ကျွန်းလှမြို့နယ် ရွှေမျှောဖောင်များကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့် အလုပ်သမားများ အများအပြား သေဆုံး
မတ် ၁၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်း ကောလင်းနယ်ဘက်ခြမ်း ဂေါင်းဖြူဝန်းကျင်ရှိ ရွှေမျှောဖောင်များကို မတ်လ ၁၅ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ စက်သေနတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူစည်ကားနေသည့် ရွှေတူးဖော်ရေး ဖောင်များကို ဦးတည်တိုက်ခိုက်ခဲ့ပြီး ဖောင်များ မီးလောင်ကျွမ်းကာ အလုပ်သမားများ အများအပြား သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများ လည်း များပြားနေကြောင်း သိရှိရသည်။ အလောင်းများကို ရေထဲမှ ဆယ်ယူ၍ သုံးဘီးဆိုင်ကယ်များ ဖြင့် တင်ဆောင်နေကြသည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ ဟုမ္မလင်းလေတပ်မှ တိုက်လေယာဉ် ၂ စီး ပါဝင်ခဲ့ပြီး အပြစ်မဲ့ ပြည်သူများ အမြောက်အမြား သေဆုံးခဲ့ရာ လက်ရှိအချိန်ထိ အလောင်း ၃ လောင်းသာ ဆယ်ယူရရှိသေးကြောင်း Infinity Group က ပြောဆိုသည်။ သေဆုံးသူ အရေအတွက် များပြားနိုင်သေးကြောင်း အလုပ်သမားများက ဆိုသည်။

မြင်းခြံ ခမရ ၁၅ မှ စစ်မှုထမ်းသစ် ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ဟု ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ပြော
မတ် ၁၆
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ခမရ ၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို မတ်လ ၁၃ ရက်နေ့ က ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့က သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။ အဆိုပါ စစ်မှုထမ်းသစ် ၂ ဦးသည် တပ်ရင်းထဲ ရောက်ရှိနေစဉ် အလင်းဝင်ရန် ချိတ်ဆက် လာခဲ့ပြီး တော်လှန်ရေးရဲဘော်များက လုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဘေးကင်းရာ နေရာ၌ ထိန်းသိမ်းစောင့်ရှောက်ထားကာ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး ဆန္ဒအတိုင်း ဘေးလွတ်ရာ နေရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အလားတူ မတ်လ ၁၀ ရက်နှင့် ဖေဖော်ဝါရီ ၂၄ ရက်တို့တွင်လည်း ခမရ ၁၅ တပ်ရင်းနှင့် မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး သေနတ် ၂ လက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ဖူး ကြောင်း သိရှိရသည်။ ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့က စစ်တပ်ထဲ အတင်းအကျပ် စစ်မှုထမ်းခံရသူများ ကို ဆက်လက်ကယ်ထုတ်ပေးမည်ဟု ဆိုထားသည်။

တောင်တွင်းကြီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရ
မတ် ၁၆
The Kaladan Post
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်း (ကိုးပင်-အောင်လံ ဘက်မှ နေပြည်တော်သို့ ဦးတည်လာသော) စစ်ယာဉ်တန်းကို မတ်လ ၁၅ ရက် နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပုဏ္ဏဝတီ (တောင်တွင်းကြီး) က ပဒေသာမိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ ပြောဆိုသည်။ ကား၃စီးနဲ့ ဆိုင်ကယ်၂စီးအနက်မှ ရှေ့ဆုံးက ကားကို မိုင်းဆွဲတိုက်ခိုက်တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း မိုင်းထိမှန် သော ယာဉ်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များရှိခဲ့ကြောင်း၊ သို့သော် ထိခိုက်သေဆုံးမှု အသေးစိတ်အရေအတွက်နှင့် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ တိုက်ခိုက်ခံရသည့် နေရာမှာ ဆတ်သွားကျေးရွာနှင့် ကိုးပင်ကျေးရွာ ကြားတွင် ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလအတွင်း တောင်တွင်းကြီးမြို့နယ်တွင် အမှတ် (၁၈) ကာကွယ် ရေးပစ္စည်းစက်ရုံ (ကပစ-၁၈) မှ ဗိုလ်ကြီးနှင့် စစ်ကောင်စီတပ်သားများ ပါဝင်သော ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ဖူးကြောင်း၊ ထို့ပြင် နေပြည်တော်-တောင်တွင်းကြီး ရထားလမ်းပိုင်းအနီး စစ်ကြောင်းကို တိုက်ခိုက်မှုတွင် စစ်သား ၄ ဦး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ပုဏ္ဏဝတီ တပ်ဖွဲ့က ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန်ထားသည်။ ဤတိုက်ခိုက်မှုများကြောင့် စစ်တပ်က တောင်တွင်းကြီးမြို့နယ် အရှေ့ခြမ်းသို့ လက်ရှိ စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်း သိရှိရသည်။

နေပြည်တော်တွင် စစ်တပ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရွေးချယ်
မတ် ၁၆
The Kaladan Post
နေပြည်တော်၊ မတ်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် – စစ်ကောင်စီလက်အောက်ခံ ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို ယနေ့ နေပြည်တော်တွင် စတင်ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဥက္ကဋ္ဌ ဦးခင်ရီကို ပြိုင်ဘက်မရှိ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ကြံ့ဖွံ့ပါတီ က အသိပေးလာသည်။ ဒုတိယဥက္ကဋ္ဌအဖြစ်မှာလည်း စစ်ကောင်စီလက်အောက်ခံ ပြည်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း (ဗိုလ်ချုပ်ဟောင်း) ကို တင်မြှောက်ခဲ့ကြသည်။ ဤရွေးချယ်တင်မြှောက်မှုများသည် ပါတီအတွင်း ရေပန်းစားမှုနှင့် စစ်တပ်အသိုင်းအဝိုင်းအတွင်း သုံးသပ်ချက်များနှင့် ကိုက်ညီမှုရှိနေကြောင်း သိရသည်။ ဦးခင်ရီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် နိုင်ငံတော်သမ္မတအဖြစ် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယသမ္မတ (၁) အဖြစ် ဦးညိုစော တို့ ဖြစ်လာနိုင်ကြောင်း စစ်တပ်အသိုင်းအဝိုင်းတွင် ပြောဆိုမှုများရှိနေသည်။ ထို့ပြင် ကြံ့ခိုင်ရေးပါတီမှ နေပြည်တော် အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ်က ဝင်ပြိုင်ခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်လင်းဒွေးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရေပန်းစားနေကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရ သည်။ ဤ ရွေးချယ်တင်မြှောက်မှုများသည် ၂၀၂၅-၂၀၂၆ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် ကြံ့ဖွဲ့ပါတီက အမတ်နေရာ အများစု အနိုင်ရရှိခဲ့ပြီးနောက် စစ်တပ်လွှမ်းမိုးမှုအောက်တွင် အရပ်သား အစိုးရ ဟတ်ပြပုံစံအသစ်သို့ ကူးပြောင်းရေး အဆင့်တစ်ရပ် ဖြစ်လာသည်။

ကွတ်ခိုင်မြို့ကို MNDAA သိမ်းပိုက်ပြီး နမ့်ခမ်းဘက် ဆက်လက်ထိုးစစ်ဆင်နေ
မတ် ၁၆
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်မတော် (MNDAA) က ထိုးစစ်ဆင် သိမ်းပိုက်နိုင် ခဲ့ပြီး တအာင်းတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များမှာ ယမန်နေ့ မတ်လ ၁၅ ရက် ညသန်းခေါင်ချိန်တွင် နောက်ဆုံးဗျူဟာကုန်းများမှ ဆုတ်ခွာပေးခဲ့ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ MNDAA က မတ်လ ၁၄ ရက်နေ့တွင် စစ်ကြောင်း လေးကြောင်းဖြင့် ကွတ်ခိုင်ဒေသရှိ TNLA တပ်စခန်းများကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒရုန်း၊ လက်နက်ကြီးများနှင့် အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်မှုများကြောင့် နှစ်ဖက်ပစ်ခတ်မှု ပြင်းထန်ခဲ့သည်။ ယနေ့ မတ်လ ၁၆ ရက် နံနက်ပိုင်းအထိ ကွတ်ခိုင်မြို့ပေါ်တွင် တိုက်ပွဲ ငြိမ်သက်နေသော်လည်း MNDAA က သိန္နီ-ကွတ်ခိုင်-မူဆယ် ပြည်ထောင် စုလမ်းမတလျှောက်လုံးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ကွတ်ခိုင်မြို့ကို လက်လွှတ်ရ ခြင်းမှာ ပစ်ခွင့်မရှိ၊ စစ်ကူ မပို့နိုင်သောကြောင့် ဆုတ်ခွာပေးခဲ့ရခြင်း ဖြစ်ပြီး လက်ရှိတွင် ပြည်ထောင်စု လမ်းမ အရှေ့ဘက်ခြမ်းတွင် ဆက်လက် နေရာယူ ထားနိုင်ကြောင်း TNLA နှင့် နီးစပ်သည့် သတင်းရင်း မြစ်က ပြောဆိုသည်။ TNLA က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ချက်တွင် နှစ်ဖက်ပြဿနာကို တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် ကြိုးစားမည်ဟု ဆိုထားသည်။ သို့သော် MNDAA က ယနေ့နံနက်ပိုင်း တွင် နမ့်ဖတ်ကာ-နမ့်ခမ်း ကြားရှိ ၁၂ မိုင်ကုန်း အပါအဝင် နမ့်ခမ်းမြို့ အနီးတစ်ဝိုက်ရှိ TNLA တပ်စခန်း များကို ဒရုန်းဗုံးများဖြင့် ဆက်လက် တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက အတည်ပြုသည်။ ကိုးကန့်တပ်က နမ့်ခမ်းမြို့ဘက်သို့ စစ်ကြောင်းများ ဦးတည်ထိုးစစ်ဆင်နေပြီး မူဆယ်ဘက်မှ စစ်ကြောင်း ထိုးလာသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြိး စစ်သား ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
မတ် ၁၆
The Kaladan Post
နေပြည်တော်၊ မတ်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် – မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း USBA ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ ဆင်ပေါင်ဝဲမြို့နယ် ဆူးလေကုန်း၊ စိုင်းစု၊ ရှားတိုင်းကြီး ရွာသုံးရွာကြား မီးရထားလမ်းဘေးတစ်နေရာဖြစ်ပြီး ယမန်နေ့ မတ်လ ၁၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ၁၀ မိနစ်ကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်တပ် အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းသည် အမာခံရွာများကို လုံခြုံရေးပေးရန် တောတောင်များအတွင်း နေရာယူ တပ်ဖြန့်ထားခြင်းကို USBA က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။ တိုက်ပွဲအပြီး မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ထိခိုက်သေဆုံးသူများကို ဆင်ပေါင်ဝဲမြို့ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေ တစ်စီးဖြင့် သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဒေသသည် စစ်ကောင်စီတပ်မှ ရာနှုန်းပြည့် ထိန်းချုပ်ထားသော နယ်မြေဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး အပြည့်အဝ လည်ပတ်နေသော ဒေသဖြစ်ကြောင်း USBA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်တပ် ရောက်ရှိပါက ခရီးဦးကြိုပြု ဧည့်ခံကျွေးမွေးပြီး PDF ရွာထဲဝင်ပါက အနီးဆုံး ရဲစခန်းသို့ သတင်းပို့သည့် ဒေသဖြစ်သောကြောင့် ယခုတိုက်ပွဲဖြစ်ပွားသော်လည်း ဒေသခံများ ရှောင်တိမ်းခြင်း မရှိကြောင်း USBA တာဝန်ခံ ကိုဗဟိန်း က ပြောဆိုသည်။ USBA က အဆိုပါ အမာခံကျေးရွာများကို စိတ်ရှည်စွာ အမှန်တရားဘက်ပါဝင်လာနိုင်စေရန် ကြိုးစားလုပ်ဆောင်သွားမည်ဟု ကိုဗဟိန်း က ဆက်ပြောသည်။

ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံး
မတ် ၁၆
The Kaladan Post
မကွေးတိုင်း ပခုက္ကူမြို့နယ်အနောက်ခြမ်း၌ မတ်လ ၁၅ ရက် နံနက် ၇ နာရီခန့်က ကန်တော်ရွာ စခန်းမှ ညောင်ဂျစ်ပင်ပျူစောထီးကျေးရွာသို့ ဦးတည်ထွက်ခွာလာသော အင်အား ၇၀ ခန့်ပါ စခစစ်ကြောင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် MGYPDF၊ ကမ္မတပ် ပေါင်းစု၊ Pakokku Column တို့က ပူးပေါင်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း PLA က ထုတ်ပြန်သည်။ ထိတွေ့တိုက်ပွဲမှာ နီးပါး ၄ နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား ၅ ဦး နေရာတင် သေဆုံး ခဲ့ကာ ကျည်ဆန်အချို့၊ လက်ပစ်ဗုံးများနှင့် နင်းမိုင်းအနည်းငယ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထိုစစ်ကြောင်းသည် အရှင်ဖမ်းမိသူ မရှိဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း PLA ပြန်ကြားရေးတာဝန်ရှိ သူက အတည်ပြုပြောဆိုသည်။ အဆိုပါ စစ်ကြောင်းသည် ကမ္မမြို့နယ်ရဲစခန်း၊ ကန်တော်ရွာစခန်းနှင့် ညောင်ဂျစ်ပင်ပျူစောထီးစခန်းများအကြား လှည့်လည်သွားလာနေသည့် စစ်ကြောင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှု လုံးဝမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ပခုက္ကူ တပ်မ(၁၀၁) မှ ထွက်လာသော စစ်တပ် ရိက္ခာတင်ယာဉ်တန်း လက်လုပ်ရော့ကက် (၉) လုံးဖြင့် တိုက်ခိုက်ခံရ
မတ် ၁၆
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူခရိုင်စစ်ဌာန အမှတ်(၁၁) တပ်ရင်းမှ ရဲဘော်များနှင့် မဟာမိတ် တော်လှန်ရေး ညီနောင်တပ်ရင်းတပ်ဖွဲ့များက ပူးပေါင်း၍ မတ်လ ၁၄ ရက်၊ ၂၀၂၆ တွင် ပခုက္ကူ တပ်မ(၁၀၁) မှ ထွက်လာသော စစ်ကောင်စီ ယာဉ်တန်းကို လက်လုပ်ရော့ကက် ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင်စစ်ဌာန အမှတ်(၁၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ ပြောဆို သည်။ ယင်းယာဉ်တန်းတွင် ကားအစီး ၁၂၅ စီးခန့် ပါဝင်ပြီး စစ်ကောင်စီ စစ်ကားဟာ ခန့်မှန်း ၃၀ စီးသာ ပါဝင်ကာ ကျန်ကားများမှာ ပြည်သူ့ကားများကို ချောဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကား များသည် ရိက္ခာတင်ကားများဖြစ်ပြီး စစ်သားအင်အား ၅၀၀ ဦး ခန့် လိုက်ပါလာကြောင်း သိရှိရသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်တွင် ထိခိုက်မှုများ ရှိခဲ့ကြောင်း ကနဦး သိရှိရပြီး အသေးစိတ် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မတ်လ ၁၂ ရက်နေ့တွင် ကပစ(၂၂) မှ ကပစ(၂၄) သို့ ကားအစီး ၈၀ ကျော် ထွက်ခွာသွားခဲ့ကြောင်း တပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြော ကြားသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေး EAOs နှင့် ယုံကြည်မှု တည်ဆောက်နေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို
မတ် ၁၆
The Kaladan Post
အာဏာသိမ်းစစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနှင့် ထိုမှ ဖန်တီးထားသော အတုအယောင် လွှတ်တော်မှတဆင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူရန် ကြိုးပမ်းနေမှုများကို အထူးသတိထားကာ လေးနက်စွာ တန်ပြန်တုံ့ပြန်ရန် ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ကျင်းပသော အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းခဲ့သည်။ စစ်ကောင်စီ၏ ရည်ရွယ်ချက်များကို ကြိုတင်မျှော်မြင်ပြီး လက်ဦးမှု ရယူနိုင်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ ထို့ပြင် တော်လှန်ရေး ၅ နှစ်ကာလအတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရေး မဏ္ဍိုင်သုံးရပ်အကြား အပြန်အလှန် ထိန်းကျောင်းမှု မြှင့်တင် ရန်နှင့် တော်လှန်ရေးနှင့် လိုက်ဖက်သော လက်တွေ့ကျသည့် လွှတ်တော်ပုံစံ ဖော်ဆောင်ရန် လိုအပ် ကြောင်း ဆိုသည်။ နိုင်ငံတကာ လွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် NUG ၏ ဖြစ်တည်မှုကို ပိုမိုခိုင်မာစေရန်လည်း တိုက်တွန်းခဲ့သည်။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် သစ် တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်မည့် “ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ” ပုံစံ ပေါ်ပေါက်လာရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် ယုံကြည်မှု တည်ဆောက်ရန် အချိန်အများကြီး ရင်းနှီးမြှုပ်နှံထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ နွေဦးတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများအကြား မဟာမိတ်ပေါင်းစည်းမှု ပိုမိုခိုင်မာလာစေရန် NUG အစိုးရဘက်မှ ပြုပြင်ပြောင်းလဲမှုများ ရဲဝံ့စွာ ဆောင်ရွက်နေပြီး လွှတ်တော်အနေဖြင့်လည်း ထိုခြေလှမ်းသစ်တွင် ဝိုင်းဝန်း လက်တွဲ ပံ့ပိုးကြရန် မေတ္တာရပ်ခံထားသည်၊။ ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချုပ်ငြိမ်းနိုင်ရေး ပြတ်သား စွာ မဆောင်ရွက်နိုင်ပါက နောင်အခါ မျှော်လင့်ချက် မလွယ်ကူတော့ကြောင်း သတိပေးခဲ့သည်။

ဆားလင်းကြီးတွင် ယမ်စီကုမ္ပဏီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံး
မတ် ၁၆
The Kaladan Post
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ယမ်စီကုမ္ပဏီမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို PDF ထောက်ပို့ ပြည်သူ့တပ်သားအဖွဲ့၊ ဆားလင်းကြီးပကဖ၊ ယင်းမာပင်တပ်ရင်း တို့က မတ်လ ၁၀ ရက်နေ့ တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထောက်ပို့ ပြည်သူ့တပ်သားအဖွဲ့က ထုတ်ပြန်သည်။ လေကြောင်းပစ်ကူကြောင့် စစ်ကြောင်း ကုမ္ပဏီအတွင်း ပြန်ဝင်ရောက်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦး ဂျိုင်ရိုကော်ပရာဖြင့် ပစ်ခတ်ခံရသည့်အတွက် ကျဆုံးခဲ့ကြောင်း PDF ထောက်ပို့ ပြည်သူ့တပ်သား အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ အလားတူ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းကို ဇန်နဝါရီ ၇ ရက်နေ့တွင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ (L.P.D.F)၊ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယင်း ၄ တို့က ပူးပေါင်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး အပါအဝင် ၇ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ 5.56 ကျည် ၅၀ သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဝေကြီးက ပြောဆိုသည်။

မင်းလှမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ရဲထွန်း နေအိမ်တွင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး
မတ် ၁၆
The Kaladan Post
ပဲခူးတိုင်း၊ မင်းလှမြို့နယ် လှည်းပြင်တင်အုပ်စု၊ ဘုရားကွင်း+အင်တောသာရွာတွင် နေထိုင်သော ပျူစောထီးခေါင်းဆောင် ရဲထွန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားအဖွဲ့မှ ရဲဘော်များက မတ်လ ၁၄ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် နေအိမ်အတွင်း စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဖွဲ့မှ အသိပေးထားသည်။ ရဲထွန်းသည် စစ်ကောင်စီ၏ အမာခံထောက်တိုင်ဖြစ်ပြီး ပြည်သူများကို မမှန်သတင်းပေး၍ ဖမ်းဆီးခိုင်းစေခြင်း၊ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များကို “သတ္တိရှိတဲ့ PDF ရွာထဲလာခဲ့ အသေထွက်ပဲ ပြန်ထွက်ရမယ်” ဟု စိန်ခေါ်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပစ်မှတ်ထားတိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း Black Tiger အဖွဲ့က ရှင်းပြသည်။ ၎င်းသည် အာဏာသိမ်းချိန်က ရွာထဲမှာ ဘောက်တွေ ဖွင့်ပြီး အောင်ပွဲခံခဲ့သူဖြစ်သလို ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေသည်အပြင် လူငယ်တွေကို ပေါ်တာဆွဲ ဦးဆောင်လုပ်နေတာ ဖြစ်လို့ ပြန်လာချိန်ကို စောင့်ပြီး တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးပါတယ် ဟု အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။ Black Tiger ပြောက်ကျားအဖွဲ့က စစ်ကောင်စီနှင့် ၎င်း၏ ဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ထိုသူများနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်း ရှောင်ကြဉ်ရန် အသိပေး ထုတ်ပြန်ထားသည်။
