ကျင်‌ဒွေးမြို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံး

 

ဇွန် ၂၁

The Kaladan Post

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ဇွန်လ ၁၉ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၁၁ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ဒေသဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျင်ဒွေးမြို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများအား လေယာဉ်သံကြားပါက ဗုံးခိုကျင်းများတွင် အမြန်ဝင်ရောက်ခိုလှုံကြရန် သတိပေးထားသည်။

ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လှုပ်ရှားမှုများ ဆက်လက်ရှိနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေပြီး လေကြောင်းပစ်ကူနှင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ် နေကြောင်း သိရသည်။ ဇွန်လ ၂၀ ရက် တစ်ရက်တည်းတွင်ပင် စစ်တပ်က ကန်ပက်လက်ဒေသအား တိုက်လေယာဉ်ဖြင့် ၈ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုထားသည်။ ယခင် ဧပြီလကုန်ပိုင်းတွင်လည်း ကျင်ဒွေးမြို့တံတားအား ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦး သေဆုံးခဲ့ဖူးသည်။

အလားတူ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာကိုလည်း ဇွန်လ ၂၀ ရက် ညနေပိုင်းတွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ လက်ရှိအချိန်အထိ အရပ်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးသော်လည်း အရပ်သားများနေထိုင်သည့် ကျေးရွာများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း သိရသည်။

#Kanpetlet #Kyindwe #ChinState #ChaungU #Airstrike #MyanmarConflict #MyanmarNews

ပခုက္ကူအခြေစိုက် စစ်တပ်တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ်တစ်ဦး COBRA ONE ထံ အလင်းဝင်

 

ဇွန် ၂၁

The Kaladan Post

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သား သစ် ပေါ်ဦးသည် ဇွန်လ ၁၈ ရက်နေ့တွင် အလင်းဝင်ရောက်လာခဲ့ကြောင်း COBRA ONE Pakokku တပ်ဖွဲ့ထံမှ သိရသည်။ ၎င်းသည် စစ်မှုထမ်းအပတ်စဉ် ၂၃ (ရကသ-၂) ရဲမွန်သင်တန်းဆင်းတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရဲမွန်စစ်မှုထမ်းသင်တန်းကျောင်းတွင် လေ့ကျင့်မှုခံယူခဲ့ရသူဖြစ်ပြီး  ထိုမှတစ်ဆင့် ပခုက္ကူမြို့သို့ ပို့ဆောင်ခံရပြီးနောက် ရခိုင်စစ်မြေပြင်သို့ စေလွှတ်ရန် စီစဉ်နေစဉ်အတွင်း ထွက်ပြေးလွတ်မြောက်ကာ COBRA ONE တပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်စဥ် လက်နက်ယူဆောင်လာခြင်းမရှိသော်လည်း လမ်းစရိတ်အတွက် အကူအညီများ ပေးအပ်ထားကြောင်း သိရသည်။ COBRA ONE တပ်ဖွဲ့က လက်ရှိအချိန်တွင် လူငယ်များသာမက အသက်ကြီးသူများနှင့် အမျိုးသမီးများကိုပါ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်မှုများရှိနေကြောင်း သတိပေးထားပြီး ပြည်သူများအနေဖြင့် သွားလာရာတွင် အထူးသတိထားကြရန် တိုက်တွန်းထားသည်။

၂၀၂၆ခုနှစ် ဇွန်လ ၁၅ ရက်နေ့ကလည်း  အလားတူ မကွေးတိုင်း ပခုက္ကူမြို့နယ် တပ်မ(၁၀၁) လက်အောက်ခံ (ခလရ-၂၃၅) တပ်မှ တပ်သားမြင့်သူအောင်နှင့် အောင်ဖြိုးသူ တို့သည် COBRAONEPakokku ထံသို့ ၁၄ရက်နေ့တွင်ဆက်သွယ်၍ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ စစ်မှုထမ်းတပ်သားများအနေဖြင့် လက်နက်နှင့်တကွ ယူဆောင်အလင်းဝင်လာနိုင်ပါက ထိုက်တန်သော ဆုကြေးငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့က အသိပေးထားသည်။

#Pakokku #COBRAONE #PeopleDefenseForce #MilitaryConscription #MyanmarConflict #MagwayRegion #MyanmarNews

ကရင်နီပြည်၏ သီးခြားလွတ်လပ်မှုသမိုင်းကို ပြန်လည်အမှတ်ရစေပြီး တော်လှန်ရေးအင်အားစုများ ညီညွတ်ရေးကို IEC တိုက်တွန်း

 

ဇွန် ၂၁

The Kaladan Post

၂၀၂၆ ခုနှစ် ဇွန်လ ၂၁ ရက်တွင် ကျရောက်သည့် (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့တွင် ကရင်နီ ပြည်၏ သီးခြားလွတ်လပ်မှုကို အသိအမှတ်ပြုခဲ့သည့် သမိုင်းဝင်သဘောတူညီချက်ကို ပြန်လည်အမှတ် ရစေပြီး မျိုးဆက်သစ်များအနေဖြင့် အမျိုးသားဂုဏ်သိက္ခာ၊ ကိုယ်ပိုင်လက္ခဏာနှင့် နိုင်ငံရေးအခွင့် အရေးများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားရန် တာဝန်ရှိကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထားသည်။ လက်ရှိတွင်လည်း ကရင်နီပြည်သည် အခြား တိုင်းရင်းသားအင်အားစုများနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်းပြောဆိုသည်။

ထို့အပြင် စစ်အုပ်စု၏ ဖိနှိပ်မှုများကို တွန်းလှန်ရင်း ကရင်နီပြည်ကြားကာလအစီအမံများအတိုင်း အုပ်ချုပ်ရေးယန္တရားများကို အဆင့်ဆင့်တည်ဆောက်နိုင်ခဲ့ပြီး ပိုမိုစနစ်ကျသည့် အုပ်ချုပ်ရေးစနစ် တစ်ရပ် ပေါ်ပေါက်လာစေရန် ဆက်လက်ဆောင်ရွက်နေကြောင်း IEC က ပြောကြားခဲ့သည်။ အနာဂတ် ကရင်နီပြည်တည်ဆောက်ရေးအတွက် ပြည်သူလူထု၊ နိုင်ငံရေးအင်အားစုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်လေးစားမှုကို အခြေခံကာ ဘုံရည်မှန်းချက်များ အောင်မြင်သည်အထိ လက်တွဲကြိုးပမ်းသွားရန်လည်း IEC က တိုက်တွန်းနှိုးဆော်ထားသည်။

တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အသက်ပေးလှူခဲ့ကြသည့်  အာဇာနည်သူရဲကောင်း များနှင့် လက်ရှိတော်လှန်ရေးတွင် ပါဝင်နေသူများ၏ ပေးဆပ်မှုများကို ဂုဏ်ပြုအလေးပြုခဲ့သည်။

#KarenniNationalDay #KarenniState #IEC #FederalDemocracy #KarenniPeople

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ စစ်လေးရှောင်နေရ

 

ဇွန် ၂၁

The Kaladan Post

မကွေးတိုင်း မြိုင်မြို့နယ် အနောက်တောင်ပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးလှုပ်ရှားမှုများ နှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံ များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၁ ရက် နံနက်ပိုင်းတွင် လက်ခုပ်ပင်ရွာနှင့် မြင်းကိုးသစ်ရွာအနီးတဝိုက်ကို Mi-35 ရဟတ်ယာဉ်ဖြင့် အနည်းဆုံး ၅ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ယခင်ရက်များအတွင်း မြဇီးတောရွာရှိ နေအိမ်များ၊ ဘုန်းကြီးကျောင်းဇရပ် များ၊ ယာဉ်များနှင့် စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် သာစည်ကျေးရွာမှ စစ်ဘေးရှောင် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် စစ်ကြောင်းသည် လက်ခုပ်ပင်ရွာအနီးတွင် ရောက်ရှိနေပြီး ဆက်လက်ရွေ့လျားမည့် ဦးတည်ရာကို မသိရှိရသေးသဖြင့် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။

#Myaing #MagwayRegion #Airstrike #MyanmarConflict #WarCrimes #IDPs

စစ်တပ်၏ အကြမ်းဖက်မှုများကို စကားလုံးများဖြင့် တားနိုင်မည်မဟုတ်ဟု ဦးကျော်မိုးထွန်း သတိပေး

 

ဇွန် ၂၁

The Kaladan Post

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ဇွန်လ ၁၉ ရက်က ကျင်းပသည့် မြန်မာ့အရေး အလွတ် သဘောအစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို စကားလုံးများဖြင့်သာ ရပ်တန့်နိုင်မည်မဟုတ်ကြောင်း သတိပေး ပြောကြားကာ ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာရသူ ၃ ဒသမ ၇ သန်းကျော်နှင့် လူသားချင်းစာနာအကူအညီ လိုအပ်သူ ၂၂ သန်းခန့်ရှိလာကြောင်းလည်း ထောက်ပြပြောဆိုခဲ့သည်။

သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့နှင့် တိုက်ဆိုင်သည့် “၈၁ အတွက် ၈၁” လှုပ်ရှားမှုကို ရည်ညွှန်းကာ သူမ၏ ကျန်းမာရေးနှင့် သက်ရှိထင်ရှားရှိမှုအခြေအနေကို လွတ်လပ်စွာ အတည်ပြုနိုင်ခွင့်မရှိသဖြင့် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေး တောင်းဆိုကြရန် မေတ္တာရပ်ခံခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် ၂၀၂၆ ခုနှစ်အတွင်း ပါရာမော်တာ၊ ဒရုန်းနှင့် ဂျိုင်ရိုကော်ပတာများကိုပါ အသုံးပြုကာ အရပ်သားဒေသများအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်နေကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြခဲ့ပြီး လက်နက်နှင့် လေယာဉ်ဆီတင်ပို့မှုများ ပိတ်ဆို့ရေး၊ လူသားချင်းစာနာထောက်ထားမှု ယန္တရားများ တိုးချဲ့ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အပါအဝင် ဒီမိုကရေစီအင်အားစုများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရေးတို့ကို အားပေးဆောင်ရွက်ရန် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုခဲ့သည်။

#KyawMoeTun #UnitedNations #MyanmarCrisis #FreePoliticalPrisoners #StopAirstrikes

ရွှေကူတိုက်ပွဲပြင်းထန်၊ မြို့ပေါ်အထိ လက်နက်ကြီးကျရောက်

 

ဇွန် ၂၁

The Kaladan Post

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ငါးဘတ်ကြီး၊ ပန်းတင်နှင့် ဝေခူးကျေးရွာများအနီးတွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ စစ်တပ်က Y-12 လေယာဉ်ဖြင့် မြို့ပြင် ဒေသများကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြို့ပေါ်ရပ်ကွက် များအထိ ထိခိုက်မှုများရှိလာပြီး အမှတ်(၁) ခုံခမ်းရပ်ကွက်ရှိ ကုလားဘုရားအနီးသို့ လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသဖြင့် ရွှေကူမြို့ အမှတ်(၁) နှင့် (၂) ရပ်ကွက်များတွင် လူသူသွားလာမှု နည်းပါးကာ စျေးဆိုင်များ ပိတ်ထားရပြီး ဖုန်းနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် သတင်းအချက်အလက်နှင့် အရေးပေါ်ဆက်သွယ်မှုများအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။ တိုက်ပွဲများ ပြင်းထန်နေချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး သည် လက်နက်များနှင့်အတူ KIA ထံ လာရောက်လက်နက်ချခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များက ပြောဆိုထားသည်။

#Shwegu #KIA #KachinState #MyanmarConflict #Airstrikes #MilitaryDefection #MyanmarNews

ကျောင်းပိတ်ရက်တွင် နွားကျောင်းရန်ထွက်လာသော ကလေးငယ် ၅ ဦးကို စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်

 

ဇွန် ၂၁

The Kaladan Post

မကွေးတိုင်း ရေစကြိုမြို့နယ် ကျောမကြားကျေးရွာအနီးတွင် ဇွန်လ ၁၉ ရက်နေ့က ရေစကြိုမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ် လှည့်ကင်းတစ်ခုသည် လယ်တောထဲ၌ နွားကျောင်းနေသည့် အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၅ ဦးကို အကြောင်းမဲ့ ခေါ်ယူရိုက်နှက်ခဲ့ကြောင်း Yesagyo Township Info Committee အသိပေးထားသည်။ ရိုက်နှက်ခံရသူများမှာ ရေစကြိုမြို့ အထက်တန်းကျောင်းတွင် G-7 နှင့် G-8 တက်ရောက်နေသည့် ကျောင်းသားများဖြစ်ပြီး ကျောင်းပိတ်ရက်အတွင်း မိဘများ၏ လုပ်ငန်းများကို ကူညီရန် နွားကျောင်းထွက်လာစဉ် ဖမ်းဆီးရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်သားများသည် ကလေးငယ်များကို မြေပြင်တွင် မှောက်ခိုင်းကာ ဦးခေါင်းများကို ခြေဖြင့်ဖိနင်းခြင်း များအထိ ပြုလုပ်ခဲ့ပြီး ကလေးများ၏ ဆွေမျိုးတစ်ဦးက ဒူးထောက်တောင်းပန်ခဲ့သော်လည်း အချိန် အတော်ကြာသည်အထိ လွှတ်ပေးခြင်းမရှိဘဲ နှိပ်စက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ လက်ရှိတွင် ကလေးငယ်များမှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ခံစားနေရ ကြောင်း သိရပြီး ရေစကြိုမြို့ရှိ စစ်သားများက နေ့စဉ် မူးရူးသောက်စားကာ ပြည်သူများအပေါ် ရိုက်နှက်နှိပ်စက်မှုများ၊ ငွေတောင်းယူမှုများနှင့် ပစ္စည်းများ သိမ်းယူမှုများ ကျူးလွန်နေကြောင်း Yesagyo Township Info Committee က ပြောဆိုထားသည်။

ထို့ပြင် မုံရွာမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၈၁ နှစ် ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းပန်ခဲ့သည့် အမျိုးသမီး ၁၅ ဦးနှင့် မွေးနေ့ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော အမျိုးသား လူငယ် ၂၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

#Yesagyo #MagwayRegion #ChildAbuse #MyanmarCrisis #HumanRights #WarCrimes #MyanmarNews