ဇူလိုင် ၃၁၊ ၂၀၂၆

The Kaladan Post

ဩစတြေးလျအစိုးရက ကမ္ဘာမှာ ပထမဆုံးအကြိမ်အဖြစ် အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပေမဲ့ နည်းပညာကုမ္ပဏီတွေဘက်က အသက်အရွယ် စစ်ဆေးမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ကလေး ၈၀ ရာခိုင်နှုန်းကျော်ဟာ အခုထိ ဆိုရှယ်မီဒီယာတွေကို ဆက်လက် အသုံးပြုနေဆဲဖြစ်ကြောင်း ဩစတြေးလျ အင်တာနက် ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့ (eSafety) က သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစလို့ အခုလို တင်းကျပ်တဲ့ ဥပဒေကို စတင်ကျင့်သုံးခဲ့ပေမဲ့ ၃ လအကြာမှာ ပြုလုပ်တဲ့ လေ့လာမှုတွေအရ ထိရောက်မှု အားနည်းနေတာကို တွေ့ရှိခဲ့ရတာပါ။

[eSafety] ရဲ့ အဆိုအရ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ကြား ကလေးအများစုဟာ ဥပဒေ မထွက်ခင်ကအတိုင်း ဆိုရှယ်မီဒီယာတွေကို ပုံမှန်အတိုင်း သုံးစွဲနေကြတာ ဖြစ်ပါတယ်။ အကောင့်ပိုင်ဆိုင်မှုနှုန်းဟာ ၅၂ ရာခိုင်နှုန်းကနေ ၄၂ ရာခိုင်နှုန်းကို အနည်းငယ် ကျဆင်းသွားပေမဲ့ အသုံးပြုသူ အရေအတွက်ကတော့ လျော့ကျသွားခြင်း မရှိပါဘူး။ eSafety က ထုတ်ပြန်ချက်မှာ အသက် ၁၆ နှစ်အောက် ကလေးအများစုဟာ အရင်ရှိပြီးသား အကောင့်တွေကို ဆက်သုံးနေကြသလို အကောင့်သစ်တွေလည်း ထပ်ဖွင့်နိုင်ကြပါတယ်။ အဓိက အကြောင်းရင်းကတော့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဟာ ထိရောက်တဲ့ အသက်အရွယ် စစ်ဆေးမှုစနစ်တွေကို အကောင်အထည် မဖော်နိုင်တာကြောင့်ပါပဲ” လို့ ဖော်ပြထားပါတယ်။

စစ်တမ်းမှာ ပါဝင်တဲ့ ကလေးတွေရဲ့ ထက်ဝက်လောက်က သူတို့ရဲ့ အကောင့်တွေကို ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေဘက်က အသက်အရွယ် လာရောက်စစ်ဆေးတာမျိုး လုံးဝ မရှိဘူးလို့ ဆိုကြပါတယ်။ လက်ရှိမှာ eSafety အဖွဲ့ဟာ Facebook၊ Instagram၊ Snapchat၊ TikTok နဲ့ YouTube တို့လို နာမည်ကြီး ပလက်ဖောင်း ၅ ခုက ဥပဒေကို လိုက်နာခြင်း ရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေပါတယ်။ ဩစတြေးလျ အစိုးရကလည်း ပြီးခဲ့တဲ့ ဇွန်လကတင် အခုပိတ်ပင်မှုကို လိုက်နာဖို့ ပျက်ကွက်တဲ့ နည်းပညာကုမ္ပဏီတွေကို ဒဏ်ရိုက်မယ့် ပမာဏကို နှစ်ဆ တိုးမြှင့်လိုက်သလို eSafety ရဲ့ စုံစမ်းစစ်ဆေးပိုင်ခွင့် အာဏာကိုလည်း ပိုမို တိုးမြှင့်ပေးခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံဟာ ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကာယ ကျန်းမာရေးအပေါ် ဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် အခုလို ပိတ်ပင်မှုကို လုပ်ဆောင်ခဲ့တာပါ။ ဒါကို ကမ္ဘာ့နိုင်ငံ အတော်များများကလည်း စံနမူနာအဖြစ် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အခု လေ့လာမှုဟာ ကလေးနဲ့ မိသားစုပေါင်း ၄,၀၀၀ ကျော်ကို အခြေခံပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး အခု ပိတ်ပင်မှုရဲ့ ရလဒ်တွေကို ၂ နှစ်ကြာအောင် ဆက်လက် လေ့လာသွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ Meta၊ Google နဲ့ TikTok တို့လို ကုမ္ပဏီကြီးတွေဘက်က ဒီထုတ်ပြန်ချက်အပေါ် တစ်စုံတစ်ရာ ပြန်လည် တုံ့ပြန်ခြင်း မရှိသေးပါဘူး။

သတင်း Source: Reuters