့ပြင် မဇောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာကို စစ်အုပ်ချုပ်ရေး သတ်မှတ်ထားပြီး ဒေသခံ ပြည်သူတွေရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်ရှိနေပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်တွေကို ဆက်လက်ကျူးလွန်နေတယ်လို့ KNU က ပြောဆိုထားပါတယ်။
#thekaladanpost #ပုလော #လယ်မူလား #KNU #တနင်္သာရီတိုင်း #စစ်ဘေးရှောင်

မလှိုင် ထမ္မကြီးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များအပါအဝင် ၁၂ ဦး ပစ်သတ်ခံရ

စက်တင် ၁
The Kaladan Post
မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာမှာ အုပ်ချုပ်ရေးမှူးဖြစ်သလို ပြည်သူ့စစ်ခေါင်းဆောင် လည်းဖြစ်သည့် ဦးစိုးလင်းထိုက်အပါအဝင် ၁၂ ဦးကို ယမန်နေ့ ဩဂုတ်လ ၃၁ ရက် မနက်ပိုင်းက ဒေသတွင်း အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက အင်အား ၄၀ ခန့်ဖြင့် ၄၀ ခန့်က ကား ၄ စီး၊ ဆိုင်ကယ် ၇ စီးလောက်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ အဆိုပါ အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ဦးစိုးလင်းထိုက်နဲ့ သူ့လက်အောက်က အဖွဲ့ဝင်တွေကို နေရာအသီးသီး ကနေ ဖမ်းဆီးခေါ်ဆောင်လာပြီး ကျေးရွာအလယ်မှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့ တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၂၀ ကနေ ၆၃ နှစ်ကြား အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂ ဦး ပါဝင်ပြီး၊ အဖွဲ့ဝင်အမျိုးသားတစ်ဦးကို အရှင်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို အခြားအဖွဲ့ဝင်တချို့ကတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရပါတယ်။ ဦးစိုးလင်းထိုက် ဦးဆောင်တဲ့ ပလကဖအဖွဲ့မှာ အဖွဲ့ဝင် ၂၀ ခန့်ရှိပြီး စစ်တပ်ဘက်က ဖွဲ့စည်းထားတဲ့ ကျေးရွာလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်နေသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမည်မသိ လက်နက်ကိုင်အဖွဲ့ဘက်က စက်တင်ဘာလ ၁ ရက်အထိ တရားဝင်ထုတ်ပြန်ချက် မရှိသေးဘဲ၊ ပစ်ခတ် မှုဖြစ်ပြီးနောက် စစ်တပ်က အင်အား ၁၀၀ ခန့်နဲ့ ထမ္မကြီးကျေးရွာအတွင်း ဝင်ရောက်အထိုင်ချ ထားကြောင်း သိရပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်လော်ဘီ မီဒီယာတချို့က PDF တွေက ဖမ်းဆီးခေါ်ဆောင် ပစ်ခတ်သတ်ဖြတ်သွားတာလို့ ရေးသားကြပေမဲ့ တော်လှန်ရေးတပ် PDF တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
#thekaladanpost #မလှိုင် #မန္တလေးတိုင်း #ထမ္မကြီးကျေးရွာ #PDF #မြန်မာ့စစ်ရေး


KIA ပူးပေါင်းတပ် သိမ်းပိုက်သည့် ဇင်းဘုံဗျူဟာစခန်းတွင် စစ်သား ၁၀ ဦးထက်မနည်း သေဆုံး

စက်တင် ၁
The Kaladan Post
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဇင်းဘုံဒေသရှိ မဟာဗျူဟာစစ်စခန်းနှင့် ကာကွယ်ရေးစခန်းကုန်းများကို KIA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၃၀ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး
တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် အနည်းဆုံး ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်များက ဆိုပါတယ်။
စစ်တပ်ဘက်က နယ်မြေပြန်လည်ရယူရန် စစ်အင်အားအများအပြားဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့ပေမယ့် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်ဟန့်တားမှုကြောင့် ရှေ့ဆက်တိုးတက်နိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း ဗန်းမော်ဘက်သို့ ဆန်တက်ရန် ကြိုးပမ်းနေသော စစ်သင်္ဘောနှင့် စစ်တပ်ရေယာဉ်များသည် ဇင်းဘုံဒေသကို မကျော်လွန်နိုင်ဘဲ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးဖိအားများ ဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။
လက်ရှိစစ်ကောင်စီတပ်ဟာ မြေပြင်စစ်ရေးအခက်အခဲများကြောင့် လေကြောင်းကို အဓိကအားကိုးပြီး ဩဂုတ် ၃၁ ရက်တစ်နေ့တည်းတွင် ဇင်းဘုံနှင့် ရွှေကူဒေသတစ်ဝိုက်ကို Y-12 နှင့် ဂျက်တိုက်လေယာဉ် များဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇင်းဘုံဒေသဟာ ဧရာဝတီမြစ်ကြောင်းနှင့် စင်းခန်းတံတားဘက်သို့ ဆက်သွယ်ရာ စစ်ရေးအရ အရေးပါသောနေရာဖြစ်တာကြောင့် ယင်းစခန်းများဆုံးရှုံးမှုက စစ်တပ်၏ ရေကြောင်းနှင့် ကုန်းပိုင်းစစ်ရေးလှုပ်ရှားမှုများကို ထိခိုက်စေနိုင်ကြောင်း သုံးသပ်မှုများလည်းရှိ နေပါတယ်။ လက်ရှိ ခါးဂျိပ်နှင့် ဇင်းဘုံဒေသတစ်ဝိုက်တွင် စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပြီး KIA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်တပ်ကြား မြေပြင်၊ ရေကြောင်းနှင့် လေကြောင်းတိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်တဲ့ အခြေအနေရှိနေပါတယ်။
#thekaladanpost #KIA #ရွှေကူ #ဇင်းဘုံ #ကချင်ပြည်နယ် #MyanmarNews


မောင်တောမြို့ကို ဝင်ရောက်ဖို့ကြိုးသည့် ARSA အဖွဲ့ဝင် ၄ ဦးကို အာရက္ခတပ်တော် ဖမ်းမိဟု ဆို

စက်တင် ၁
The Kaladan Post
ရခိုင်ပြည် မောင်တောမြို့နယ် နယ်စပ်တလျှောက်မှာ ARSA အဖွဲ့ ဝင်ရောက်လာဖို့ကြိုးစားတာကြောင့် ဝင်ရောက်မလာနိုင်အောင် အာရက္ခတပ်တော် AA က လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားပြီး အချိန်ပြည့်ကင်းလှည့်စောင့်ကြပ်နေတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ ရခိုင်ဘက်ခြမ်းကို ဖြတ်ကျော်ဝင်ရောက်ဖို့ ARSA၊ RSO၊ ARA နဲ့ RIM စတဲ့ လက်နက်ကိုင် အဖွဲ့တွေ ကြိုးစားနေပြီး ဝင်ရောက်ဖို့ကြိုးပမ်းတိုင်း AA နဲ့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်ကလည်း မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကမ်းခြေအထက် ဂြင်းတောချောင်းဝကျေးရွာအနီးမှာ AA နဲ့ ARSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်အထိ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ ဒေသသတင်းက ဖော်ပြပါတယ်။ ကနဦးသတင်းတွေ အရ ARSA အဖွဲ့ဝင် ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများအပြင် လက်နက်ခဲယမ်းတချို့နဲ့အတူ AA က အရှင်ဖမ်းမိထားတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။
နယ်စပ်လုံခြုံရေးတင်းကျပ်နေတဲ့ကြားကပဲ နတ်မြစ်တစ်ဖက်ကမ်းကနေ လက်နက်ငယ်တွေနဲ့ လှမ်းပစ်ခတ်တာမျိုးတွေရှိနေပြီး မောင်တောနယ်စပ်ဒေသမှာ စစ်ရေးတင်းမာမှု ရှိနေပါတယ်။ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကြောင့် AA က ဩဂုတ်လ ၉ ရက်ကစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားကာ ဒေသခံတွေကို သတ်မှတ်စည်းကမ်း တွေ လိုက်နာဖို့ အသိပေးထားပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် AA က အာရက္ခပြည်အနောက်ဘက်နယ်စပ်တစ်လျှောက် လုံခြုံရေးကို အရှိန်မြှင့်ချထားပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဆက်လက်ဟန့်တားရှင်းလင်းနေကြောင်း သိရပါတယ်။
#thekaladanpost #AA #မောင်တောနယ်စပ် #ARSA #ရခိုင်ပြည်သတင်း #MyanmarNews


ချောင်းဦးမြို့နယ်ရှိ ရွှေဒါးကျရွာကို စစ်တပ်က မီးရှို့ ပြည်သူ ၇,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်

စက်တင် ၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာအတွင်း အင်အား ၃၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်း ဝင်ရောက်တပ်စွဲပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အနည်းဆုံး နေအိမ် ၁၀ လုံး ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ အဆိုပါ စစ်ကြောင်းဟာ ဩဂုတ်လ ၃၀ ရက်နေ့က ကျီကုန်းကျေးရွာဘက်မှ ရွှေဒါးကျကျေးရွာအတွင်း ဝင်ရောက်လာပြီး နောက်တစ်ရက် ဩဂုတ်လ ၃၁ ရက် ညနေပိုင်းမှာ ကျေးရွာအတွင်းက နေအိမ်တွေကို မီးတင်ရှို့ခဲ့ပြီး၊ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျေးရွာအတွင်း အထိုင်ချထားကြောင်း သိရပါတယ်။
ရွှေဒါးကျကျေးရွာနဲ့ အနီးဝန်းကျင် ခင်မွန်၊ မုံရွေးဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ဗုံတိုနဲ့ ကုန်းကြီးကျေးရွာဘက်တွေကိုလည်း ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပြီး၊ တိုက်ပွဲ အတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ လက်ရှိ စစ်တပ်စစ်ကြောင်း ကျေးရွာတွေထဲ အထိုင်ချထားမှုနဲ့ စစ်ရေးတင်းမာနေမှုကြောင့် ချောင်းဦးနဲ့ မုံရွာမြို့နယ်အတွင်းရှိ ချောင်းဆုံ၊ သစ်ဆိပ်၊ ရွှေဒါးကျ၊ ချောင်းပဒေါက်၊ ထန်းတောကြီး၊ ဗုံတို၊ ညောင်ပင် လှ၊ ကျီကုန်းအရှေ့နဲ့ ကျီကုန်းအနောက်အပါအဝင် ကျေးရွာ ၁၀ ရွာကျော်မှ လူဦးရေ ၇,၀၀၀ ဝန်းကျင် ဟာ နေရပ်မပြန်နိုင်ဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့က ချောင်းဦးမြို့နယ်ပလဖ က ဖမ်းဆီးစစ်ဆေးပြီး ရွှေဒါးကျကျေးရွာ ဆရာတော် ပျံလွန်တော်မူသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒေသအတွင်း နယ်မြေရှင်းလင်းရေး အကြောင်းပြာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီး၊ ဆရာတော်နဲ့အတူ ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၅ ဦးဟာလည်း စက်တင်ဘာလ ၁ ရက်နေ့အထိ ပြန်မလွတ်သေးကြောင်း သိရပါတယ်။
#thekaladanpost #ချောင်းဦး #ရွှေဒါးကျကျေးရွာ #စစ်ကိုင်းတိုင်း #စစ်ဘေးရှောင်ပြည်သူ

အောင်လံတွင် ကပစ-၇မှ ဗိုလ်မှူးပါ စစ်တပ်ယာဉ် ၂ စီးကို PDF မိုင်းဆွဲတိုက်ခိုက်

စက်တင် ၁
The Kaladan Post
မကွေးတိုင်း၊ အောင်လံမြို့နယ် ပြည်-အောင်လံလမ်းပိုင်းမှာ ကပစ-၇ မှ ဗိုလ်မှူးတစ်ဦးလိုက်ပါလာတဲ့ အိမ်စီးကား ၂ စီးကို သရက်ခရိုင် အမှတ် ၂ တပ်ရင်း BRAVO Fire Team က ဩဂုတ်လ ၃၀ ရက်နေ့မှာ ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။ ငါ့ပြင်းကျေးရွာမြောက်ဘက် လမ်းပေါက်အနီးမှာ တိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီးကိုသာ မိုင်းဆွဲနိုင်ခဲ့ပြီး ကျန်ယာဉ်တစ်စီးက အရှိန်မြှင့်မောင်းနှင်ထွက်ပြေး သွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ထွက်ပြေးသွားတဲ့စစ်တပ်ကားကို ဆက်လက်ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ အခွင့်အရေးရှိခဲ့ပေမယ့် ပစ်ကွင်းရှေ့မှာ အရပ်သားခရီးသည်တင်ကားတွေ ရှိနေတဲ့အတွက် အရပ်သားထိခိုက်မှုမဖြစ်စေရန် ဆက်လက်တိုက်ခိုက်တော့ဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါစစ်ဆင်ရေးကို သရက်ခရိုင် အမှတ် ၂ တပ်ရင်း BRAVO Fire Team မှ ရဲဘော်တွေက ဆောင်ရွက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိဘဲ လုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဉ်တန်းတွေနဲ့ အနီးကပ်သွားလာခြင်း၊ ယာဉ်တန်းနောက်ကပ် လိုက်ခြင်းတွေကို ရှောင်ရှားပြီး မိမိတို့လုံခြုံရေးအတွက် သတိပြုသွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့ က အသိပေးထားပါတယ်။
#thekaladanpost #အောင်လံ #မကွေးတိုင်း #PDF #သရက်ခရိုင် #MyanmarNe