ဇွန် ၂၂၊ ၂၀၂၆
The Kaladan Post
ဗြိတိန်နိုင်ငံရေးလောကမှာ လက်ရှိဝန်ကြီးချုပ် ကီယာစတားမား (Keir Starmer) တစ်ယောက် သူ့ရဲ့ နိုင်ငံရေးအနာဂတ်နဲ့ပတ်သက်ပြီး အကြိတ်အနယ် စဉ်းစားနေရပြီဖြစ်ပါတယ်။ ပါတီတွင်း ပြိုင်ဘက်ဖြစ်သူ အန်ဒီ ဘန်ဟမ် (Andy Burnham) ရဲ့ ရွေးကောက်ပွဲအနိုင်ရလဒ်ကြောင့် အာဏာရ လေဘာပါတီတွင်းက အမတ်တွေနဲ့ ဝန်ကြီးအများအပြားဟာ ဝန်ကြီးချုပ် စတားမားကို ရာထူးကနေ ဖယ်ပေးဖို့ တီးတိုးဖိအားပေး တောင်းဆိုမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စတားမားအနေနဲ့ ရာထူးကနေ အေးအေးချမ်းချမ်း ဆင်းပေးမလား၊ ဒါမှမဟုတ် ပါတီခေါင်းဆောင်နေရာအတွက် ဘန်ဟမ်နဲ့ ယှဉ်ပြိုင်သွားမလားဆိုတာကို လာမယ့် တနင်္လာနေ့မှာ အမြန်ဆုံး ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က အင်္ဂလန်အနောက်မြောက်ပိုင်း Makerfield မဲဆန္ဒနယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အသက် ၅၆ နှစ်အရွယ် မန်ချက်စတာမြို့တော်ဝန်ဟောင်း အန်ဒီ ဘန်ဟမ် ဟာ လူကြိုက်များတဲ့ လက်ယာယိမ်း Reform UK ပါတီကို အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်နေရာကို ရယူနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝန်ကြီးချုပ် စတားမားဟာ ဗြိတိန်နိုင်ငံရေးသမိုင်းမှာ လူကြိုက်အနည်းဆုံးခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်နေပြီး ပြီးခဲ့တဲ့ မေလ ဒေသန္တရရွေးကောက်ပွဲတွေမှာလည်း လေဘာပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါတယ်။ စစ်တမ်းတွေအရ ပါတီတွင်း ခေါင်းဆောင်မှု ရွေးကောက်ပွဲလုပ်ခဲ့ရင်တောင် ဘန်ဟမ်ကပဲ အနိုင်ရဖို့ သေချာနေပါတယ်။ အကယ်၍ ဘန်ဟမ်သာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် ဗြိတိန်နိုင်ငံရဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သတ္တမမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။
လက်ရှိမှာတော့ စတားမားဟာ သူ့ရဲ့ ရာထူးကိစ္စနဲ့ပတ်သက်ပြီး မိသားစုနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ နီးစပ်သူတစ်ဦးက “ကီယာ (စတားမား) က ကိစ္စရပ်တွေအပေါ် သေချာအချိန်ယူ စဉ်းစားဆုံးဖြတ်လေ့ရှိသူပါ။” လို့ ပြောပါတယ်။ ဘန်ဟမ်နဲ့ ဆွေးနွေးပြီးရင်တော့ အခြေအနေတွေ ပိုမိုရှင်းလင်းသွားလိမ့်မယ်လို့လည်း အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။
Sky News သတင်းဌာန က ထုတ်ပြန်ထားရာမှာတော့ နိုင်ငံခြားရေးဝန်ကြီး ယဗက်တီး ကူးပါး (Yvette Cooper) ကိုယ်တိုင်က သီတင်းပတ်ကုန်ရက်အတွင်းမှာ စတားမားကို ရာထူးကနေဆင်းပေးဖို့ ပုဂ္ဂိုလ်ရေးအရ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ စီးပွားရေးဝန်ကြီး ပီတာ ကိုင်လ် (Peter Kyle) ကလည်း ဝန်ကြီးချုပ်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေအပေါ် သုံးသပ်နေပြီး နိုင်ငံတော်က သူ့ဆီကနေ ဘာတွေမျှော်လင့်နေသလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်နေတယ်လို့ LBC ရေဒီယိုကို ပြောကြားခဲ့ပါတယ်။ သူက ဆက်လက်ပြီး “ကျွန်တော့်အနေနဲ့ သူ (စတားမား) လောလောဆယ် ရင်ဆိုင်နေရတဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို ငြင်းဆိုသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှေ့လာမယ့်ရက်တွေမှာ ဘာမဆို ဖြစ်လာနိုင်ပါတယ်” လို့ ဖြေကြားထားပါတယ်။
ပါတီတွင်း ခေါင်းဆောင်သစ်ဖြစ်လာနိုင်ခြေရှိသူ ကျန်းမာရေးဝန်ကြီး ဝက်စ် စထရီးတင်း (Wes Streeting) ကို ထောက်ခံတဲ့ ဝန်ကြီးဟောင်း ဂျက်စ် ဖီးလစ်ပ် (Jess Phillips) ကလည်း BBC သတင်းဌာနကို ဖြေကြားရာမှာ “ကျွန်မတို့တွေ လမ်းဆုံးကို ရောက်သွားပြီလို့ ခံစားရပါတယ်။” လို့ ပြောကြားခဲ့ပြီး စတားမားအနေနဲ့ တတ်နိုင်သမျှ သိက္ခာရှိရှိ နုတ်ထွက်သွားဖို့က အကောင်းဆုံးဖြစ်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒီလို ပါတီတွင်း ဖိအားတွေကြားထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်ကနေ “ကီယာစတားမားဟာ ဗြိတိန်ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်သွားလိမ့်မယ်” လို့ ခန့်မှန်းရေးသားလိုက်ပါတယ်။ ဒါ့အပြင် စတားမားဟာ လူဝင်မှုကြီးကြပ်ရေးကို လျှော့ချရေးနဲ့ မြောက်ပင်လယ် ရေနံထုတ်လုပ်ရေးလုပ်ငန်း မြှင့်တင်ရေးတို့မှာ အကြီးအကျယ် ကျရှုံးခဲ့သူဖြစ်တယ်လို့လည်း ထရမ့်က ထပ်မံဝေဖန်ထားပါတယ်။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ စတားမားရဲ့ အစိုးရသက်တမ်းဟာ ၂၀၂၉ ခုနှစ်အထိ ရှိနေပေမယ့် လက်ရှိ အကျပ်အတည်းတွေကြောင့် အာဏာလွှဲပြောင်းရေးကိစ္စတွေကို အချိန်မရွေး မြင်တွေ့လာရနိုင်ခြေ ရှိနေပါတယ်။
သတင်း Source: Reuters