စက်တင် ၂၁၊ ၂၀၂၆

The Kaladan Post

အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ဒူဂျွမ် (Dujuan) သည် ဂျပန်နိုင်ငံ ပစိဖိတ် ကမ်းရိုးတန်းသို့ ဦးတည် ချဉ်းကပ်လာနေသဖြင့် တိုကျို အပါအဝင် အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ အေဂျင်စီက စက်တင်ဘာလ ၂၁ ရက် တနင်္လာနေ့တွင် သတိပေးလိုက်ပါတယ်။

မုန်တိုင်းသည် တနင်္လာနေ့နှောင်းပိုင်းတွင် တိုကျိုမြို့တော် ဧရိယာအနီးသို့ ဖြတ်သန်းသွားနိုင်ပြီး အခြေအနေများ လျင်မြန်စွာ ဆိုးရွားလာနိုင်ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီ (JMA) က ပြောကြားထားပါတယ်။ အထူးသဖြင့် တိုကျိုနှင့် အနီးတစ်ဝိုက် ခရိုင်များ ပါဝင်သည့် ကန်တို (Kanto) ဒေသတွင် တနင်္လာနေ့ မွန်းလွဲပိုင်းမှစ၍ မိုးသည်းထန်မှုများ ပိုမို အားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် စနေနေ့ကတည်းက အီဇု (Izu) ကျွန်းစုများ၊ ချီဘား (Chiba) ခရိုင်နှင့် အခြား ကမ်းရိုးတန်းဒေသများတွင် မိုးရေချိန် ၃၀၀ မီလီမီတာ (၁၂ လက်မ) ကျော်အထိ ရွာသွန်းခဲ့ပြီး ဖြစ်ပါတယ်။ အာဏာပိုင်များက မိုးသည်းထန်စွာ ရွာသွန်းစေသည့် မိုးတိမ်တန်းများ (Linear rain bands) ဖြစ်ပေါ်လာနိုင်ပြီး ရုတ်တရက် ရေကြီးရေလျှံမှု အန္တရာယ် မြင့်တက်လာနိုင်ကြောင်း သတိပေးထားပါတယ်။

မုန်တိုင်း ဝင်ရောက်လာမှုကြောင့် ဂျပန်နိုင်ငံ အလယ်ပိုင်း အအိချိ (Aichi) ခရိုင်တွင် ကျင်းပနေသည့် အာရှ အားကစားပြိုင်ပွဲမှ မြင်းစီးပြိုင်ပွဲ အစီအစဉ်ကို အင်္ဂါနေ့ (စက်တင်ဘာလ ၂၂ ရက်) သို့ ရွှေ့ဆိုင်းလိုက်ရကြောင်း ပွဲစီစဉ်သူများက ထုတ်ပြန်ထားပါတယ်။

Source – Reuters