ဇွန် ၂၄၊ ၂၀၂၆

The Kaladan Post

 

နယူးယောက်ပြည်နယ်ရဲ့ ဒီမိုကရက်တစ်ပါတီတွင်း ရွေးကောက်ပွဲ (Congressional primaries) တွေမှာ အမေရိကန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီ (Zohran Mamdani) ကျောထောက်နောက်ခံပြုထားတဲ့ ဒီမိုကရက်တစ် ဆိုရှယ်လစ်အုပ်စုက ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲတွေ ရရှိခဲ့ပါတယ်။ ဒီရလဒ်အရ လက်ရှိလွှတ်တော်အမတ် နှစ်ဦးပါ ရှုံးနိမ့်သွားခဲ့ရပြီး မမ်ဒါနီ ရဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှုနဲ့ ဒီမိုကရက်တစ်ပါတီကို လက်ဝဲယိမ်းဖို့ ကြိုးပမ်းမှုတွေက အထင်အရှား ပေါ်လွင်လာခဲ့ပါတယ်။

အထူးခြားဆုံးအဖြစ် အမေရိကန်လွှတ်တော် ဟစ်စပန်းနစ် (Hispanic) အမတ်များအဖွဲ့ကို ဦးဆောင်နေပြီး ၅ ကြိမ်တိုင်တိုင် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံထားရတဲ့ အသက် ၇၁ နှစ်အရွယ် အက်ဒရီယာနို အက်စ်ပိုင်လတ် (Adriano Espaillat) ဟာ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ အသက် ၃၂ နှစ်အရွယ် ဒယ်ရီယာလီဇာ အဗီလာ ချီဗလီယာ (Darializa Avila Chevalier) ကို ရှုံးနိမ့်သွားခဲ့ပါတယ်။ အဗီလာ ဟာ ကိုလံဘီယာတက္ကသိုလ်မှာ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင် နှစ်ကြိမ်ဆက် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒန် ဂိုးလ်မန်း (Dan Goldman) ဟာလည်း မမ်ဒါနီ ထောက်ခံထားတဲ့ မြို့တော်စစ်ဆေးရေးမှူးဟောင်း ဘရက်ဒ် လန်ဒါ (Brad Lander) ကို ရှုံးနိမ့်ခဲ့ပါတယ်။ နောက်ထပ် မမ်ဒါနီ ရဲ့ မဟာမိတ်တစ်ဦးဖြစ်တဲ့ ပြည်နယ်လွှတ်တော်အမတ် ကလဲ ဗယ်လ်ဒက်ဇ် (Claire Valdez) ဟာလည်း အနားယူတော့မယ့် လွှတ်တော်အမတ် နီဒီယာ ဗီလာကွက်ဇ် (Nydia Velazquez) ကိုယ်တိုင် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အနိုင်ရရှိခဲ့ပါတယ်။

ဒီအနိုင်ရရှိသူ ကိုယ်စားလှယ်လောင်း သုံးဦးစလုံးဟာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်စောင့်ကြပ်ရေးအဖွဲ့ (ICE) ကို ဖျက်သိမ်းမယ်၊ အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ပြစ်တင်ရှုတ်ချမယ်၊ ပြီးတော့ ချမ်းသာသူတွေကို အခွန်ပိုကောက်မယ်ဆိုပြီး ကတိပေးထားသူတွေ ဖြစ်ပါတယ်။

ဒီအောင်ပွဲတွေနဲ့ ပတ်သက်ပြီး ဘရွတ်ကလင်း (Brooklyn) မှာ ကျင်းပတဲ့ အောင်ပွဲခံအခမ်းအနားမှာ အသက် ၃၄ နှစ်အရွယ် မြို့တော်ဝန် မမ်ဒါနီ က “လွန်ခဲ့တဲ့တစ်နှစ်က ဒါဟာ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုရဲ့ အဆုံးသတ်မဟုတ်ခဲ့ပါဘူး။ အစပြုမှုသာ ဖြစ်ခဲ့ပါတယ်။ လက်ရှိကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေဆီ ရောက်အောင်လုပ်ခဲ့တဲ့ နိုင်ငံရေးအဟောင်းတွေနဲ့တော့ ဒီအကျပ်အတည်းကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။” လို့ လူအုပ်ကြီးကို ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဝါရှင်တန်ဒီစီမှာတော့ အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ဟာကင်းမ် ဂျက်ဖရီးစ် (Hakeem Jeffries) က ဒီရလဒ်တွေအပေါ် သိပ်အရေးမကြီးဘူးလို့ သဘောထားတဲ့အကြောင်း မဲရုံတွေမပိတ်ခင်ကတည်းက ပြောဆိုခဲ့ပါတယ်။ ဂျက်ဖရီးစ် က “အောက်လွှတ်တော် ဒီမိုကရက်တစ်အမတ် ၂၁၅ ဦး ရှိပါတယ်။ ပြည်နယ်တစ်ခု၊ နှစ်ခုမှာ ကျင်းပတဲ့ ပါတီတွင်း ရွေးကောက်ပွဲ အနည်းငယ်ရဲ့ ရလဒ်တွေက အောက်လွှတ်တော် ဒီမိုကရက်တစ်တွေရဲ့ မူဝါဒကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။” လို့ ကက်ပီတိုလ်တောင်ကုန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မမ်ဒါနီ ရဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးခဲ့သူတွေထဲမှာ ပါဝင်တဲ့ အရှေ့ဟာလမ် (East Harlem) က အသက် ၄၇ နှစ်အရွယ် မဲဆန္ဒရှင် ဆာရာ ဟိုက်လာ (Sara Hyler) ကတော့ လက်ရှိအမတ် အက်စ်ပိုင်လတ် ဟာ အမေရိကန်-အစ္စရေး ပြည်သူ့ရေးရာကော်မတီ (AIPAC) ရဲ့ ငွေကြေးထောက်ပံ့မှုကို အများအပြား ရယူထားတာကို သိပြီးနောက်မှာ အဗီလာ ကို မဲပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ သူမက “အစ္စရေးကို ထောက်ခံပေမယ့် သူတို့အတွက် ကျွန်မတို့ ပိုက်ဆံပေးစရာ မလိုပါဘူး။” လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ အနားယူတော့မယ့် လွှတ်တော်အမတ် ဂျယ်ရီ နက်ဒ်လာ (Jerry Nadler) ရဲ့ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ရဲ့ မြေးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဂျက်ခ် ရှလော့စ်ဘာ့ဂ် (Jack Schlossberg) ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီမဲဆန္ဒနယ်မှာ ရှုံးနိမ့်သွားခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး အမြဲတမ်း ဝေဖန်လေ့ရှိတဲ့ သမ္မတ ဒေါ်နယ်ထရမ့် ကို အားပေးထောက်ခံသူ၊ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ Anthony Constantino ကတော့ နယူးယောက်ပြည်နယ်မြောက်ပိုင်း (New York’s 21st Congressional District) က ရီပတ်ဘလစ်ကန် (GOP) ပါတီတွင်း ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်အမတ် Robert Smullen ကို အနိုင်ရရှိသွားခဲ့ပါတယ်။

သတင်း Source: AP New