ဩဂုတ် ၂၄၊ ၂၀၂၆

The Kaladan Post

မြန်မာနှင့် တရုတ်နိုင်ငံတို့ကြား အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ကူညီထောက်ပံ့ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ကို နှစ်နိုင်ငံ အကောက်ခွန် ဦးစီးဌာနများအကြား လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဩဂုတ်လ ၂၄ ရက်နေ့တွင် သိရပါတယ်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရွေးတုဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒါလီယန် (Dalian) မြို့၌ ဩဂုတ်လ ၂၀ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သည့် ၂၀၂၆ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် အကောက်ခွန် အဆင့်မြင့် ဆွေးနွေးပွဲသို့ တက်ရောက်စဉ် အဆိုပါ MoU ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပါတယ်။

အဆိုပါ MoU အရ နှစ်နိုင်ငံကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။ ဒါ့အပြင် အာရှ-ပစိဖိတ် ဒေသတွင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်သည့် AI နည်းပညာ၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုနှင့် ထောက်ပံ့ရေး လမ်းကြောင်း တည်ငြိမ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

Source – Eleven Media