ဇွန် ၂၉၊ ၂၀၂၆

The Kaladan Post

 

မကြာသေးမီက အမေရိကန်နဲ့ အီရန်တို့ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့်လည်း အရှေ့အလယ်ပိုင်းက စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ရည်ရွယ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ (MoU) ဟာ အားနည်းလွယ်ပေမယ့် နှစ်ဖက်စလုံးက ယာယီအပစ်ရပ်ဖို့ သဘောတူထားပြီး သင်္ဘောတွေလည်း ဟော်မုဇ် (Hormuz) ရေလက်ကြားကနေ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်တယ်လို့ အမေရိကန်က ကြေညာထားပါတယ်။

အမေရိကန် တာဝန်ရှိသူတစ်ဦးက “MoU မှာပါတဲ့ ကိစ္စရပ်အားလုံးနဲ့ ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆက်လက်ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်မှာတော့ နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားမှာဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားနဲ့ အနီးတဝိုက်မှာ သင်္ဘောတွေ လွတ်လပ်စွာ သွားလာနိုင်ပါပြီ။” လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေကို ဘယ်တော့၊ ဘယ်နေရာမှာ ကျင်းပမယ်ဆိုတာကိုတော့ အတိအကျ မပြောသေးပေမယ့်၊ Axios သတင်းဌာနကတော့ အင်္ဂါနေ့ (ဇွန်လ ၃၀ ရက်) မှာ ကာတာနိုင်ငံမှာ ပြန်လည်စတင်မယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ (ဇွန်လ ၂၇ ရက်) က ဟော်မုဇ်ရေလက်ကြားအနီးမှာ ရေနံစိမ်းစည်ပေါင်း ၂ သန်း တင်ဆောင်လာတဲ့ ပနားမားအလံလွှင့် ကုန်တင်သင်္ဘော M/T Kiku ကို အီရန်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန်က လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ရဲ့ စစ်ရေးပစ်မှတ် ၁၀ ခုကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ဗဟိုကွပ်ကဲမှုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ထားပါတယ်။ ဒီနောက်မှာ အီရန် တော်လှန်ရေးအစောင့်တပ်ကလည်း ကူဝိတ် (Kuwait) နိုင်ငံ အလီအယ်လ်-ဆလမ် (Ali al-Salem) စစ်အခြေစိုက်စခန်းနဲ့ ဘာရိန်း (Bahrain) နိုင်ငံ ပို့တ်ဆယ်လ်မန် (Port Salman) ရေတပ်စခန်း (ပဉ္စမမြောက် ရေတပ်အခြေစိုက်စခန်း) တို့မှာရှိတဲ့ အမေရိကန်ရဲ့ အရေးကြီး စစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၈ ခုကို လက်တုံ့ပြန် ဖျက်ဆီးပစ်ခဲ့တယ်လို့ ကြေညာထားပြီး အမေရိကန်က ထပ်မံတိုက်ခိုက်လာရင် အပြင်းအထန် တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

ဒီလို အခြေအနေတွေကြားမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေ “အမေရိကန်လေယာဉ်တွေက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နောက်တစ်ကြိမ် ထပ်မံချိုးဖောက်ခဲ့တဲ့ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေ၊ ကမ်းရိုးတန်းရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။ သူတို့ (အီရန်) ဘယ်တော့မှ သင်ခန်းစာရမှာ မဟုတ်ဘူးဆိုတာ သေချာသလောက်ပါပဲ။ ကျွန်တော်တို့အနေနဲ့ အကျိုးသင့်အကြောင်းသင့် ပြောလို့မရတော့တဲ့ အခြေအနေတစ်ခု ရောက်လာရင်တော့ ကျွန်တော်တို့ အောင်မြင်စွာ စတင်ခဲ့တဲ့ အလုပ်ကို စစ်ရေးနည်းလမ်းနဲ့ပဲ အပြီးသတ်ရပါလိမ့်မယ်။ အဲဒီလိုသာ ဖြစ်လာခဲ့ရင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ ဆက်ရှိနေတော့မှာ မဟုတ်ပါဘူး။” လို့ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ရေးသားထားပါတယ်။

သတင်း Source: WION News