ရေစကြိုမြို့တွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ဇော်မင်းနှင့် တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး

 

ဇွန် ၁၉

The Kaladan Post

မကွေးတိုင်း ရေစကြိုမြို့ပေါ်တွင် ဇွန်လ ၁၇ ရက် နံနက်ပိုင်းက ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က အနီးကပ်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း ခလရ (၂၅၆) တပ်ရင်းမှ တပ်ကြပ်ကြီး ဇော်မင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်ဖွဲ့က အသိပေးထားသည်။

အလားဆူ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စစ်ပြဲရွာရှိ စစ်ကောင်စီတပ်စွဲနေရာကို ဇွန်လ ၁၄ ရက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တနေကုန်နီးပါး ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အရာရှိ ၂ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ် က ပြောကြားသည်။

တိုက်ပွဲအပြီးတွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်သား အလောင်းများနှင့် လက်နက်ခဲ ယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အထိနာခဲ့သော စစ်ကောင်စီတပ်သည် စစ်ပြဲရွာ ဘုန်းကြီးကျောင်းတွင် ဆက်လက်တပ်စွဲထားသော်လည်း အချို့အင်အားများမှာ အနီးအနားတောတောင် ဒေသများသို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါ စစ်ကြောင်းသည် ဇွန်လအစောပိုင်းကတည်းက လောင်းလုံး ဒေသအတွင်း လှုပ်ရှားနေပြီး ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများကို သိမ်းယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#ရေစကြို#လောင်းလုံး#PDF#တော်လှန်ရေးသတင်း#စစ်ကောင်စီ#စစ်ရေးအခြေအနေ

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုများ ကျယ်ပြန့်စွာ ပြုလုပ်

 

ဇွန် ၁၉

The Kaladan Post

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် “၈ မိုင် ၁ ဖာလုံ မာရသွန်အပြေးပြိုင်ပွဲ” ကို ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ဝက်လက်သပိတ်ကော်မတီက ဦးဆောင်ကျင်းပခဲ့ပြီး တရားမျှတမှု၊ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် လူထု၏ စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသရန် ရည်ရွယ်ကြောင်း သိရသည်။

မာရသွန်ပြိုင်ပွဲတွင် ကျေးရွာပေါင်း ၃၀ မှ ပြိုင်ပွဲဝင် ၂၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပြီး လမ်းတစ်လျှောက် ရှိ ဒေသခံပြည်သူများကလည်း စိတ်အားထက်သန်စွာ အားပေးခဲ့ကြသည်။ ထို့အပြင် ဇွန်လ ၁၉ ရက်နေ့ တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း မုံရွာမြို့၌လည်း နှင်းဆီလှုပ်ရှားမှုကို လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်က နှင်းဆီပန်းဝယ်ယူခြင်းနှင့် သယ်ဆောင်ခြင်းများကို စောင့်ကြည့်ကန့်သတ်ထားသည့်ကြားမှ ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် လှုပ်ရှားမှုကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။

လှုပ်ရှားမှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာမြို့အတွင်း လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက် ကာ လမ်းပိတ်စစ်ဆေးခြင်းနှင့် လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် မြို့ခံပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုကြရန်နှင့် နှင်းဆီလှုပ်ရှားမှုတွင် ဉာဏ်ပညာဖြင့် ပူးပေါင်းပါဝင်ကြရန် လူထုသပိတ်ကော်မတီက တိုက်တွန်းထားသည်။

#ဒေါ်အောင်ဆန်းစုကြည်#RoseMovement#RosesOfHope#ဝက်လက်#မုံရွာ#စစ်ကိုင်းတိုင်း

ပြည်သူ့အာဏာ ပြန်လည်ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောကြား

 

ဇွန် ၁၉

The Kaladan Post

၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့အခါသမယ၌ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရပ်တည်ချက်များသည် တော်လှန်ရေးအင်အားစုများအတွက် စိတ်ဓာတ်ခွန်အားနှင့် အားထားရသော အမွေအနှစ်တစ်ရပ်ဖြစ်ကြောင်း ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရက ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး ပြည်သူများထံမှ လုယူထားသည့် အချုပ်အခြာအာဏာ ကို ပြည်သူ့လက်ဝယ် ပြန်လည်အပ်နှင်းရေး၊ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနှင့် ရလဒ် များကို ပြတ်သားစွာ ဆန့်ကျင်ပယ်ချရေးတို့အပေါ် အခိုင်အမာ ရပ်တည်ကြောင်း ထပ်မံအတည်ပြု ခဲ့သည်။

ထို့အပြင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချုပ်ငြိမ်းပြီး အမျိုးသားတန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများအားလုံးနှင့်အတူ သွေးမကွဲဘဲ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ရက်မြတ်တွင် သစ္စာအဓိဋ္ဌာန်ပြု ထုတ်ဖော်ပြောကြားခဲ့သည်။

#AungSanSuuKyi81#FreePoliticalPrisoners#MagwayFederalUnit#FederalDemocracy
#MyanmarSpringRevolution#RejectShamElection#StandWithDemocracy

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် စစ်အုပ်စုအပေါ် ဖိအားပေးဆောင်ရွက်ရန် CRPH တိုက်တွန်း

 

ဇွန် ၁၉

The Kaladan Post

၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့အခါသမယတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ ယနေ့အချိန်ထိ ၅ နှစ်ကျော်ကြာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်သည် ပြည်သူလူထု၏ ယုံကြည်လေးစားမှုနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ဆက်လက်ရရှိထားသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး၊ နေထိုင်ရာ နေရာနှင့် အသက်ရှင်မှုအခြေအနေများကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်းမရှိသည့် အခြေအနေအပေါ် စိုးရိမ်မှုများ ရှိနေကြောင်း CRPH ဆိုထားသည်။

ထို့ပြင် ပြည်သူ့တော်လှန်ရေး အောင်မြင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် လူငယ်များအား အဓမ္မစစ်သားစုဆောင်းမှုများ အဆုံးသတ်ရေးတို့ကို အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စရပ်များအဖြစ် ဖော်ပြထားသည်။ ထိုရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုအပေါ် ထိရောက်သည့် ဖိအားများ တိုးမြှင့်ပေးရန်လည်း တိုက်တွန်းထားသည်။

CRPH နှင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုများသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေး၊ ပြည်သူ့အာဏာ ပြန်လည်ရရှိရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဟာမိတ်အင်အားစုများနှင့်အတူ ဆက်လက်လက်တွဲကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခါသမယတွင် ထုတ်ပြန် အသိပေးထားသည်။

#AungSanSuuKyi#FreePoliticalPrisoners#MyanmarDemocracy#FederalDemocracy
#StandWithSuuKyi#EndMilitaryRule#SpringRevolutionMyanmar

ဖက်ဒရယ်ဒီမိုကရေစီအရေး  ဆက်လက်တိုက်ပွဲဝင်မည်ဟု ကလေး နိုင်ငံရေးအကျဉ်းသားများ ထုတ်ပြန်

 

ဇွန် ၁၉

The Kaladan Post

ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ် မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးအကျဉ်းသူများက သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် အထင်ကရ လူထု ခေါင်းဆောင်တစ်ဦးအဖြစ် ဂုဏ်ပြုဖော်ပြထားပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ယနေ့အထိ မတရားဖမ်းဆီးထိန်းသိမ်းခံထားရခြင်းနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်မရရှိခြင်းတို့အပေါ် စိုးရိမ်မှုများ ထုတ်ဖော်ပြောကြားထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ မယိုင်မလဲသော ဒီမိုကရေစီယုံကြည်ချက်နှင့် ရပ်တည်ချက်များကို အတုယူကာ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အကျဉ်းထောင်အတွင်းမှပင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဒီမိုကရေစီအရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကတိပြု ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံရေးအတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေး အကျဉ်းသားများအပေါ် ဆက်လက်ဖမ်းဆီးဖိနှိပ်နေသည့် လုပ်ရပ်များကိုလည်း ပြင်းထန်စွာ ဝေဖန် ထားသည်။

ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သလို ပြည်သူလူထု၏ ယုံကြည်လေးစားမှုကို ဆက်လက်ရရှိထားသည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ဖော်ပြထားပြီး၊ လက်ရှိနိုင်ငံရေးအခြေအနေတွင် ဒီမိုကရေစီအခြေခံစံနှုန်းများနှင့် နိုင်ငံရေးလွတ်လပ် ခွင့်များ အားနည်းနေဆဲဖြစ်ကြောင်း ထောက်ပြထားသည်။ ထို့အပြင် အတိုက်အခံများအပေါ် ဖိနှိပ်မှုများ ဆက်လက်ရှိနေခြင်းသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရနှင့် ဆန့်ကျင်နေကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် “ဒီမိုကရေစီ” ဟု အပေါ်ယံ ဟန်ပြပြောဆိုမှုများကို ရပ်တန့်ပြီး ပြည်သူလူထု လိုလားသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အမှန်တကယ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။ နိုင်ငံရေးအကျဉ်းသား များကလည်း ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိသည့် အနာဂတ်နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် ဆက်လက်ရပ်တည်သွားမည်ဟု အခိုင်အမာ ထုတ်ဖော်ပြောကြားခဲ့သည်။

#AungSanSuuKyi81#FreePoliticalPrisoners#DemocracyInMyanmar#HumanRights
#FederalDemocracy#MyanmarPolitics#StandWithDemocracy

ဖားကန့်တွင် လက်နက်ကြီးကျရောက်ပြီး ပြည်သူ ၂ ဦး ဒဏ်ရာရ

 

ဇွန် ၁၉

The Kaladan Post

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုနှင့် သပိတ်ကို ဇွန်လ ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုသည့် စာတန်းများ ကိုင်ဆောင်ကာ ဒေသခံပြည်သူ များသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သပိတ်လှုပ်ရှားမှုပြီးဆုံးပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် ဖားကန့်ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ဆိုင်းတောင်ကျေးရွာ ရပ်ကွက် (၃)ရှိ တံတားကြီး ထိပ်အနီး ကားဝပ်ရှော့ဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ ပေါက်ကွဲမှုကြောင့် ဆိုင်အတွင်းရှိ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားဝပ်ရှော့ ဆိုင်လည်း ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါ လူထုလှုပ်ရှားမှုတွင် “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ၊ “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်” နှင့် “စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သည်အထိ ပြည်သူ  အားလုံး ပါဝင်စို့” စသည့် စာသားများပါဝင်သော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဆက်လက်ရပ်တည် ကြောင်း ဖော်ပြခဲ့ကြသည်။

#ဖားကန့်#ဒေါ်အောင်ဆန်းစုကြည်#၈၁နှစ်ပြည့်မွေးနေ့#ဆိုင်းတောင်သပိတ်
#နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး#စစ်အာဏာရှင်ဆန့်ကျင်ရေး

နှင်းဆီပန်းနှင့် ၈၁ ကို စစ်တပ်က ရန်သူ သတ်မှတ်ကာ လိုက်လံဖမ်းဆီး

 

ဇွန် ၁၉

The Kaladan Post

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း၌ နှင်းဆီလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပြီး စစ်တပ်က လုံခြုံရေးတင်းကြပ် စွာ ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရန်ကုန်မြို့တွင် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များကို မြို့တွင်းနှင့် ရပ်ကွက်များ၌ အများအပြား တွေ့မြင်ရပြီး အချို့နေရာများတွင် လူငယ်များအား တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တစ်ဖက်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့၌ နှင်းဆီပန်းများ ကပ်လှူထားသည့် အသီးဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် နှင်းဆီပန်း သယ်ဆောင်လာသူတစ်ဦးအား ငွေကြေးတောင်း ခံမှုများ ရှိခဲ့ကြောင်းနှင့် မုံရွာမြို့အတွင်း နှင်းဆီလှုပ်ရှားမှုနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ပြည်သူအချို့ ကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်တပ်သံရုံးသို့ နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးအပ်ခဲ့သည့် တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ်မှာ ခွင့်ပြုချက်မတင်ဘဲ လှုပ်ရှားမှုပြုလုပ်ခဲ့သည်ဟု ဆိုကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

မန္တလေးမြို့တွင်လည်း “81 Electronic” အားကစားဝတ်စုံ ဝတ်ဆင်၍ ပြေးနေသည့် အမျိုးသားတစ်ဦး ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း မြို့ခံများက ပြောဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့နှင့် တိုက်ဆိုင်နေခြင်းကြောင့် စစ်တပ်၏ စိုးရိမ်မှု မြင့်တက်လာခဲ့ပြီး နှင်းဆီပန်းနှင့် “၈၁” ဂဏန်းပင် နိုင်ငံရေးအဓိပ္ပာယ်ဆောင်သည့် သင်္ကေတများကို ရှာဖွယ်က လိုက်လံဖမ်းဆီးနေကြ သည်ဟု ပြောဆိုသည်။

#AungSanSuuKyi81#RoseMovement#MyanmarDemocracy#FreePoliticalPrisoners
#Yangon#Monywa#WhatsHappeningInMyanmar

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် မေလအတွင်း အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု များ ဆက်လက်မြင့်တက်

 

ဇွန် ၁၉

The Kaladan Post

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ယနေ့အချိန်အထိ စစ်တပ်က  လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အမျိုးသမီးများမှာ ပဋိပက္ခနှင့်ဆက်နွယ်သော အကြမ်းဖက်မှုများ၏ အဓိက ထိခိုက်ခံစားနေရသူများအဖြစ် ရှိနေကြောင်း Women for justice – wj က အသိပေးထားသည်။ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို နေ့စဉ်ရက်ဆက် ကျူးလွန်နေခြင်းကြောင့် အမျိုးသမီးများ၏ လုံခြုံရေးနှင့် အခြေခံအခွင့်အရေးများမှာ ဆိုးရွားစွာ ခြိမ်းခြောက်ခံနေရသည်ဟုလည်း ပြောဆိုသည်။

၂၀၂၆ ခုနှစ် မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ အမျိုးသမီး ၆ ဦး ဖမ်းဆီးခံရခြင်းနှင့် လူသားဒိုင်း အဖြစ် အသုံးပြုခံရခြင်းများ ရှိခဲ့ပြီး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၃ ဦး သေဆုံး ခဲ့သလို မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့်လည်း အမျိုးသမီး ၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ်တွင်လည်း လက်နက်ကြီးကြောင့် အမျိုးသမီး (၃) ဦးသေဆုံးပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး(၃)ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း(WJ)အနေဖြင့် ​မေလအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ထားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို လက်လှမ်းမှီသလောက်စုစည်းဖော်ပြထားကြောင်း သိရသည်။

#SagaingRegion#WomenRights#HumanRightsMyanmar#StopViolence#ProtectWomen
#MyanmarCrisis#WhatsHappeningInMyanmar