ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီး စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး ၆ ဦးဒဏ်ရာရ
ဇန်န ၁၈
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီးတွင် ဇန်နဝါရီ ၁၅ ရက်က အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ၃ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က MSRF တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဤတိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC) ကာကွယ်ရေးဌာန လက်အောက်ခံ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တို့က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှု အများအပြားရှိခဲ့ပြီး မျက်မြင်အတည်ပြုနိုင်ခဲ့ကာ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင် တိုက်ဖျက်ရေး (NMDP)/ရာမညမွန်တပ်တော် (RMA) ကလည်း ဇန်နဝါရီဒုတိယပတ်အတွင်း ရေးမြို့ နယ်အပါအဝင် မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၅ ခုကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက် ခြင်း၊ ရှေ့တိုက်ဒုံးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဤလုပ်ရပ်များသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် တိုက်ဖျက်ရန် အဖွဲ့၏ ရပ်တည် ချက်ကို ထင်ရှားစေကြောင်း NMSP-AD/RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောကြားခဲ့ သည်။ ဇန်နဝါရီ ၁၁ ရက်တွင် အစင်ကျေးရွာထိပ်ရှိ ဂိတ်စခန်း၊ ရေးမြို့ရှိ စကခ-၁၉၊ ကလော့ကျေးရွာ အနီး အမြောက်တပ် (၃၁၆) နှင့် မုဒုံမြို့နယ် ကမာဝက်ရှိ ခမရ(၂၀၉) စသည့်နေရာများကို တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်က ကမာဝက်မြို့ မဲရုံများအနီး စစ်ကောင်စီတပ်ကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဒေသတည်ဆောက်ရေး လုပ်ငန်းစဉ်များ ခိုင်မာစေရန် ဆုံးဖြတ်ချက်များ ချမှတ်ကြောင်း BLDF ထုတ်ပြန်
ဇန်န ၁၈
The Kaladan Post
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF (စစ်ဒေသ-၃) တပ်ဦးတစ်နေရာတွင် ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်နှစ်ရက်တာ အစည်းအဝေး ကျင်းပခဲ့ကြောင်း Thanlarwaddy Column-BLDF က ထုတ်ပြန်သည်။ အဆိုပါ အစည်းအဝေးတွင် ရဲဘော်များ၊ တာဝန်ခံများနှင့် တက်ရောက်ဆွေးနွေးခဲ့ပြီး ဒေသတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာကျစ်လစ်စေရန် အဓိက ဆွေးနွေးဆုံးဖြတ်ခဲ့ကာ သက်ဆိုင်ရာ အလုပ်တာဝန်များကို ပြန်လည်ခွဲဝေခဲ့ကြကြောင်းသိရသည်။ အစည်းအဝေး ဖွင့်ပွဲတွင် BLDF တပ်ဦးအလံတော်ကို အလေးပြုခြင်း၊ တော်လှန်ရေးအတွက် ကျဆုံးခဲ့သော အာဇာနည်ရဲဘော် များကို ဂုဏ်ပြုအလေးပြုခြင်း၊ ယာယီစစ်ဒေသမှူးကို အလေးပြုခြင်း၊ သစ္စာအဓိဠာန် (၄) ချက် ရွတ်ဆို ခြင်းများ ပြုလုပ်ခဲ့ကြောင်း BLDF က ပြောဆိုသည်။ တာဝန်ခံအသီးသီးက ရဲဘော်များ၏ အထွေထွေ လိုအပ်ချက်များ၊ စစ်လက်နက်ဖြည့်တင်းရေး၊ ရှေ့လုပ်ငန်းစဉ်များ၊ ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ ဘဏ္ဍာရေး စသည့် အထွေထွေ လုပ်ငန်းကဏ္ဍများကို အသေးစိတ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်းသိရ သည်။ ထို့အပြင် ကျဆုံးခဲ့သော စစ်ဒေသ တာဝန်ခံနှင့် ရဲဘော်ရဲဖက်များ၏ အသက်သွေးများဖြင့် စတင်ခဲ့သော တော်လှန်ရေး ရည်မှန်းချက်နှင့် ရပ်တည်ချက်များကို ဆက်လက်စွဲကိုင်ထားရန်နှင့် ကျန်ရှိ နေသော ရဲဘော်များအနေဖြင့် တော်လှန်ရေး ခရီးဆုံးမှတ်တိုင်အထိ ဆက်လက် တိုက်ပွဲဝင်သွား မည် ဟု အစည်းအဝေးတွင် အလေးအနက်ထား အသိပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်နီပြည် မယ်စဲ့အကျဉ်းထောင်မှ စစ်သုံ့ပန်း ၇၀ ခန့် သေနတ် ၉ လက် ယူဆောင်ထွက်ပြေး
ဇန်န ၁၈
The Kaladan Post
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ IEC (ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ) ထိန်းသိမ်းထား သော အကျဉ်းထောင်တစ်ခုမှ ဇန်နဝါရီ ၁၈ ရက် နံနက် ၁ နာရီခန့်က စစ်ကောင်စီတပ်သား စစ်သုံ့ပန်း အကျဉ်းသား ၇၀ ကျော် ထောင်ဖောက်ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ထွက်ပြေးသွားသူများသည် လက်နက်ငယ် ၉ လက်ကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မော်ချီးဒေသနှင့် မယ်စဲ့မြို့တွင် နေထိုင်သော ပြည်သူများအနေဖြင့် လုံခြုံရေး ဂရုစိုက်ရန်လည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။မယ်စဲ့မြို့သည် ၂၀၂၃ နိုဝင်ဘာလက ကရင်နီတပ်ပေါင်းစုများက သိမ်းပိုက်ခဲ့သော နယ်စပ်မြို့တစ်မြို့ ဖြစ်ပြီး ထိုင်းနိုင်ငံဘက်သို့ ထွက်ပေါက်အဖြစ် အရေးပါသော နေရာတစ်ခု ဖြစ်သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်မှု မရှိစေရန်နှင့် လုံခြုံရေးအစီအမံများကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း IEC အထွေထွေ အတွင်းရေးမှူး-၂ ဗညားခွန်အောင်က အသိပေး ထားသည်။

ICJ ကြားနာမှုသည် မြန်မာပြည်သူများ တရားမျှတမှုအတွက် အချိန်ကောင်းဟု ကင်မ်အဲရစ် ပြောဆို
ဇန်န ၁၈
The Kaladan Post
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှု အောက်တွင် စုစုပေါင်း နှစ်ပေါင်း ၂၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ် က သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ထုတ်ပြန်သည်။ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က မေမေသည် ဒီမိုကရေစီနှင့် သာယာဝပြောသော မြန်မာပြည်အတွက် ကတိကဝတ်ကြောင့် စစ်တပ်၏ ထိန်းသိမ်းမှု အောက်တွင် နှစ်ပေါင်း ၂၀ ကုန်ဆုံးခဲ့ရပြီ” ဟု ပြောကြားခဲ့သည်။ ထို့အပြင် အသက် ၈၀ အရွယ်ရှိပြီ ဖြစ်သော အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ဘက်ဆိုင်ရာ အကျဉ်းထောင်တွင် အထီးကျန်စွာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ကင်မ်အဲရစ် က မေမေတွင် နှလုံးရောဂါ အခံရှိပြီး အကျဉ်းထောင်အခြေအနေကြောင့် ပိုမိုဆိုးရွားလာနေကြောင်း၊ ထောင်ပြင်ပ နှလုံးအထူးကု ဆရာဝန် နှင့် ပြသခွင့်ရရန် တောင်းဆိုထားသော်လည်း ခွင့်ပြုမှု မသိရသေးကြောင်း ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာ တရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ တရားစွဲဆိုထားသော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကို ၂၀၂၆ ဇန်နဝါရီလတွင် အဓိက ကြားနာမှုများ စတင်နေပြီဖြစ်ပြီး ဤ ကြားနာမှုများသည် မြန်မာပြည်သူများအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုအတွက် အလွန်အရေးကြီး သည့် အချိန်ဖြစ်ကြောင်း ကင်မ်အဲရစ် က ဆက်လက်ပြောဆိုသည်။ အကြမ်းဖက် စစ်တပ်ဟာ နိင်ငံတကာဥပဒေကို လေးစားလိုက်နာရမည်ဖြစ်ပြီး အတိတ်က ရက်စက်ကြမ်းကြုတ်မှုများကို ထပ်မံမပြုလုပ်သင့်ကြောင်းနှင့် တရားမျှတမှုဆိုတာ ရွေးချယ်လို့ရတဲ့ အရာမဟုတ်ကြောင်း ဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က ဤအမှုကို ကာကွယ်ခဲ့သော်လည်း ယခုအခါ စစ်တပ်အာဏာသိမ်းမှုကြောင့် အကျဉ်းချခံနေရပြီး နိုင်ငံရေး အကျဉ်းသား ထောင်ချီ အတူ ခံနေရသည်။ ဤအချိန်သည် မြန်မာနိုင်ငံတွင် တရားမျှတမှု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရရှိရေး အတွက် အရေးပါသော အချိန်ကာလ တစ်ခု ဖြစ်သည်။

ပခုက္ကူနှင့် မြိုင်မြို့များတွင် စစ်ကောင်စီ ဂိတ်နှင့် ရဲစခန်းများကို တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦး သေဆုံး
ဇန်န ၁၈
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန်ရှိ ပခုက္ကူ-ရေစကြို လမ်းပိုင်းပေါ်တွင် ပြည်သူများထံမှ ဆက်ကြေး ကောက်ခံနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဂိတ်ကို ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၁၂:၃၀ ခန့်က Golden Eagle PDF၊ အညာဧရာဝတီ တော်လှန်ရေးအင်အားစု (AARF) နှင့် ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်းတို့ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Golden Eagle PDF က ထုတ်ပြန်သည်။ စစ်ကောင်စီ ဘက်မှ စနိုက်ပါနှင့် ၄၀ မမ ဗုံးလောင်ချာများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်ကူ ရောက်ရှိလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရသည်။ ထို့အပြင် မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီ ထိုင်ချ တပ်စွဲထားသော မြို့မ ရဲစခန်းကို Salingyi Revolution Army (S.R.A) က ဇန်နဝါရီ ၁၁ ရက်နှင့် ၁၄ ရက်တို့တွင် နှစ်ကြိမ် လက်နက်ကြီး (၆၀ မမ) အလုံး ၃၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ရဲစခန်းတွင် စစ်သား ၇၀ မှ ၈၀ ဝန်းကျင် ရှိနေပြီး ပစ်ခတ်မှု ပြင်းထန်ခဲ့ကြောင်း သိရသည်။မကွေးတိုင်း အတွင်း တော်လှန်ရေး အင်အားစုများ၏ စစ်ရေး လှုပ်ရှားမှု ပိုမို အားကောင်းလာနေပြီး စစ်ကောင်စီ၏ လမ်းပိုင်း ထိန်းချုပ်မှုနှင့် တပ်စွဲရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စလင်းနှင့် ပေါက်မြို့နယ်များတွင် စစ်တပ်စစ်ကြောင်းက ကျေးရွာများ မီးရှို့ ဒရုန်းဗုံးကျဲသဖြင့် ထောင်ချီ စစ်ရှောင်နေ
ဇန်န ၁၈
The Kaladan Post
မကွေးတိုင်း စလင်းမြို့နယ်တွင် ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီခန့်က အင်အား ၈၀ ဝန်းကျင်ပါစစ်တပ် စစ်ကြောင်းက ပန်းတိမ်ကုန်းကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူနေအိမ် ၁၅ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ညီနောင် စလင်းက ထုတ်ပြန်သည်။ ထို့နောက် ရွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကညှပ်နှင့် နောင်တော်လေး ကျေးရွာများကို ပစ်ခတ်ခဲ့ပြီး ဒရုန်း ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကာ၊ ကျောက်ခဲကုန်း ဘုန်းကြီးကျောင်းကိုပါ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ဘေးရှောင် ပြည်သူအချို့နှင့် ရွာခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြော ဆိုသည်။ စစ်ကောင်စီက စလင်းချောင်းတောင်ဘက် ကျေးရွာများကို နယ်မြေ အပြီးသတ်သိမ်းယူရန် အင်အားဖြည့်တင်းလျက်ရှိပြီး သမြင်ကင်း၊ ပန်းတိမ်ကုန်း၊ ကညှပ်၊ နောင်တော်လေး၊ နောင်တော်ကြီး စသည့် ကျေးရွာများကို စစ်ကြောင်းထိုး၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေသဖြင့် ထောင်ချီ သော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။ ထို့အပြင် ဇန်နဝါရီ ၁၈ ရက်တွင် စစ်ကြောင်းထိုး ရောက်ရှိလာသော စစ်ကောင်စီ တပ်ဖွဲ့နှင့် တော်လှန်ရေး တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဇင်ရွေးဂုံ၊ တဲတောယာတောင်၊ တဲတော်ယာ မြောက်၊ ပြစ်ထဲ၊ ကိုင်းလယ်၊ ချောင်းနား၊ စမ်းရေခုံ၊ ဖားအရွာ၊ ကမ္ဘားနီ၊ ချက်ကန်၊ ထန်းတောလယ် စသည့် ကျေးရွာများမှ ပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဒေသခံများက ပြောကြားသည်။

ကျွန်းစုမြို့နယ်တွင် အိမ်ရာချီ မီးရှို့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးခန့် သေဆုံး
ဇန်န ၁၈
The Kaladan Post
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၆ ဇန်နဝါရီ ဒုတိယ ပတ် အထိ စစ်ကောင်စီ တပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းတပ်များ မန်းကြီးမြစ်ကြောင်းအတိုင်း စစ်ကြောင်း ထိုး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၂ ရက်ကြာ ဖြစ်ပွားခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။ ဒီဇင်ဘာ ၃၁ ရက်မနက်နှင့် ဇန်နဝါရီ ၁ ရက်တို့တွင် စစ်သင်္ဘော ၃ စီး ပါဝင်သော စစ်ကြောင်း နှင့် အင်အားဖြည့်တင်း ပြန်ဝင်ရောက်လာပြန်ရာ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ် ဖက်မှအထိနာသဖြင့် ကျောက်တန်းငယ်ကျေးရွာ ဝင်စီးကာ ပြည်သူနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ပြီး ဇန်နဝါရီ ၂ ရက်တွင် ဆုတ်ခွာခဲ့ကြောင်း သိရသည်။ ထို့အပြင် ဇန်နဝါရီ ၃ ရက်မှ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် ကျွန်းစု ပကဖ တပ်စခန်းကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ ရဲဘော် ၂ ဦး ကျဆုံးပြီး တပ်စခန်း အတွင်း မီးလောင်ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့သည်။ ထိုနေ့တွင်ပင် စစ်ကောင်စီ ပူးပေါင်းတပ်များက ကာကင်း စခန်း ၂ ခု ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ကျောက်တန်းငယ်၊ အောက်ကြတ် တန်း၊ မန်းကြီး၊ ဝန်သိုက် ကျေးရွာများမှ ပြည်သူများ၏ ပစ္စည်းများ ယူဆောင်ကာ ရွာလုံးကျွတ် မီးရှို့ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။ မီးရှို့ခံရသော အိမ်ခြေ အရေအတွက် အတိအကျ မသိရသေးသော် လည်း ရာချီ ရှိနိုင်ကြောင်း ကျွန်းစုပကဖ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ငါးမန်း က ပြောကြားသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်မှ သေဆုံးသူ ၁၀ ဦး ခန့် ရှိနိုင်ကြောင်း ဖော်ပြထား သည်။ လက်ရှိ ဒေသခံ ပြည်သူများ စစ်ဘေးရှောင်နေဆဲ ဖြစ်ပြီး အချို့ ရွာသို့ ခဏတာ ပြန်ဝင်ကြည့် ရှုကြသော်လည်း စစ်ကောင်စီ ထိုးစစ်ဆင်မှု ဆက်လက်ရှိနိုင်သလို တော်လှန်ရေး ပူးပေါင်းတပ်များ ကလည်း စစ်ရှိန်မြှင့်တင်ရန် ရှိကြောင်း ရဲဘော် ငါးမန်း က ဆိုသည်။ ဤတိုက်ပွဲ များတွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (အမှတ် ၂) တပ်ရင်း၊ မြိတ်-ပကဖ၊ တနင်္သာရီ-ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုပကဖ က အသိပေး ထုတ်ပြန်ထားသည်။

သထုံမြို့နယ် တက်တူကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်း၍ ပြည်သူနေအိမ်များ ဖျက်ဆီးလုယက်ခဲ့
ဇန်န ၁၈
The Kaladan Post
KNU ဗဟိုဌာနက ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၁၀ရက်နေ့ မွန်းလွဲ ၁၂:၃၀ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ သည် တက်တူကုန်းကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး ရွာအတွင်း တပ်စွဲနေထိုင်စဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန်သည်။ တိုက်ပွဲအပြီးတွင် စစ်တပ်က ရွာအတွင်းရှိ နေအိမ်နှင့် ဈေးဆိုင်အချို့ကို ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများနှင့် ငွေကြေးများကို လုယက်ခဲ့သည်။ အထူးသဖြင့် ဒေါ်မိုးမိုးဝင်း (၄၃ နှစ်) ၏ နေအိမ်မှ ငွေကျပ် ၁ သိန်း၊ ဒေါ်မြရှင် (၇၇ နှစ်) ၏ နေအိမ်မှ ငွေကျပ် ၂ သိန်း၊ ဦးသာဒွန်း (၄၇ နှစ်) ၏ ဆိုင်ကယ် ၁ စီး အပါအဝင် အသုံးအဆောင် ပစ္စည်းများ ယူဆောင်သွားခဲ့ကြောင်းသိရသည်။ ထို့ပြင် ဒေါ်ခင်နှင်းသက်၊ ဒေါ်ကြည်အေး၊ ဦးဘဂျမ်း၊ ဒေါ်ရင်ဌေး တို့၏ နေအိမ်များမှလည်း ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို လုယက်ခဲ့ကြောင်း ဖော်ပြထားသည်။ အမြောက်တပ်ရင်း အမတ-၃၁၄ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ရွာအတွင်း ကျရောက်ပေါက်ကွဲ၍ ဒေါ်သန်းလှ (၇၇ နှစ်) ၏ နေအိမ် ပျက်စီးခဲ့သည်။ ထို့အပြင် ကဒီပုရွာသစ်မှ စောချစ်သူ (၃၈ နှစ်) ကိုလည်း ဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့များသည် ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ရွာတွင် တပ်စွဲနေထိုင်ခဲ့ပြီး ၁၃ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း KNU ထုတ်ပြန်ချက်အရ သိရသည်။
