မတ် ၁၇
The Kaladan Post
အီရန်ကို ဗဟိုပြုပြီး အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ဆုံး အပစ်အခတ်ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဗာတီကန်မှာလုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ရိုမန်ကက်သလစ် သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီးက အခုလို မိန့်ကြားခဲ့တာပါ။ “အီရန်စစ်ပွဲရဲ့ ကြမ်းတမ်းရက်စက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ထောင်နဲ့ချီ သေဆုံးခဲ့ရပြီး ဒေသကြီးတစ်ခုလုံးမှာ စိုးရိမ်ကြောင့်ကြမှုတွေ၊ ထိခိုက်နာကျင်မှုတွေကို ခံစားနေကြရတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ကနေ အီရန်ကို စတင်တိုက်ခိုက်ရာကနေ ဖြစ်လာတဲ့ ဒီစစ်ပွဲကြီးနဲ့ ပတ်သက်ပြီးတော့လည်း “ဒီစစ်ပွဲဟာ တရားမျှတမှု၊ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးတွေကို ရှာဖွေပေးနိုင်မယ့် အဖြေမဟုတ်ဘူး” လို့ ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့ပါသေးတယ်။
စစ်ပွဲစတင်ခဲ့တာ နှစ်ပတ်လောက် ကြာလာတဲ့အချိန်မှာ အရှေ့အလယ်ပိုင်းက ပြည်သူတွေဟာ စစ်ရဲ့ အနိဋ္ဌာရုံတွေကို အပြင်းအထန် ခံစားနေရပြီလို့ စိန့်ပီတာရင်ပြင်က အပတ်စဉ် ဝတ်ပြုဆုတောင်းပွဲမှာ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးက “အရှေ့အလယ်ပိုင်း ဒေသက ခရစ်ယာန်တွေ၊ စိတ်နှလုံးကောင်းရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့အတူ လက်ရှိ ပဋိပက္ခအတွက် တာဝန်ရှိသူတွေကို ကျနော့်အနေနဲ့ တောင်းဆိုချင်တာကတော့ အပစ်အခတ် ရပ်ကြဖို့ပါပဲ” လို့ တိုက်တွန်းခဲ့ပါတယ်။
အီရန်စစ်ပွဲရဲ့ ဂယက်ကြောင့် လက်ဘနွန်နိုင်ငံမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကြား တိုက်ပွဲတွေဖြစ်နေတာကိုလည်း အထူးစိုးရိမ်မိတယ်လို့ ဆိုပါတယ်။ လက်ဘနွန်ပြည်သူတွေအတွက် ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးအဖြေကို သက်ဆိုင်သူတွေအနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် ရှာဖွေပေးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။
ဆုတောင်းပွဲအပြီး ရောမမြို့ထဲ ခဏသွားရောက်ချိန်မှာလည်း “စစ်ပွဲဆိုတာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အဖြေမျိုး ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး” လို့ ပုပ်ရဟန်းမင်းကြီးက ထပ်မံသတိပေးသွားပါတယ်။ ဒါ့အပြင် ဘုရားသခင်ရဲ့ နာမည်ကို အသုံးချပြီး စစ်တိုက်၊ လူသတ်နေသူတွေကိုလည်း အခုလို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။
“တချို့လူတွေက လူတွေကို သတ်ဖြတ်နေတဲ့ သူတို့ရဲ့ လုပ်ရပ်အပေါ် ဘုရားသခင်အတွက်ဆိုပြီး အကြောင်းပြချက်တွေ ပေးနေကြတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ အမိုက်တရားတွေကို ဘယ်တော့မှ အားမပေးခဲ့ပါဘူး။ လူသားတွေအတွက် အလင်းရောင်၊ မျှော်လင့်ခြင်းနဲ့ ငြိမ်းချမ်းမှုတွေကိုပဲ ဆောင်ယူပေးလေ့ရှိပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားခဲ့ပါတယ်။
ကိုးကား/ဓာတ်ပုံ – Reuters