ဩဂုတ် ၂၄၊ ၂၀၂၆
The Kaladan Post
ရုရှားဖက်ဒရယ်နိုင်ငံနှင့် ဘီလာရုစ်သမ္မတနိုင်ငံတို့သို့ တရားဝင် ခရီးစဉ်များ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံရွေးတုသမ္မတ ဦးမင်းအောင်လှိုင် နှင့် အဖွဲ့သည် ဩဂုတ်လ ၂၃ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း မြန်မာ့သတင်းစဉ် (MNA) က ထုတ်ပြန်လိုက်ပါတယ်။
ခရီးစဉ်အတွင်း ဦးမင်းအောင်လှိုင်သည် ရုရှားသမ္မတ မစ္စတာ ဗလာဒီမီယာ ပူတင်၊ ဘီလာရုစ်သမ္မတ မစ္စတာ အလက်ဇန်းဒါး လူကာရှန်ကို တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲများတွင် ဘက်စုံ စတိုရာတီဂျစ် မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအပြင် အာကာသ နည်းပညာ၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင် အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) များကို လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
ယင်းခရီးစဉ်တွင် ရွေးတုပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချိုချိုစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း နှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး အပါအဝင် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပါတယ်။ ရွေးတုသမ္မတနှင့် အဖွဲ့သည် ရုရှားနိုင်ငံ တူဗာပြည်နယ် ကီးဇီးလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ခြင်း ဖြစ်ပါတယ်။
နေပြည်တော် လေဆိပ်သို့ ပြန်လည် ရောက်ရှိချိန်တွင် ရွေးတုဒုတိယသမ္မတ ဦးညိုစော နှင့် နန်းနီနီအေး၊ ရွေးတုပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ရဲဝင်းဦး နှင့် ရုရှားသံရုံး တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။
Source – မြန်မာ့သတင်းစဉ် (MNA)