ဇူလိုင် ၃၊ ၂၀၂၆

The Kaladan Post

 

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီဟာ လာမယ့်သီတင်းပတ်အတွင်း နယူးဇီလန်နိုင်ငံဆီ ပထမဆုံးအကြိမ်အဖြစ် တရားဝင် လည်ပတ်သွားမှာ ဖြစ်တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာ လပ်ခ်ဆွန် (Christopher Luxon) က သောကြာနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ အိန္ဒိယဝန်ကြီးချုပ်တစ်ဦးအနေနဲ့ နှစ်ပေါင်း ၄၀ အတွင်း နယူးဇီလန်နိုင်ငံဆီ ပထမဆုံးအကြိမ် လာရောက်တာဖြစ်လို့ နှစ်နိုင်ငံဆက်ဆံရေးမှာ ထူးခြားတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် လပ်ခ်ဆွန်က ၎င်းရဲ့ ထုတ်ပြန်ချက်မှာ “ဝန်ကြီးချုပ် မိုဒီရဲ့ အခုခရီးစဉ်ဟာ အင်မတန် သမိုင်းဝင်ပါတယ်။ ဒါဟာ အိန္ဒိယဝန်ကြီးချုပ်တစ်ဦးအနေနဲ့ နယူးဇီလန်ကို နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ ခရီးစဉ်ဖြစ်ပါတယ်” လို့ ဂုဏ်ယူစွာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီဟာ ဇူလိုင်လ ၁၀ ရက်နေ့မှာ အော့ကလန် (Auckland) မြို့ကို ရောက်ရှိမှာဖြစ်ပြီး နောက်တစ်နေ့ဖြစ်တဲ့ ဇူလိုင် ၁၁ ရက်နေ့မှာတော့ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ နယူးဇီလန်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း နှစ်နိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (FTA) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသေးတယ်။ အဆိုပါ သဘောတူညီချက်အရ နယူးဇီလန်နိုင်ငံကနေ အိန္ဒိယကို တင်သွင်းတဲ့ ကုန်စည် ၉၅ ရာခိုင်နှုန်းအပေါ်မှာ အခွန်ကင်းလွတ်ခွင့် ပေးသွားမှာဖြစ်တဲ့အတွက် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာလည်း ပိုမိုအားကောင်းလာဖို့ ရှိနေပါတယ်။ အခုခရီးစဉ်ဟာ အဆိုပါ ကုန်သွယ်ရေး သဘောတူညီချက်တွေအပြီး နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း Source: Reuters