ရေစကြို PDF စခန်း လေကြောင်းတိုက်ခိုက်ခံရ

ဇူလိုင် ၂၁
The Kaladan Post
မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ Yesagyo Revolution Group (YRG) စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာများနှင့် Mi-35 ရဟတ်ယာဉ်အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိသော်လည်း လက်နက်ခဲယမ်း၊ ယာဉ်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
ယခုလို တိုက်ခိုက်ခံရမှုသည် စခန်းတည်နေရာကို အတိအကျသတင်းပေးခံရခြင်းကြောင့် တိုက်ခိုက်ခံရသည်ဟု ယူဆကြောင်းနှင့် အခက်အခဲများရှိသော်လည်း တော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဟု YRG တာဝန်ရှိသူက ပြောဆိုထားပါတယ်။
တစ်ဖက်တွင် စစ်ကိုင်းတိုင်း ရေဦးမြို့၌ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသည့် စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ပြောဆိုထားပြီး ပေါ်တာဆွဲခံရသည့် လူငယ်တစ်ဦးလည်း ပါသွားကြောင်း သိရပါတယ်။
တိုက်ခိုက်မှုအပြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းနှင့် ဒေသတွင်း တိုက်ပွဲအခြေအနေများ ဆက်လက်တင်းမာနေကြောင်း သိရပါတယ်။
#ရေစကြို#YRG#ရေဦး#PDF#မြန်မာသတင်း

 

မြန်မာ့အရေးဖြေရှင်းရေးအတွက် Five-PC တစ်ခုတည်း မလုံလောက်ဟု APHR ပြောဆို

ဇူလိုင် ၂၁
The Kaladan Post
အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နှင့် တီမောလက်စတီခေါင်းဆောင်များထံ စာပေးပို့ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် စစ်ကောင်စီကို ဖိအားပေးဆောင်ရွက်ရန် ယခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေး (AMM) ကျင်းပနေစဉ် တိုက်တွန်းထားတာဖြစ်ပါတယ်။
စစ်ကောင်စီနှင့် နောက်ထပ်ထိတွေ့ဆက်ဆံမှုများ ပြုလုပ်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အား မိသားစုဝင်များ၊ ဥပဒေအကြံပေးရှေ့နေများနှင့် လွတ်လပ်သော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ တွေ့ဆုံခွင့်ရရှိရေးကို မဖြစ်မနေလိုက်နာရမည့် အခြေအနေအဖြစ် သတ်မှတ်ရန် APHR က တောင်းဆိုထားပါတယ်။
ထို့ပြင် တီမောလက်စတီသမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာအနေဖြင့်လည်း မြန်မာ့အရေးနှင့်ပတ်သက် ၍ အာဆီယံအတွင်း ပိုမိုပြတ်သားသော အရေးယူဆောင်ရွက်မှုများ ဖြစ်ပေါ်လာရေးကို တွန်းအားပေး ရန် တိုက်တွန်းထားပါတယ်။
အာဆီယံ၏ Five-Point Consensus သည် မြန်မာ့အရေးကို ကိုင်တွယ်ရာတွင် အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိသင့်သော်လည်း ယင်းတစ်ခုတည်းဖြင့် မလုံလောက်ဘဲ လက်တွေ့ရလဒ်များ ပြသနိုင်ရန် လိုအပ်ကြောင်း APHR က ထောက်ပြထားပါတယ်။
အရေးကြီးဆုံး လက်တွေ့ရလဒ်တစ်ခုအဖြစ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိပြီး ဘေးကင်းလုံခြုံကြောင်း အတည်ပြုနိုင်သည့် အထောက်အထား အမြန်ဆုံးရရှိရေးကို အာဆီယံက ဦးစားပေးဆောင်ရွက်သင့်ကြောင်း APHR က အလေးပေး ပြောဆိုထားပါတယ်။
ယင်းကိစ္စကို နောက်ထပ် အာဆီယံထိပ်သီးအစည်းအဝေးအထိ မရွှေ့ဆိုင်းဘဲ လက်ရှိ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် ရန် APHR က တိုက်တွန်းထားပါတယ်။
#APHR#ဒေါ်အောင်ဆန်းစုကြည်#အာဆီယံ#မြန်မာ့နိုင်ငံရေး#မြန်မာသတင်း

 

ဘုံရန်သူကို ပူးပေါင်းတိုက်ဖျက်ရေးနှင့် ညီညွတ်ရေးမြှင့်တင်ရန် တော်လှန်ရေးအင်အားစုများ ဆွေးနွေး

ဇူလိုင် ၂၁
The Kaladan Post
ကရင်နီပြည်တွင် “ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူငယ်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များ တက်ရောက်ကာ ဘုံရန်သူကို ဟန်ချက်ညီညီ တိုက်ဖျက်ရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် ဒေသတွင်း လုံခြုံရေးအခြေအနေများကြောင့် မဟာမိတ်ခေါင်းဆောင်အချို့က အွန်လိုင်းမှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ အတွက် ဘုံရပ်တည်ချက်များ ချမှတ်နိုင်ရေးကို အလေးပေးဆွေးနွေးခဲ့ကြပါတယ်။
တက်ရောက်သူများက စစ်အာဏာရှင်စနစ်နှင့် မညီမျှမှုများကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် နိုင်ငံရေးမူဝါဒပိုင်းဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။
ဘုံရန်သူသည် စစ်အာဏာရှင်စနစ်သာမက လူထုကို ဖိနှိပ်နေသည့် စနစ်ဆိုးများဖြစ်ကြောင်းနှင့် အင်အားစုများ၏ စည်းလုံးညီညွတ်မှုသည် အောင်မြင်ရေး ၏ အဓိကသော့ချက်ဖြစ်ကြောင်း SDP ကိုယ်စားလှယ် ရဲဘော်အိမွန်ခင်ကလည်း ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသည့် မဟာမိတ်အဖွဲ့အစည်းများက ရှေ့ဆက်လုပ်ဆောင်မည့် ဘုံလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ပြီး ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည်ရရှိသည်အထိ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ကတိပြုခဲ့ကြပါတယ်။
#ကရင်နီ#တော်လှန်ရေး#ဖက်ဒရယ်ဒီမိုကရေစီ#ညီညွတ်ရေး#မြန်မာသတင်း

 

မြန်မာ့အ‌ရေး ဖြေရှင်းရေးအတွက် စစ်တပ်အပေါ် ပြင်းထန်သည့် ဖိအားများပေးရန် SCEF တိုက်တွန်း

ဇူလိုင် ၂၁
The Kaladan Post
မနီလာမြို့၌ ကျင်းပနေသည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်း မြန်မာ့အကျပ်အတည်းအတွက် တိုင်းတာနိုင်ပြီး လက်တွေ့ကျသော ရလဒ်များ ဖော်ဆောင်ပေးရန် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့တိုက်တွန်းခဲ့ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က အသိပေးလာပါတယ်။
အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို ထောက်ခံသော်လည်း လက်တွေ့အကောင်အထည်ဖော် နိုင်သည့် ရလဒ်များနှင့် တိုင်းတာနိုင်သော အကဲဖြတ်မှုများ ရှိရန်လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် နိုင်ငံရေးဖြေရှင်းချက်တစ်ရပ် ရရှိရေးအတွက် NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs)၊ ဒီမိုကရေစီအင်အားစုများ၊ လူနည်းစုအသိုင်းအဝိုင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သူအားလုံး၏ အဓိပ္ပာယ်ရှိသော ပါဝင်ဆောင်ရွက်မှု လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ရောက်ရှိရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားပါတယ်။
အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို ဆက်လက်ချိုးဖောက်နေသည့် စစ်တပ်အပေါ် အဆင့်မြင့် ထိတွေ့ဆက်ဆံမှုများ မပြုလုပ်ဘဲ ပိုမိုထိရောက်သော ဖိအားများ တိုးမြှင့်အသုံးပြုရန်လည်း တိုက်တွန်း ထားပါတယ်။ ယခုကျင်းပနေသည့် (၅၉) ကြိမ်မြောက် အစည်းအဝေးသည် မြန်မာ့ဒီမိုကရေစီအရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် အာဆီယံ၏ ယုံကြည်စိတ်ချရမှုကို လက်တွေ့ကျကျ သက်သေပြနိုင်မည့် အရေးကြီးသော အခွင့်အရေးဖြစ်ကြောင်း SCEF က အလေးပေးဖော်ပြထားပါတယ်။
#SCEF#ASEANAMM59#MyanmarCrisis#FederalDemocracy#MyanmarNews

ချင်းပြည်နယ်မှ ဖလမ်းနှင့် တွန်းဇံကို ဖယ်ရှားပြီး မြို့နယ် ၅၈ ခုအား စစ်အုပ်ချုပ်ရေး ထပ်မံကြေညာ

ဇူလိုင် ၂၁

The Kaladan Post
စစ်တပ်ထိန်းချုပ်မှု လက်လွတ်ထားရသည့် မြို့နယ် ၅၈ ခုကို စစ်အုပ်ချုပ်ရေး (အရေးပေါ်အခြေအနေ) အဖြစ် နောက်ထပ် ရက်ပေါင်း ၉၀ သက်တမ်းတိုး သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
ယခင် သတ်မှတ်ထားသည့် မြို့နယ် ၆၀ အနက် ချင်းပြည်နယ်မှ ဖလမ်းနှင့် တွန်းဇံမြို့နယ်တို့ကို ဖယ်ရှားပြီး ကျန် ၅၈ မြို့နယ်ကိုသာ ဆက်လက်အကျုံးဝင်စေခဲ့တာဖြစ်ပါတယ်။
အဆိုပါ သက်တမ်းတိုးအဆိုကို ဥပဒေရေးရာဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ဒုရှေ့နေချုပ် ဦးထိန်လင်းဦးက တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၏ ထောက်ခံဆွေးနွေးမှုဖြင့် အတည်ပြုခဲ့တာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး အမိန့်တွင် ပါဝင်သည့် ၅၈မြို့နယ်မှာ ရခိုင်ပြည်တွင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်တို့ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေတို့ဖြစ်ပြီး ကယားပြည်နယ် (ကရင်နီ) တွင် ရှားတော၊ ဖားဆောင်း၊ မယ်စဲ့တို့ဖြစ်ပြီး ကရင် ပြည်နယ်မှ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးတို့ဖြစ်ပါတယ်။
ချင်းပြည်နယ်တွင် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ်၊ မတူပီတို့ဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်တို့ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တွင် နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလားမြို့နယ်တို့ ဖြစ်ပြီး မကွေးတိုင်းတွင် ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြိုနှင့် မန္တလေးတိုင်းမှ ငါန်းဇွန်တို့ ဖြစ်ပါ်တယ်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်ပြီး အခြားဒေသများတွင်လည်း တော်လှန်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေများ ပါဝင်နေပါတယ်။
စစ်အုပ်ချုပ်ရေး သက်တမ်းတိုးခြင်းသည် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆက်လက်ကျင့်သုံးနိုင်ရန် စစ်တပ်၏ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက အဆိုပါ အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ ဆက်လက်အတည်ပြုကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
#စစ်အုပ်ချုပ်ရေး#မြို့နယ်၅၈ခု#မြန်မာ့နိုင်ငံရေး#တော်လှန်ရေး#MyanmarNews

 

KNDF က စစ်ဗျူဟာများကို စစ်ဒေသများအဖြစ် ပြန်လည်ဖွဲ့စည်း

ဇူလိုင် ၂၁
The Kaladan Post
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က တပ်ဖွဲ့တည်ဆောက်ရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ ယခင်စစ်ဗျူဟာများနှင့် တပ်ရင်းများကို ပြန်လည်ပေါင်းစည်းကာ စစ်ဒေသများအဖြစ် အဆင့်လိုက် ပြောင်းလဲဖွဲ့စည်းနေကြောင်း ထုတ်ပြန်ထားပါတယ်။
ယခုအချိန်တွင် စစ်ဒေသအမှတ် (၁) အယ်လ်ဖာအပြင် စစ်ဒေသအမှတ် (၂)၊ (၃) နှင့် (၄) တို့ကို ဖွဲ့စည်း ထားပြီး ကျန်ရှိသည့် စစ်ဒေသများကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ဆိုပါတယ်။
KNDF က နယ်မြေဆက်စပ်သည့် တပ်ရင်းများကို ကျစ်လစ်ခိုင်မာစွာ ပြန်လည်ဖွဲ့စည်းခြင်းဖြင့် စစ်ဆင်ရေးစွမ်းရည်နှင့် တပ်ဖွဲ့စနစ်ကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ထားကြောင်း ပြောကြားထားပါတယ်။
တပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး၏ အဓိကရည်မှန်းချက်မှာ ကရင်နီပြည်အတွက် တစ်ခုတည်းသော ကာကွယ်ရေးတပ်ဖွဲ့တည်ဆောက်ရေး၊ အမိန့်စည်းကမ်းတင်းကျပ်ရေးနှင့် တပ်ဖွဲ့စွမ်းရည်မြှင့်တင်ရေး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
KNDF သည် ကရင်နီဒေသအသီးသီးတွင် စစ်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်ပူးပေါင်းသွားမည်ဟု ကတိပြုထားပါတယ်။
လက်ရှိတွင် ကရင်နီဒေသ၌ စစ်တပ်၏ ထိုးစစ်များကြောင့် တိုက်ပွဲများ ပြင်းထန်နေသည့်အခြေအနေ ရှိပြီး တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလိုအပ်လာနေကြောင်း လေ့လာသူများက သုံးသပ်ထားပါတယ်။

#KNDF#Karenni#RevolutionMyanmar#FederalDemocracy#MyanmarNews

 

ကန့်ဘလူ ဇီးကုန်းမြို့တွင် ရဲနှင့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဇူလိုင် ၂၁
The Kaladan Post
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် ရဲတပ်သားတစ်ဦးနှင့် ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောကြားထားပါတယ်။
ပစ်ခတ်မှုမှာ ယနေ့ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူနှစ်ဦးထံမှ လက်နက် ၂ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အဖွဲ့ဘက်တွင် ထိခိုက်မှုမရှိဘဲ နေရာမှ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဆိုထားပါတယ်။
ဖြစ်စဉ်အပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေဆုံးသူများ၏ အလောင်းများကို ပြန်လည်သယ်ဆောင် သွားပြီး မြို့တွင်း၌ လုံခြုံရေးတင်းကျပ်ကာ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်ကလည်း ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီအဖွဲ့တစ်ဖွဲ့ တိုက်ခိုက် ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
#ကန့်ဘလူ#ဇီးကုန်း#စစ်ကိုင်းတိုင်း#မြန်မာသတင်း#ဒေသတွင်းသတင်း